သတင်း

အင်းစိန်မြို့နယ်ရှိ COVID-19 လူနာများ နေထိုင်ရာလမ်းများကို အသွားအလာကန့်သတ်

Want create site? Find Free WordPress Themes and plugins.

အင်းစိန်မြို့နယ်ရှိ COVID-19 တွေ့ရှိ လူနာ ၅ ဦး နေထိုင်ရာလမ်းများကို အသွားအလာကန့်သတ်ထားပြီး ထိတွေ့ ဆက်ဆံခဲ့သူများကိုလည်း စစ်ဆေးနေပြီ ဖြစ်ကြောင်း အင်းစိန်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

ယနေ့ မနက် ပိုးတွေ့ရှိခဲ့သည့် အင်းစိန်မြို့နယ်နေ ၅ ဦးအနက် ၄ ဦးသည် ကြို့ကုန်းအရှေ့ရပ်ကွက် ကျမ်းစာသင်ကျောင်းလမ်း ၊ ဝပ်ရှော့ ၂ လမ်းရှိ နေအိမ်တအိမ်တွင် အတူနေထိုင်သူများဖြစ်ပြီး ကျန် ၁ ဦးမှာ ရွာမ အရှေ့ရပ်ကွက် မဟာသုခိတာလမ်းတွင် နေထိုင်သူ ဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

အင်းစိန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းအောင် က “သူတို့နေထိုင်တဲ့လမ်းတွေ မဟာသုခိတာလမ်းရယ်၊ ကျမ်းစာသင်ကျောင်းလမ်း၊ ဝပ်ရှော့ ၂ လမ်းကို ပိတ်ထားလိုက်ပြီ”  ဟု ပြောသည်။

တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသာအောင် က လည်း “အမျိုးသား ၄ ယောက်က ကြို့ကုန်းအရှေ့ ကျမ်းစာသင် ကျောင်းလမ်းကလို့ သိရတယ်။ နောက်ထပ်အမျိုးသမီးက ၇၈ နှစ်၊ ရွာမအရှေ့၊ လမ်းတိုလေးပါ။ ပိတ်လို့လည်း ဘာမှ မဖြစ်ပါဘူး။ လတ်တလောက Road Quarantine လုပ်ထားတာပေါ့။ မဖြစ်မနေထွက်ရမယ့် သူကတော့ အစားအသောက်၊ ဆေးဝါး ကိစ္စကတော့ ထွက်ရမှာပေါ့” ဟု ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် ကြို့ကုန်းအရှေ့ရပ်ကွက် အတူနေ ၄ ဦး မှာ (Case-034)  အသက် ၂၀ နှစ်အရွယ် အမျိုးသား ၁ ဦး၊ (Case-035)  အသက် ၂၄ နှစ်အရွယ် အမျိုးသား ၁ ဦး၊ (Case-036)  အသက် ၃၃ နှစ်အရွယ် အမျိုးသား ၁ ဦးဖြစ်ပြီး (Case-037) မှာ အသက် ၄၄ နှစ်အရွယ် အမျိုးသား ၁ ဦးတို့ ဖြစ်ကြသည်။

