ရွှေပြည်သာမြို့နယ်ရှိ COVID-19 ပိုးတွေ့လူနာနှင့် ထိစပ်သူ ၅၂ ဦးကို လက်ရှိနေထိုင်ရာ အဆောင်တွင် အသွားအလာ တားမြစ်ထားပြီး အရေးပေါ် Facility Quarantine လုပ်ရန် ပြင်ဆင်နေကြောင်း ရွှေပြည်သာမြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇံ က ဧရာဝတီသို့ ပြောသည်။
ဦးသိန်းဇံ က “သူ့ဘော်ဒါဆောင်ကို လောလောဆယ် lockdown ချထားတယ်။ သူနဲ့အတူ ဘော်ဒါဆောင် နေတဲ့ သူက ၅၂ ယောက် ရှိတယ်။ အဲဒီ ၅၂ ယောက်ကို Home Quarantine ခဏထားထားပြီးတော့ အရေးပေါ် Facility Quarantine လုပ်ဖို့ အတွက်ကို ကျောင်းတကျောင်းမှာ ခုံတွေ စီပြီးချနေတယ်။ ဒီည (သို့) မနက်ဖြန် မနက်ကို ရွှေ့တော့မှာပါ” ဟု ပြောသည်။
ဓာတ်ခွဲအတည်ပြုလူနာ (Case-033) သည် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်နေ အသက် ၂၉ နှစ်အရွယ် အမျိုးသမီး တဦးဖြစ်ပြီး ဧပြီ ၇ ရက်နေ့မှ စတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်းတို့ ခံစားရသဖြင့် ဧပြီ ၁၀ ရက်နေ့တွင် အင်းစိန်ပြည်သူ့ ဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ရာ ၎င်းအားစောင့်ကြည့်လူနာအဖြစ်သက်မှတ်၍ ဓါတ်ခွဲနမူနာ ပေးပို့စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
၎င်းသည် လွန်ခဲ့သော ၁၄ ရက်အတွင်း ပြည်ပနိုင်ငံများသို့ ခရီးသွားရာဇဝင် မရှိကြောင်း အားကစားနှင့် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အဆိုပါ ပိုးတွေ့လူနာ အမျိုးသမီး၏ ကလေးငယ် နှင့် အမျိုးသားကို တိုင်းကျန်းမာရေး အစီအစဉ်ဖြင့် ယနေ့ မွန်းလွဲပိုင်း က တောင်ဥက္ကလာ ဆေးရုံသို့ စောင့်ကြပ်ကြည့်ရှူရန် ခေါ်ဆောင်သွားပြီဖြစ်ကြောင်း ဦးသိန်းဇံ က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် လွန်ခဲ့သော နာရီပိုင်း အတွင်းက ရေးတင်ထားသည်။
ဦးသိန်းဇံ က “Case -33 ၏ အမျိုးသားနှင့် ကလေးငယ်ကို 2:15 PM ၌ တောင်ဥက္ကလာ ဆေးရုံသို့ စောင့်ကြပ်ကြည့်ရှုရန် ခေါ်ဆောင်သွားပြီဖြစ်ပါသည်” ဟု ဖော်ပြထားသည်။
ပိုးတွေ့လူနာ အမျိုးသမီး၏ အမျိုးသား နှင့် ကလေးငယ်သည် ယနေ့ နံနက်ပိုင်းတွင် ဆေးရုံမှ အဆောင်ရှိရာသို့ အငှားယဉ်ဖြင့် ပြန်လာခြင်း ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးရန်အောင်မင်းက ပြောသည်။
၎င်းက “အနီးကပ်ဆုံး ပြုစုစောင့်ရှောက်တဲ့ လူကို ဘော်ဒါဆောင်ကို ထည့်လိုက်မယ်ဆိုရင် ဘယ်လို ဖြစ်သွားမလဲ ဒါကြောင့်မို့လို့ မြို့နယ် ကျန်းမာရေးက ညွှန်ကြားချက်နဲ့ အညီ ဆောင်ရွက်တာပေါ့။ ကားမလာသေးလို့ပါ လူနာကို အနီးကပ်စောင့်ရှောက်ထားတဲ့သူ ဖြစ်တဲ့အတွက် ကြုံရာ Ambulance နဲ့ တင်လို့ မရပါဘူး။ ကျန်းမာရေးက ကားနဲ့ပဲ တင်ခွင့်ရှိတယ်။ အဲဒီကားကို စောင့်နေရတာပေါ့” ဟုပြောသည်။
အလားတူပင် ယနေ့မနက်ပိုင်းက COVID-19 ပိုးတွေ့ရှိခဲ့သည့် အင်းစိန်မြို့နယ်နေ ၅ ဦးနှင့် ထိတွေ့ဆက်ဆံခဲ့သူများကို ရှာဖွေစိစစ်မေးမြန်းနေပြီး လက်တလောတွင် ၇ ဦးကို စိစစ်နေကာ နေထိုင်ရာလမ်းများကိုလည်း အသွားအလာကန့်သတ် ထားကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
မတ်လ ၂၃ ရက်နေ့မှ ဧပြီလ ၁၂ ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၃၈ ဦး ရှိပြီဖြစ်ပြီး သေဆုံးသူ ၃ ဦး ရှိပြီဖြစ်သည်။
You may also like these stories:
Covid-19 ကြောင့် အလုပ်လက်မဲ့ဖြစ်သွားသည့် နယ်စပ်ဂိတ်က လုပ်သားများ
ဆေးရုံဆင်းခွင့်ပြုထားသည့် Covid-19 လူနာကို Facility Quarantine ဖြင့် စောင့်ကြည့်
အင်းစိန်မြို့နယ်ရှိ COVID-19 လူနာများ နေထိုင်ရာလမ်းများကို အသွားအလာကန့်သတ်