သတင်း

မွန်ပြည်နယ်တွင် ဆေးရုံ Quarantine ဝင် ထိုင်းပြန် ၃ ဦး သေဆုံး

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်နေသော မြန်မာရွှေ့ပြောင်းလုပ်သားများ အများဆုံးပြန်လာသည့် ပြည်နယ်တခုဖြစ်သော မွန်ပြည်နယ်တွင် ယနေ့ နံနက်ပိုင်းက ဆေးရုံ Quarantine ဝင်နေသူ ၃ ဦး သေဆုံးသွားကြောင်း သိရသည်။

အဆိုပါက လူနာ ၃ ဦးသည် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာသူများဖြစ်ပြီး မွန်ပြည်နယ် သံဖြူဇရပ် တွင် ၂ ဦး နှင့် သထုံ တွင် ၁ ဦး တို့ ဖြစ်ကြောင်း ယင်းမြို့များမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များက ဧရာဝတီ သို့ အတည်ပြုသည်။

သထုံမြို့မှ သေဆုံးသွားသော လူနာအမျိုးသားသည် မတ်လ ၈ ရက်နေ့တွင် မြန်မာနိုင်ငံသို့  ပြန်လည်ရောက်ရှိ လာသူ ဖြစ်ပြီး ရက် ၂၀ ကျော်ကြာမှ COVID-19 ရောဂါလက္ခဏာများဖြစ်ပေါ်လာပြီး ဆေးရုံသို့ အချိန်မှီမေ ရာက်ရှိခြင်းကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း သထုံမဲဆန္ဒနယ် အမှတ် ၂ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူ က ပြောသည်။

၎င်းက “ဒီလူဆိုရင် နယ်စပ်ဂိတ်တွေက ဘယ်လောက်ပိတ်ပိတ်ပေါ့။ ယိုပေါက်တွေက ဝင်လာတဲ့သူဖြစ်တယ်။ ပြီးတော့ သူက ခရီးသွားရာဇဝင်ကိုလည်း လိမ်ပြီး တိုင်းရင်းသားဆေးခန်းပြပြီး နေပြီးတော့မှ နောက်ဆုံးမှာ  ဆေးရုံရောက်လာတဲ့ အခြေအနေမျိုးပါ” ဟု ဆိုသည်။

ကျိုက်ထို၊ ဘီလင်း၊ ချောင်းဆုံ၊ ရေး၊ အပေါင် မြို့နယ်များတွင် ယခင်ရက်ပိုင်းက ဆေးရုံ Quarantine ဝင်သူထဲမှ ၁၀ ဦးခန့် သေဆုံးထားမှုရှိကြောင်း သထုံမဲဆန္ဒနယ်အမှတ် ၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်  ဒေါ်ခိုင်ခိုင်လဲ့က ဧရာဝတီသို့ ပြောသည်။

ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ဧပြီလ ၁၀ ရက်နေ့ နောက်ဆုံး ထုတ်ပြန်ထားချက်အရ မွန်ပြည်နယ်တွင် ကျိုက်မရောမှ လူနာတဦးသာ COVID-19 ရောဂါရှိပြီး ကျန်သူများမှာ အားလုံး negative ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ထားသည်။

ဒေါ်ခိုင်ခိုင်လဲ့က “အခုသေဆုံးတဲ့ လူနာအတွက် အဖြေကတော့ ဒီနေ့ညမှာ ထုတ်ပြန်မယ်ထင်တယ်။ သူက ဧပြီလ ၆ ရက်နေ့မှာ ဆေးရုံတက်ပြီး ဒီနေ့ သေဆုံးတာပေါ့။ သူတို့ဘာလို့ ခရီးသွားရာဇာဝင်ကို ဖုံးကွယ်ရလဲ ဆိုတာ ဘယ်လိုမှ နားလည်လို့မရဘူး” ဟု ဆိုသည်။

