မန္တလေး ကန်တော်နဒီဆေးရုံတွင် ကုသနေသည့် COVID-19 ပိုးတွေ့လူနာသည် ပြန်လည်ကျန်းမာလာပြီးနောက် ၄ ကြိမ်တိုင် ဆေးစစ်ခဲ့ရာ နောက်ဆုံးစစ်ဆေးသည့် ၂ ကြိမ်ဆက်တိုက်၏ ရလဒ်သည် ပိုးမတွေ့တော့သဖြင့် ကန်တော်နဒီ ဆေးရုံမှ ဆင်းခွင့်ပြုပြီးနောက် နဒီမြန်မာဟိုတယ်တွင် Facility Quarantine ဖြင့် ဆက်လက် စောင့်ကြည့်နေကြောင်း သိရသည်။
မန္တလေး အထွေထွေရောဂါ ဆေးရုံကြီးမှ ဆေးရုံအုပ်ဒေါ်စုစုဒွေး က “ဆေးရုံကနေ ဆင်းရပေမယ့် Facility Quarantine ဆက်လုပ်ထားပါတယ်၊ Positive ကနေ Negative ဖြစ်တဲ့သူနဲ့ သူ့အမျိုးသမီးကို နဒီမြန်မာဆေးရုံမှာ Facility Quarantine ဆက်ထားထားတယ်၊ အခုလို ထားတာကလည်း ကျမတို့ရဲ့ Treatment Guideline အတိုင်း လုပ်ဆောင်တာပါ၊ အခြား မိသားစုဝင်တွေကိုတော့ အိမ်ပြန်ခွင့် ပေးလိုက်ပါတယ်”ဟု ပြောသည်။
ပိုးတွေ့ လူနာမှာ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာ တန်ဖိုးနည်းအိမ်ရာတွင် နေထိုင်သည့် အမေရိကန် နိုင်ငံသား ခံယူထားသော အသက် ၃၃ နှစ်အရွယ် မြန်မာအမျိုးသားဖြစ်ပြီး ၎င်းနှင့်အတူ ဇနီးဖြစ်သူကိုလည်း ကန်တော် နဒီ ဆေးရုံမှ ဆင်းခွင့်ပြုပြီး နဒီမြန်မာဟိုတယ်တွင် Facility Quarantine ဖြင့် ဆက်လက် စောင့်ကြည့် နေကြောင်း သိရသည်။
ကန်တော်နဒီ ဆေးရုံအုပ် ဒေါက်တာခင်ကျော် က “သူ့ကို ၄ ကြိမ်မြောက် ဆက်စစ်တော့လည်း Negative ထွက်ပါတယ်၊ ကျန်းမာရေးအခြေအနေ အားလုံး ကောင်းပါ တယ်။ သူ့ကို ဆေးရုံဆင်းရမယ့် အချက်အလက်တွေ အကုန်ညီလို့ ဆင်းခွင့်ပေးလိုက်တာပါ” ဟု ပြောသည်။
၎င်းကဆက်၍ “ကျနော်တို့ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားတဲ့အချက်အလက်တွေအတိုင်း လူထုက အကုန် လိုက်နာခဲ့ရင်၊ နိုင်ငံခြားက ပြန်လာသူတွေကလည်း သတ်မှတ်တဲ့အတိုင်း Quarantine ဝင်ကြမယ်ဆိုရင် အခုရောဂါက ကူးစက်မှု နည်းမှာပါ၊ အခုဟာက မလိုက်နာတဲ့သူတွေကြောင့် ပြည်တွင်းနေသူတွေထဲကနေ ကူးစက်မှုတွေက ဆက်ရှိ လာဦးမယ်လို့ မြင်ပါတယ်”ဟု ဆက်လက်ပြောသည်။
COVID-19 လူနာ ၂ ဦးတွင် ဓာတ်ခွဲစစ်ဆေးချက်အရ ရောဂါပိုး မတွေ့ရှိရတော့ဘဲ ကျန်းမာ ရေးပြန်လည်ကောင်းမွန် လာပြီဖြစ်သဖြင့် ၎င်းတို့အား သက်ဆိုင်ရာ ဆေးရုံများတွင် သီးခြားထားရှိကုသမှု Isolation မှ ၈-၄-၂၀၂၀ ရက်နေ့၊ ညနေပိုင်းမှစ၍ Case – 004 အား ဆေးရုံတွင်လည်းကောင်း၊ Case – 007 အား ဟိုတယ်တွင်လည်းကောင်း အသွားအလာ ကန့်သတ်ခြင်း၊ တားမြစ်ခြင်း Quarantine ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း ဧပြီ ၉ ရက်နေ့ထုတ်ပြန်ချက်တွင် ပါရှိသည်။
မန္တလေးမှ ယခုပြန်လည် သက်သာလာခဲ့သည့် ပိုးတွေ့လူနာသည် မတ်လ ၁၉ ရက်က မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ တန်ဖိုးနည်းအိမ်ရာသို့ မတ်လ ၂၁ ရက်နေ့တွင် လာရောက်နေထိုင်ခဲ့သူဖြစ်ပြီး မတ်လ ၂၂ရက်မှ စတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် မောပန်းခြင်း လက္ခဏာများ ခံစားရသဖြင့် မတ်လ ၂၅ ရက်တွင် မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးသို့ ပြသခဲ့သည်။
ထိုသို့ပြသခဲ့ပြီးနောက် မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးမှ ကန်တော်နဒီဆေးရုံသို့ လွှဲပြောင်း၍ စောင့်ကြည့်လူနာ အဖြစ် ၎င်း၏ဓာတ်ခွဲနမူနာအား ရယူပြီး အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေးခဲ့ရာ ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုးတွေ့ရှိရသည်ဟု မတ်လ ၂၇ ရက်နေ့က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဧပြီလ ၁၂ ရက်နေ့ထိ သတင်းထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံတွင် ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိလူနာ ၃၈ ဦးထိ ရှိလာပြီဖြစ်ရာ COVID-19 ရောဂါဖြင့် ၃ ဦးသေဆုံးခဲ့ပြီး ၃၂ ဦးမှာ ကျန်းမာရေးကောင်းမွန်နေဆဲဖြစ်ကာ ၁ ဦးမှာ ဝေဘာဂီဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်တွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
ဆက်စပ်လင့်
COVID-19 ပိုးတွေ့လူနာကို ကုသပေးခဲ့သည့် ဆရာဝန် ၁ ဦး ပိုးကူးစက်ခံရ
မန္တလေးတိုင်းအတွင်း ပြည်တော်ပြန်များ Quarantine လုပ်မည့်နေရာ ၆၀၀ ကျော်ရှိ