အဆိုပါ ၄ ဦးသည်  ဧပြီ ၈ ရက်နေ့မှ စတင်၍ အသက်ရှူကြပ်ခြင်း ဖျားခြင်း၊ လည်ချောင်း နာခြင်း နှာရည်ယိုခြင်း လက္ခဏာမျာတို့ ခံစားရသဖြင့် ဧပြီ ၁၀ ရက်နေ့တွင် အင်းစိန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ရာ စောင့်ကြည့် လူနာများ အဖြစ် သက်မှတ်၍ ဓါတ်ခွဲနမူနာ ပေးပို့စစ်ဆေးခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့တွင် လွန်ခဲ့သော  ၁၄ ရက်အတွင်း ပြည်ပနိုင်ငံများသို့ ခရီးသွားရာဇဝင် မရှိကြောင်း အားကစားနှင့် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ယင်း ဓာတ်ခွဲအတည်ပြုလူနာ ၄ ဦး သည် နိုင်ငံခြားသားများ ပါဝင်သော ဘာသာရေးအခမ်းအနားသို့ အတူတက်ရောက်ခဲ့သည့် ရာဇဝင်ရှိ ကြောင်း အားကစားနှင့် ကျန်းမာရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ခွဲအတည်ပြုလူနာ (Case-038) သည် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် ရွာမ အရှေ့ရပ်ကွက်နေ အသက် ၇၈ နှစ်အရွယ် အမျိုးသမီး ၁ ဦးဖြစ်ပြီး မတ်လ ၂၆ ရက်နေ့မှ စတင်၍ ဖျားခြင်း၊ ချောင်းဆိုး ခြင်း၊ ဝမ်းသွားခြင်းတို့ ခံစားရသဖြင့် ဧပြီ ၁၀ ရက်နေ့တွင် အင်းစိန်ပြည်သူ့ ဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ရာ ၎င်းအား စောင့်ကြည့်လူနာအဖြစ်သက်မှတ်၍ ဓါတ်ခွဲနမူနာ ပေးပို့စစ်ဆေး ခဲ့ခြင်းဖြစ်ပါသည်။ ၎င်းတွင် သွေးတိုးရောဂါအခံရှိကြောင်း သိရှိရပြီး လွန်ခဲ့သော ၁၄ ရက်အတွင်း ပြည်ပနိုင်ငံများသို့ ခရီးသွားရာဇဝင် မရှိကြောင်းလည်း သိရသည်။

အဆိုပါ ၅ ဦးနှင့် ထိတွေ့ဆက်ဆံခဲ့သူများကို ရှာဖွေစိစစ်မေးမြန်းနေပြီး လက်တလောတွင် ကျမ်းစာသင်ကျောင်းလမ်းရှိ ပိုးတွေ့လူနာများနှင့် ထိတွေ့ဆက်ဆံခဲ့သူ ၇ ဦးကို စိစစ်နေကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးကပြောသည်။

အင်းစိန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းအောင် က “အဲဒီမှာ သင်းအုပ်ဆရာနေတယ်။ အဲဒါက အမှန်တော့အိမ်ပဲ။ ခရစ်ယာန်ကျောင်းရယ်လို့ မဟုတ်ဘူး။ အဲဒီမှာတင် ထိတွေ့ဆက်ဆံတဲ့သူ ၇ ယောက်ရှိတယ်။ လောလောဆယ် ကျန်းမာရေးနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ စိစစ်နေတယ်။ အခြေအနေမေးနေတယ်” ဟု ဆိုသည်။

အင်းစိန်ဆေးရုံတွ်င် တက်ရောက် ကုသနေသည့် အင်းစိန်မြို့နယ်မှ ၅ ဦးနှင့် ရွှေပြည်သာမြို့နယ်မှ ၁ ဦးကို ဝေဘာဂီဆေးရုံကို လွှဲပြောင်းပို့ဆောင်ပေးပြီးဖြစ်ကြောင်း သိရသည်။

မတ်လ ၂၃ ရက်နေ့မှ ဧပြီလ ၁၂ ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၃၈  ဦး ရှိပြီဖြစ်ပြီး သေဆုံးသူ ၃ ဦး ရှိပြီဖြစ်သည်။

You may also like these stories:

ပျဉ်းမနားက အိမ်ထောင်စု ၂ သောင်းကျော်ကို ကျပ်သိန်း ၄ ထောင်ဖိုး ထောက်ပံ့ပစ္စည်းများပေးအပ်

COVID-19 ပိုးတွေ့လူနာကို ကုသပေးခဲ့သည့် ဆရာဝန် ၁ ဦး ပိုးကူးစက်ခံရ

Did you find apk for android? You can find new Free Android Games and apps.
Loading