၎င်းက ဆက်၍ “ဒါက positive၊ negative ဆိုတာက နောက်မှပါ လတ်တလောအားဖြင့် သူတို့ ဒီလိုလုပ်တဲ့ အတွက် ဆေးရုံက ကျန်းမာရေး ဝန်ထမ်းတွေ အပြင်မှာ သူသွားကုလိုက်တဲ့ ဆရာဝန်တွေ အများကြီး ပဲလေနော် ကာဗာရှိတဲ့သူရှိမယ် ကာဗာမရှိတဲ့သူရှိမယ်ပေါ့ ကျမကတော့ ပြည်ပပြန်လာကြတဲ့ သူတွေအနေနဲ့ ကိုယ့်ကျင့်ဝတ်ကို ကိုယ်ထိန်းပေးဖို့ မေတ္တာရပ်ခံချင်တယ်” ဟု ပြောဆိုသည်။

သံဖြူဇရပ်မြို့တွင် ယနေ့ သေဆုံးသွားသော လူနာ ၂ ဦးတွင် ၁ ဦးမှာ ထိုင်းနိုင်ငံမှ ပြန်ရောက်ပြီး အစိုးရက သီသန့် စောင့်ကြည့်နေရာတွင် Quarantine အသက် ၂၀ ဝန်းကျင်အမျိုးသမီးတဦးဖြစ်ပြီး ၎င်းသည် နှလုံးရောဂါ အခံရှိခြင်းကြောင့် ဧပြီလ ၅ ရက်နေ့တွင် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ယနေ့တွင်သေဆုံး သွားခြင်းဖြစ်ကြောင်း သံဖြူဇရပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဉာဏ်ဟိန်းက ပြောသည်။

အခြား သေဆုံးသူ ၁ ဦး၏ အချက်အလက်ကို လတ်တလောတွင် မသိရှိရသေးကြောင်း ၎င်းက ဆိုသည်။

ယင်းကိစ္စ နှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်များရရှိရန် ဧရာဝတီက မော်လမြိုင်ဆေးရုံအုပ်ထံသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍မရှိခဲ့ပေ။

ဧပြီလ ၁၀ ရက်နေ့ နေ့လည်ပိုင်းက မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဓာတ်ခွဲစစ်ဆေးမှုအဖြေ ထုတ်ပြန်ချက်အရ ယနေ့မနက်ပိုင်းက သေဆုံးသွားသည့် အထက်ပါ လူနာအမျိုးသမီး အပါအဝင် ဆေးရုံ Quarantine ဝင်နေသူ ၁၄ ဦးစလုံးတွင် COVID 19 ရောဂါပိုးမရှိကြောင်း သိရသည်။

ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ဧပြီလ ၁၀ ရက်နေ့ နံနက် ၃ နာရီ နောက်ဆုံးထုတ်ပြန်ထားချက်အရ မွန်ပြည်နယ်တွင် ကျိုက်မရောမြို့နယ် ပြည်သူ့ဆေးရုံတွင် (HQ) လူနာအဖြစ် တက်ရောက်နေသော ၂၄ နှစ် အမျိုးသမီးတဦးသာ COVID-19 ရောဂါပိုး တွေ့ရှိထားသေးသည်။

ယခုအချိန်တွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိထားသော မြန်မာအလုပ်သမား အများစုသည် အစိုးရ၏ သီးသန့်စောင့်ကြည့်ကာလ ၁၄ ရက်ပြည့်၍ မိမိနေရပ်သို့ ပြန်ခွင့်ရတော့မည့်ဖြစ်သော်လည်း မိမိ နေအိမ်တွင် ထပ်မံစောင့်ကြည့် နေထိုင်ကြရန် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက သတိပေးထားသည်။

မွန်ပြည်နယ်တွင် ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော ရွှေ့ပြောင်းလုပ်သား ဦးရေသည် အနည်းဆုံး ၂ သောင်းဝန်းကျင်အထိ ရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ COVID-19 ရောဂါပိုး တွေ့ရှိသူ ၂၇ ဦးအထိ ရှိလာပြီး သေဆုံးသူ ၃ ဦးအထိ ရှိနေပြီဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading