ဧရာဝတီတိုင်းဒေသကြီးတွင် ဧပြီလ ၁၂ ရက်နေ့တွင် စတင်ကျရောက်မည့် မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန် ကာလအတွင်း ရေပက်ရန် အုန်းလက်မဏ္ဍပ်အပါအဝင် သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်ခြင်းနှင့်
လူစု၍ ရေပက်ခံကားဖြင့် သင်္ကြန်လည်ခြင်းများကို ဧရာဝတီတိုင်းဒေသကြီးအစိုးရက ပိတ်ပင်ထားကြောင်း သတင်းရရှိသည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့် က “သင်္ကြန်ကာလမှာ လမ်းပေါ်မှာ အုန်းလက်မဏ္ဍပ်ကအစ ဘယ်လိုမဏ္ဍပ်မျိုးမှ ခွင့်မပြုပါဘူး။ လူအစုလိုက် ကားနဲ့သင်္ကြန်လည် တာလည်း ကျနော်တို့ ခွင့်မပြုပါဘူး။ အခုလိုလုပ်ရတာက သင်္ကြန်ရက်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို တားဆီး ကာကွယ်ဖို့အတွက် လူစုလူဝေး မဖြစ်ပေါ်စေဖို့အတွက်ဆောင်ရွက်တာ ဖြစ်ပါတယ်”ဟု ဧရာဝတီကို ပြောသည်။
မြန်မာ့ရိုးရာ နှစ်သစ်ကူးအတာသင်္ကြန်မှာ ဧပြီလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အထိ ၅ ရက်တာ ကျရောက်မည် ဖြစ်သော်လည်း ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် ကိုဗစ် – ၁၉ ရောဂါ တားဆီးကာကွယ်ရေးအတွက် ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့က တိုင်းအတွင်း၌သင်္ကြန်ပွဲများ မကျင်းပရန် ပြီးခဲ့သည့်မတ်လအတွင်းက ဆုံးဖြတ် ခဲ့သည်။
ထို့နောက် ဧပြီလ ၈ ရက်နေ့တွင် ဧရာဝတီတိုင်းအတွင်း အုန်းလက်မဏ္ဍပ်အပါအဝင် သင်္ကြန်မဏ္ဍပ်များ မဆောက်လုပ်ရန်နှင့် လူစု၍ ရေပက်ခံကားဖြင့် သင်္ကြန်လည်ခြင်း မပြုလုပ်ရန် တိုင်းအစိုးရက ဆုံးဖြတ်ခဲ့ပြီး လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဥပဒေအရ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဟု ဧရာဝတီတိုင်း အစိုးရအဖွဲ့က ပြောသည်။
စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့် က “တားမြစ်ချက်တွေကို လိုက်နာဆောင်ရွက်ခြင်း မရှိရင်တော့ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေများနဲ့ မလွဲှမရှောင်သာ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပြည်သူများအတွက် ကိုရိုနာရောဂါ တားဆီး ကာကွယ်ရေး ဆောင်ရွက်တာဖြစ်လို့ အားလုံး ပူးပေါင်းဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံပါတယ်”ဟု ပြောသည်။
၁၉၉၅ ခုနှစ်က ပြဌာန်းခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ပြင်ဆင်ခဲ့သည့် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေ အရ ကျန်းမာရေးဝန်ကြီးဌာနမှ လုပ်ပိုင်ခွင့် အပ်နှင်းခြင်းခံရသော အဖွဲ့အစည်း (သို့မဟုတ်) အရာရှိသည် ကူးစက်ရောဂါ ထိမ်းချုပ်ရေးနှင့်ပတ်သတ်သည့် အမိန့်ထုတ်ပြန်နိုင်ပြီး အဆိုပါအမိန့်ကို ဖောက်ဖျက်ကျူးလွန် ကြောင်း ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ် ၆ လအထိဖြစ်စေ၊ ငွေဒဏ် ၅ သောင်းကျပ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။
ထို့ပြင် ၂၀၁၃ ခုနှစ်တွင် ပြဌာန်းခဲ့သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ တာဝန်ပေးအပ် ထားသော ဌာနဆိုင်ရာအဖွဲ့အစည်း (သို့မဟုတ်) ပုဂ္ဂိုလ်၏ညွှန်ကြားချက်တရပ်ရပ်ကို တမင်ဖောက်ဖျက်ကျူး လွန်ကြောင်း ပြစ်မှုထင်ရှားလျှင် ထိုသူကို ၁ နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ် စလုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။
