ရန်ကုန်တိုင်း ဒေသကြီးအတွင်း COVID-19 ရောဂါပိုး ကူးစက်ခံရမှု အစုလိုက် အပြုံလိုက်များသာ ဖြစ်လာမည်ဆိုလျှင် အဆိုပါ လူနာများအတွက် သေချာစွာ ပြင်ဆင်ထားပြီး ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောသည်။
ယင်းရောဂါနှင့် ပတ်သက်၍ ပညာရှင်တချို့က သုံးသပ်ထားသလို ဧပြီလကုန်ပိုင်းလောက်တွင် ပိုမို ဆိုးဝါးလာနိုင်သည့် ယူူဆချက်များကြောင့် လှည်းကူးမြို့နယ်ရှိ ဖောင်ကြီး ဗဟိုဝန်ထမ်း တက္ကသိုလ်တွင် ပထမအဆင့် အနေဖြင့် လူနာ ၂၄ဝ စာအတွက် ပြည့်စုံစွာ ပြင်ဆင်ထားကြောင်း ၎င်းက ဆက်ပြောသည်။
မိမိတို့ အစိုးရအဖွဲ့သည် ကနဦးတွင် ဝေဘာဂီဆေးရုံတွင် COVID-19 ရောဂါပိုး ကူးစက်ခံရသူများနှင့် သံသယရှိသူများ ထားရန် ပြင်ဆင်ခဲ့ပြီးနောက် မလုံလောက်တော့သဖြင့် တောင်ဥက္ကလာပမြို့နယ် ဗဟိုအမျိုးသမီး ဆေးရုံတွင် ထပ်မံ တိုးချဲ့ ခဲ့ကြောင်း၊ ထို့နောက် ယခုလို ဖောင်ကြီး တက္ကသိုလ်တွင် Medical Center အဖြစ် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း ၎င်းက ဆို သည်။
ဦးနိုင်ငံလင်းက “ပထမအဆင့် ဖောင်ကြီးမှာ ခုတင် ၂၄ဝ လောက်ကို လူနာထားနိုင်အောင် အပြည့်အစုံ ပြင်ထားတယ်။ တကယ်တမ်း ထားနိုင်မှာက ၄၈ဝ စာလောက် အထိကို ပြင်ဆင်မှာပါ။ လိုအပ်လာလို့ရှိရင် လူနာ၂ ထောင်လောက် အထိ ကို ဖောင်ကြီးမှာ ပြင်ဆင်ထားမှာပါ။ နောက်ပြီးတော့ ဟိုတယ် Quarantine၊ Factuality Quarantine တွေ အခုဆို ပြန် နေကြပြီ။ အဲဒီ လွတ်သွားတဲ့ နေရာတွေကိုလည်း အဆင်သင့် သုံးလို့ရအောင် ပြင်ဆင်မှာပါ။ အရေးပေါ် ICU လိုကတော့ အကန့်အသတ်တော့ ရှိမှာပေါ။ ဥပမာ လူ ၄ဝ စာလောက်ပေါ့။ အဲဒီလောက်ဆို လုံလောက်တယ်လို့ ယူဆတဲ့အတွက် ဆောင်ရွက်တာပါ” ဟု ပြောဆိုသည်။
လက်ရှိ အချိန်တွင် COVID-19 ရောဂါပိုး တွေ့ရှိခဲ့သည့် လူနာအမှတ် ၁၅ အလုပ် လုပ်ကိုင်ခဲ့သည့် အင်းယားလိပ် ဟိုတယ် ဝင်းတွင် Lockdown ချထားခြင်း ခံထားရသည့် သူများကို ဓာတ်ခွဲစစ်ဆေးရန် စီစဉ်နေပြီး၊ မိမိတို့နိုင်ငံအတွင်း လူအစုလိုက် အပြုံလိုက် ဖြစ်နိုင်ခြေ နည်းသေးသော်လည်း လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ကြောင်း ကျန်းမာရေး ဦးစီး ဌာန၏ COVID-19 နှင့် ပတ်သက်၍ အသစ် ထပ်မံဖွဲ့စည်းလိုက်သည့် COVID-19 ကာကွယ်ရေး အဖွဲ့၏ ပြောရေးဆိုခွင့် အဖွဲ့ ခေါင်းဆောင် ဒေါက်တာ သာထွန်းကျော် ပြောသည်။
COVID-19 ရောဂါပိုး ကူးစက်မှု ဖြတ်တောက်ရန်မှာ Quarantine လုပ်ခြင်းက ထိရောက်သော လုပ်ငန်းစဉ် ဖြစ်ကြောင်း၊ ထိုအတွက် Quarantine လုပ်ခြင်းနှင့် ပတ်သက်ပြီး ပြည်သူများအနေဖြင့် စနစ်တကျ လိုက်နာရန် လိုအပ်ကြောင်း၊ ထိုမှ သာ မိမိတို့ COVID-19 ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို ဖြတ်တောက်ရေးတွင် အောင်အောင်မြင်မြင် လုပ်နိုင်မည် ဖြစ် ကြောင်း ၎င်းက ဆက်ပြောသည်။
ဒေါက်တာ သာထွန်းကျော်က “Outbreak အစုလိုက် အပြုံလိုက် ဖြစ်လာဖို့ကတော့ လတ်တလောမှာ ကျနော်ဖြေဖို့ ခဲယဉ်း ပါတယ်။ ဖြစ်လာရင် ဆေးရုံတင် ကုသဖို့ ပြင်ဆင်ထားတယ်။ ဖွံ့ဖြိုးပြီး အနောက်နိုင်ငံတွေမှာတောင် ဖြစ်နေခဲ့တာ၊ ကျနော်တို့လို ဖွံ့ဖြိုးဆဲ ကိုယ့်နိုင်ငံမှာတော့ လောလောဆယ် ပိုးတွေ့တယ်ဆိုတာ ၂ဝ ကျော်လေးပဲ ရှိသေးတယ်။ ဒါကြောင့် ပြင်ဆင်ထားတာနဲ့ အဆင်ပြေနေသေးတယ်လို့ ပြောရမယ်” ဟု ဆိုသည်။
COVID-19 ရောဂါပိုးသည် တနေ့ထက် တနေ့ ပိုတွေ့လာနိုင်သည်ကို တွေးထားပြီး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ သို့ရာ တွင် မိမိတို့နိုင်ငံ အနေဖြင့် ခြေနိုင်လက်နိုင် အဆင့်တွင်ပင် ရှိနေသေးကြောင်း ကျန်းမာရေး ဦးစီးဌာန၊ ကူးစက်ရောဂါ တိုက် ဖျက်ရေးဌာနခွဲ၏ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ပြောသည်။
ထို့ပြင် မိမိတို့နိုင်ငံ အနေဖြင့် တရက်လျှင် ရောဂါပိုး ကူးစက်ခံရမှု ရှိမရှိ လူဦးရေ ၁၈ဝ အထိ စစ်ဆေးနိုင်ပြီဖြစ်ကြောင်း၊ သို့ရာတွင် Quarantine လုပ်ခံထားရသူတိုင်းကို စစ်ဆေးနေသည် မဟုတ်ဘဲ ထူးခြားသည့် ရောဂါလက္ခဏာများ ပြသလာ မှသာ စစ်ဆေးခြင်း ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ဒေါက်တာ ဒေါ်ခင်ခင်ကြီးက “နေ့စဉ် တိုးလာနိုင်ခြေကတော့ ရှိမှာပဲ။ အခု ကျမတို့မှာ လက်ချိုးရေတွက်လို့ ရတယ် ဆို ပေမယ့် ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာတောင် ဖြစ်နေတာကြောင့် ဆိုးဝါးတယ်လို့တော့ သုံးလို့ မရပါဘူး။ တိုးနိုင်ခြေကတော့ ရှိပါ တယ်။ ဒါပေမယ့် ခြေနိုင်လက်နိုင်ရှိတယ်။ ဒါဟာ ထိန်းချုပ်စရာလည်း မလိုပါဘူး။ အဲဒီလို ထိန်းချုပ်တယ်ဆို ဘယ်သူ့မှ အကျိုးလည်း မရှိဘူး။ ကျမတို့ဆီမှာသာ ဖိအား ထပ်ဖြစ်လာဖို့ပဲရှိတယ်” ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် စောင့်ကြည့်လူနာနှင့် သံသယလူနာ ၈၈၁ ဦး ရှိပြီး COVID-19 ရောဂါပိုး တွေ့ရှိသူ ၂၃ ဦး ရှိကြောင်း၊ ထို အထဲမှ သေဆုံးသူ ၃ ဦးနှင့် ဆေးစစ်ချက် အဖြေအရ ပိုးမတွေ့သူ ၈၁၉ ဦးနှင့် ဆေးစစ်ချက် အဖြေ စောင့်ဆိုင်းနေရသူ ၄ဝ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ပိုးတွေ့သူများထဲမှ ပြန်လည် သက်သာလာသူ ၁ ဦး ရှိပြီး မန္တလေး ကန်တော်နဒီ ဆေးရုံတွင် ဆက်လက်ကုသမှု ခံယူနေ ကြောင်း၊ ၎င်း၏ အဖြေသည် COVID-19 ရောဂါပိုး တွေ့ရှိခဲ့သော်လည်း ရောဂါကုသမှု ပျောက်ကင်းသွားသည့်အတွက် ပထမအကြိမ် နောက်ဆုံး ဆေးစစ်ချက်တွင် Negative ဖြစ်ခဲ့သော်လည်း နောက်တကြိမ် Negative ဖြစ်မှသာ ဆေးရုံမှ ဆင်းခွင့်ပြုမည်ဟု ဒေါက်တာ ခင်ခင်ကြီးက ပြောဆိုသည်။
COVID-19 ရောဂါပိုး ကူးစက်ခံရသူသည် တကမ္ဘာလုံးတွင် ၁ သန်း ၃ သိန်းကျော်အထိ ရောက်ရှိနေပြီး သေဆုံးသူ ၈ သောင်းနီးပါး အထိ ရောက်ရှိလာပြီဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတင်းထုတ်ပြန်ထားသည်။
ထိုအထဲတွင် အမေရိကန် နိုင်ငံသည် အဆိုးဝါးဆုံး အဆင့်ထိ ခံစားနေရပြီး ကူးစက်ခံရသူ ၃ သိန်းကျော်နှင့် သေဆုံးသူ ၁ သောင်းကျော် အထိ ရောက်ရှိနေပြီ ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်
ရန်ကုန်၊ နေပြည်တော်နှင့် ကသာတွင် Quarantine ဝင်နေရသူများ ရက်ပြည့်၍ နေရပ်ပြန်