မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အောင်ချမ်းသာကျေးရွာအုပ်စု၊ ရွှေကျင်ကွက်သစ်ရှိ အေးငြိမ်းနိဗ္ဗာန် လူမှုကူညီရေး အသင်း ရုံးတွင် ဖွင့်လှစ်ထားသော Facility Quarantine နေရာသို့ ဝင်ရောက် တိုက်ခိုက်သူများအား ဧပြီ ၉ ရက်နေ့က ဖမ်းဆီးလိုက်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေဖြင့် အမှုဖွင့်တရားစွဲတင်ထားကြောင်း ပုသိမ်ကြီးမြို့နယ် မြို့မရဲစခန်းမှ သိရသည်။
ပုသိမ်ကြီးမြို့မရဲစခန်းမှုး ဒုရဲမှုးဇင်မင်းသန့် က “၄ ဦး ဖမ်းမိထားပါပြီ၊ သူတို့ကို ၂၀၁၃ သဘာဝဘေး အန္တရာယ် ဆိုင်ရာဥပဒေပုဒ်မ ၂၅ နဲ့အမှုဖွင့်ထားပါတယ်၊ ဒီနေ့ပဲ တခါတည်း တရားစွဲတင်သွားမှာပါ” ဟု ပြောသည်။
ပုဒ်မ ၂၅ တွင် မည်သူမဆို ဆန်းစစ်ချက် မပြုလုပ်ဘဲ ပေါ့ဆစွာ ဆောင်ရွက်မှုတခုခုကြောင့်ဖြစ်စေ၊ ဘေးအန္တရာယ် တစုံတရာကျရောက်နိုင်သည်ကို သိလျှက်နှင့် တမင်ပြုလုပ်မှုကြောင့် ဖြစ်စေ သဘာဝဘေး အန္တရာယ်ဖြစ်ပေါ်လျှင် သို့မဟုတ် ဖြစ်ပေါ်စေရန် အကြောင်းရှိလျှင် ထိုသူကို သုံးနှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပုသိမ်ကြီးမြို့နယ်၊ အောင်ချမ်းသာကျေးရွာအုပ်စု၊ ရွှေကျင်ကွက်သစ်မှ ပြည်တွင်းခရီးသွားရာမှ ပြန်လည် ရောက်ရှိသူ ၈ ဦးကို အေးငြိမ်းနိဗ္ဗာန် လူမှုကူညီရေးအသင်းရုံးတွင် ဖွင့်လှစ်ထားသော Facility Quarantine တွင် စောင့်ကြည့်လူနာအဖြစ် ထားရှိထားသည်။
ဧပြီလ ၆ ရက်နေ့ ညနေပိုင်းက အဆိုပါနေရာသို့ အမည်မသိလူငယ် ၆ ဦးသည် ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး စောင့်ကြည့် လူနာများ အပါအဝင် အသင်းရုံး အတွင်းရှိသူများအား လေးခွဖြင့်ပစ်ခြင်း၊ ခဲဖြင့်ထုခြင်း၊ ကန်ကြောက်ခြင်း များကို ပြုလုပ်ခဲ့ကြသည်။
အောင်ချမ်းသာကျေးရွာအုပ်ချုပ်ရေးမှုး ဦးမောင်က “ဝင်းထွန်းပါ ၆ ယောက် လူငယ်တစုပေါ့၊ ဆိုင်ကယ် သုံးစီးနဲ့ လာတယ်၊ အဲဒီလူတစုကနေပြီး ကျန်းမာရေးစင်တာ အတွင်းကို ဝင်တာ၊ ဟိုကမဝင်ပါနဲ့လို့ပြောတယ်။ ပြောတဲ့လူက ပြောနေတဲ့ အချိန်မှာ ကျန်းမားရေး စင်တာ စောင့်ကြည့်နေသူ တယောက်က ဂိမ်းဆော့နေတာ၊ အဲဒါကို သူတို့ကို video ရိုက်ပါတယ်ဆိုပြီး လက်သီးနဲ့ဝင်ထိုးတာ၊ မဟုတ်ဘူး ပြောတာကို လက်သီးနဲ့ဝင်ထိုးတယ်၊ ဝင်ထိုးလို့ သူကလှည့်နေတုန်းရှိသေးတယ်၊ ကုံးသီးကို ဂွနဲ့ပစ်တာပေါ့” ဟု ပြောသည်။
ထိုကဲ့သို့ ဝင်ရောက်ရမ်းကားမှုကြောင့် စောင့်ကြည့်လူနာ ၂ ဦးတွင် နောက်ကျောတွင် ထိခိုက်ဒဏ်ရာရရှိခြင်း၊ ညာဘက်ညှပ်ရိုး ဒဏ်ရာရရှိခြင်းများကြောင့် ပုသိမ်ကြီးမြို့နယ် ကျန်းမာရေးနဌာတွင် ဆေးဝါးကုသမှုခံယူခဲ့ရကြောင်း သိရသည်။
အေးငြိမ်းနိဗ္ဗာန်လူမှုကူညီရေးအသင်းမှ ကိုသက်နိုင်ထွန်း က “ကလေးတွေက အသက်က ဆက်ကျော်သက်လေးတွေ၊ သောက်စားမူးယစ်နေကြတဲ့သူတွေပါ၊ သူတို့က နဂိုကတည်း ဟော့ဟော့ရမ်းရမ်း ရမ်းကားတတ်တဲ့သူတွေပါ၊ ဖြစ်စဉ်မတိုင်ခင် အရင်ရက်ကလည်း စခန်းမှာ ချိတ်ထားတဲ့ မဝင်ရဆိုတဲ့ဆိုင်းဘုတ်တွေကိုလည်း ဖျက်ဆီး ခဲ့ပါသေးတယ်” ဟု ပြောသည်။
အဆိုပါအမှုကို ကျူးလွန်ကြသူများမှာ အသက်မပြည့်သေးသည့် ဆယ်ကျော်သက်အရွယ် လူငယ်လေးများဖြစ်နေပြီး ဖမ်းဆီးရမိသူတို့ကို (ပ) ၂၁၁/၂၀၂၀ ပုဒ်မ ၂၀၁၃ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် ပုသိမ်ကြီးမြို့မ ရဲစခန်းတွင်အမှုဖွင့် တရားစွဲဆိုထားကြောင်း သိရသည်။
You may also like these stories:
COVID-19 အစုပြုံလိုက် ကူးစက်ခံရလျှင် ကုသရန် ပြင်ဆင်ထားဟု ရန်ကုန်တိုင်းအစိုးရ ပြော
VOM သတင်းဌာန အယ်ဒီတာချူပ် ပြန်လွတ်လာ