ပုသိမ်မြို့ခံ ကိုလှိုင်ဘွားက “ပုသိမ်မှာ ကျနော်တို့ ငယ်ငယ်လေးကတည်းက သင်္ကြန်ပွဲ ပိတ်တယ်ဆိုတာတော့ မရှိခဲ့ဖူးဘူး။ ဒါပေမယ့် အခုလိုအချိန် ကာလမှာတော့ ရေပက်မဏ္ဍပ်တွေရော၊ သင်္ကြန်ကားတွေရော ပိတ်သင့်တယ်လို့ ထင်ပါတယ်။ ဘာလို့ဆိုတော့ လူတယောက် ဗိုင်းရပ်စ်ပိုး ရှိတာနဲ့ ကျန်တဲ့လူတွေ အကုန်ကူးစက်နိုင်တာဆိုတော့ အခုချိန်က ကိုယ့်အိမ်မှာ ကိုယ်နေကြတာ အကောင်းဆုံး ဖြစ်ပါတယ်” ဟု ပြောသည်။
ဧရာဝတီတိုင်း၌ ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် အစိုးရအခမ်းအနားများအားလုံး ရပ်ဆိုင်း
ထားသလို ပြည်သူများအနေဖြင့် ဘုရားထီတင်ပွဲ၊ အစည်းအဝေး၊ သင်တန်း၊ အလှူပွဲ၊ မင်္ဂလာပွဲများ၊ ဘာသာရေး ပွဲများနှင့် လူစုလူဝေးပွဲများ မပြုလုပ်ရန် ဧရာဝတီတိုင်းအစိုးရက တားမြစ်ထားပြီး ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံနှင့် ဂေါ်ရန်ဂျီ ကမ်းခြေများအားလုံးကိုလည်း ပိတ်သိမ်းထားသည်။
ထို့ပြင် ရောဂါတားဆီးကာကွယ်ရေးအတွက် ဧပြီလ ၁၀ ရက်နေ့မှ ၁၉ ရက်နေ့အတွင်း ဧရာဝတီတိုင်းအတွင်းရှိ အဝေးပြေး ယာဉ်လိုင်းများအားလုံးကိုလည်း ပြေးဆွဲခွင့် ပိတ်သိမ်းထားပြီး လူစုလူဝေးဖြစ်ပွားနိုင်သည့်အတွက် တိုင်းအတွင်းရှိ ရွှေမုဌောဘုရား၊ မော်တင်စွန်း ဘုရားနှင့် ဇလွန်ပြည်တော်ပြန် ဘုရား စသည့် နာမည်ကျော် စေတီ ပုထိုးများ အားလုံးကို ဧပြီလ ၁၀ ရက်နေ့မှ ၁၉ ရက်နေ့အထိ လူတက်ရောက် ဖူးမျှော်ခွင့် ပိတ်သိမ်းထားသည်။
စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က “ဘုရားဂေါပကတွေအနေနဲ့ ဘုရားဖူးလာသူတွေ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမရှိရေး စီမံခန့်ခွဲရတဲ့အနေအထား မနိုင်မနင်းတွေ ဖြစ်လာတယ်ဆိုပြီး တင်ပြလာပါတယ်။ ဒါကြောင့် ရောဂါကူးစက်မှုအန္တရာယ်လည်း စိုးရိမ်ရတဲ့ အတွက် သင်္ကြန်ကာလအတွင်း ဘုရားတွေကို တက်ရောက်ဖူးမျှော်ခွင့် လုံးဝပိတ်ထားဖို့ ညွှန်ကြားတားတာ ဖြစ်ပါတယ်”ဟု ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများကို မြို့နယ်အသီးသီး၌ လူထု အခြေပြု စောင့်ကြည့် စင်တာ (Community Based Facility Quarantine Center) ၃၄၁ ခု ဖွင့်လှစ်ကာ လူပေါင်း ၂၆၁၆ ဦးအား ကျန်းမာရေးဝန်ထမ်းများမှ ၁၄ ရက် သီးခြားထားရှိ စောင့်ကြည့်မှုများ ဆောင်ရွက် နေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ် COVID – 19 လူနာ ၂၇ ဦး တွေ့ရှိခဲ့ပြီး ယင်းလူနာများအနက် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ၊ ဟူဝေပြည်နယ်၊ ဝူဟန်မြို့မှစတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်မှာ လက်ရှိတွင် ကမ္ဘာ့နိုင်ငံ အားလုံးတွင် ဖြစ်ပွားနေပြီး ဧပြီလ ၉ ရက်နေ့စာရင်းအရ ကမ္ဘာတဝှမ်းရှိ လူပေါင်း ၁ ဒသမ ၆ သန်းကျော် ကူးစက်ဖြစ်ပွားလျှက်ရှိကာ အဆိုပါလူနာများအနက် လူပေါင်း ၉ သောင်း ၇ ထောင်ကျော် သေဆုံးခဲ့ပြီ ဖြစ်ကြောင်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကို စောင့်ကြည့်ထုတ်ပြန်နေသည့် Worldometers.info ဝက်ဆိုဒ်၏
ဖော်ပြချက်အရ သိရသည်။