သင်္ကြန်ကာလ အတွင်း ပုံမှန် ဝင်ငွေမရှိသည့် အခြေခံ လူတန်းစား စာရင်းကောက်ယူရာတွင် ပျဉ်းမနားမြို့ရှိ အိမ်ထောင်စု ၂၇၄၂၈ အား ကျပ်သိန်း ၄ ထောင်ဖိုးခန့် ထောက်ပံ့ပေးသွားကြောင်း သတင်း ရရှိသည်။
ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသိုက်ဝေဖြိုးက “စာရင်း မှားကောက်ခဲ့တဲ့အခါမှာ နာမည်တူတာမျိုး၊ စာရင်း မှားထည့်လို့ ပြင်ရတာ ရှိပါတယ်။ ကျနော်တို့ မြို့နယ်အတွက် စုစုပေါင်း သိန်းလေးထောင်ဖိုးလောက် ခန့်မှန်းထားပါတယ်။ နိုင်ငံတော်က ထောက်ပံ့လို့ အခြေခံ လူတန်းစားတွေလည်း ပျော်နေကြပါတယ်” ဟု ပြောသည်။
ပျဉ်းမနားမြို့နယ်တွင် ပုံမှန် ဝင်ငွေမရှိသည့် အခြေခံ လူတန်းစား စာရင်းမှာ အိမ်ထောင်စုပေါင်း ၂၇၄၂၈ စု ရှိပြီး၊ လက်ရှိ အချိန်ထိ စာရင်းဝင် အိမ်ထောင်စု အားလုံးအတွက် ထောက်ပံ့ပစ္စည်များ အလုံအလောက် မရောက်ရှိသေးသော်လည်း ယနေ့ မှ စတင်၍ ၁၂ ရက် အတွင်း အဆိုပါ စာရင်းဝင် အိမ်ထောင်စု အားလုံးထံသို့ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးသွားမည် ဟု ၎င်းက ဆိုသည်။

ပျဉ်းမနားမြို့ ရန်အောင်(၂) မှ အနှေးယာဉ် (ဆိုက်ကား) သမားတဦး ဖြစ်သူ ဦးမြင့် က “စာရင်းကောက်တဲ့ အထဲတော့ ပါ တယ်။ ပေးရင်တော့ ကျေးဇူးတင်မှာပါ။ ပုံမှန် ဝင်ငွေ မရှိလို့ အိမ်လခတောင် ပေးစရာမရှိ ဖြစ်နေတဲ့ အခြေအနေဖြစ်နေ တာ” ဟု ဧရာဝတီသို့ ပြောသည်။
အခြေခံ လူတန်းစားများ အတွက် ဆန်၊ဆီ၊ဆား အပါအဝင် ထောက်ပံ့ကူညီမှု ၅ မျိုးကို ဧပြီလ ၁၀ ရက်မှ စတင်ပြီး အခမဲ့ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးမှ ဧပြီ ၆ ရက် ညနေပိုင်းက ထုတ်ပြန်ထားသည်။
ပျဉ်းမနားမြို့နယ်တွင် အိမ်ထောင်စုပေါင်း ၄ သောင်းကျော် ရှိပြီး ယခု စာရင်းဝင် အိမ်ထောင်စုမှာ ၂၇၄၂၈ စု ဖြစ်သဖြင့် ၅၀ ရာခိုင်နှုန်းကျော်ထိ ထောက်ပံ့မှုများ ပေးအပ်ရမည် ဟု သိရသည်။

ပျဉ်းမနားမြို့ ရွာသစ် အုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်းက “စာရင်းကောက်တဲ့အခါမှာ သူတို့ ဘာကြောင့်မပါတာလဲ မေး တဲ့သူတွေ ရှိတယ်။ သေချာရှင်းပြတော့လည်း အများစုက လက်ခံပါတယ်။ ပြဿနာ တက်တာမျိုးတော့ မရှိပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ စာရင်းကောက်ယူရာတွင် ပြဿနာ တစုံတရာပေါ်ပေါက်ခြင်း မရှိသော်လည်း မင်္ဂလာရပ်ကွက်နှင့် တောင်သာရပ် ကွက်များတွင်မူ မပါသင့် မပါထိုက်သူများ ပါဝင်လာ၍ စာရင်း ဖယ်ခဲ့ရကြောင်း၊ မပါသင့်သူများမှာ နာမည်တူများအား စာ ရင်း မှားကောက်သည့် ဖြစ်စဉ်မျိုးသာ ရှိကြောင်း ဦးသိုက်ဝေဖြိုးက ဆိုသည်။

နေပြည်တော် ၈ မြို့နယ်တွင် လူဦးရေ ၁ သန်းကျော် ရှိပြီး၊ နေထိုင်သည့် လူဦးရေ ထက်ဝက်ခန့်မှာ ကျေးရွာများတွင် နေ ထိုင်ကြောင်း နေပြည်တော် စည်ပင်သာယာရေး ကော်မတီ၏ စာရင်းများ အရ သိရသည်။
ထို့ပြင် အိမ်သုံး အမျိုးအစား လျှပ်စစ်ဓာတ်အား သုံးစွဲမှု ၁၅၀ ယူနစ် အထိ ငွေကြေး ကောက်ခံမှုကိုလည်း ဧပြီလကုန်အထိ ကင်းလွတ်ခွင့် ပြုမည်ဟုလည်း နိုင်ငံတော် အတိုင်ပင်ခံရုံး၏ ထုတ်ပြန်ချက်၌ ပါရှိသည်။
ဆက်စပ်ဖတ်ရှုရန်-
အလုပ်လက်မဲ့ အထည်ချုပ် အလုပ်သမားများအတွက် အီးယူ တိုက်ရိုက် ထောက်ပံ့မည်
ဆန်ကိုမလို ငွေကိုလိုသည် သို့မဟုတ် ဆန်ဆီဆား ထောက်ပံ့ရေး ပေါ်လစီအား သုံးသပ်ခြင်း