သတင်း

ပုဏ္ဏားကျွန်းတွင် လက်နက်ကြီးကျ ၇ ဦးသေ၊ ၈ ဦး ပြင်းထန်ဒဏ်ရာရ

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက် ဆိပ်ကျေးရွာအတွင်း ဧပြီလ ၁၃ ရက်နေ့ မနက် ၇ နာရီ ကျော်က လက်နက်ကြီး ကျည်ဆန်များ ကျရောက် ပေါက်ကွဲခဲ့သဖြင့် ရွာသား ၇ ဦးသေဆုံးပြီး ၈ ဦး ပြင်းထန် ဒဏ်ရာများ ရရှိခဲ့ ကြောင်း သတင်းရရှိသည်။

ပေါက်ကွဲမှုကြောင့် ရွာသား ၄ ဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်ပြီး ၃ ဦးမှာ ပုဏ္ဏားကျွန်း ဆေးရုံသို့ ပို့ဆောင်ပြီး ကုသမှုခံယူစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးထွန်းက ပြောသည်။

ဦးအေးထွန်း က “ပထမ လက်နက်ကြီး ၁ လုံးလာကျတယ်။ အဲဒီမှာ လူတွေထွက်ပြေးရင်း နောက်ထပ် ၁ လုံးက ကွန်ကရစ် ကားလမ်းမတည့် တည့် လာကျတယ်။ အဲဒီမှာ ထိမှန်ကြတာ။ လူတွေကတော့ အိမ်မှာနေရင်း ထိတာ လည်း ရှိတယ်။ လမ်းသွား ရင်းထိတာလည်း ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ ကျေးရွာအနီးတွင် နှစ်ဘက် တိုက်ပွဲဖြစ်ပွားမှု မရှိဘဲ ပုဏ္ဏားကျွန်းမြို့ဝင်တွင် တည်ရှိသည့် အမှတ် (၅၅၀) ခြေမြန်တပ်ရင်းမှ အနီးဝန်းကျင်အား လှမ်း၍ ပစ်ခတ်ရာမှနေ ထိုသို့ ကျရောက် ပေါက်ကွဲခြင်း ဖြစ်ကြောင်း ဒေသခံကျေးရွာသားများက စွပ်စွဲပြောဆိုကြသည်။

ကျောက်ဆိပ်ကျေးရွာသို့ ကိုယ်တိုင်သွား ရောက်ကြည့်ရှုခဲ့သူ ပုဏ္ဏားကျွန်းမဲဆန္ဒနယ်မှ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးအောင်သန်းတင် က “ကျနော် အဲဒီရွာကို သွားကြည့်တယ်။ ကျည်ထိတာ အားလုံး ၁၅ ဦးမှာ ပွဲချင်းပြီး ၄ ယောက်သေတယ်။ ဆေးရုံမှာ ၃ ဦးသေတယ်။ ၈ ဦးက တော့ ဒဏ်ရာတော်တော်ပြင်းတယ်။ တိုက်ပွဲဖြစ် တာ မရှိဘူး” ဟု ဧရာဝတီသို့ ပြောသည်။

တပ်မတော်၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “ဒီလ ၁၁ ရက်နေ့နဲ့ မနေ့က အဲဒီ ပုဏ္ဏားကျွန်းမြို့နယ် ပေါက်တောပြင် ကျေးရွာအနီး တဝိုက်မှာ တိုက်ပွဲဖြစ်ပွားတာ ရှိတယ်။ အခု သူတို့ ပြောနေတဲ့ ကျောက်ဆိပ် ကျေးရွာဘက်မှာ ဒီမနက် တိုက်ပွဲ ဖြစ်ပွားခဲ့တာ မရှိဘူး။ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ပေါက်တောပြင်နဲ့ ကျောက်ဆိပ်ရွာ ကလည်း နည်းနည်း အလှမ်းဝေးပါတယ်။ ခုန ပြောတဲ့ လက်နက်ကြီးက ဘယ်သူ့ ဟာမှန်းတော့ မသိဘူး။ စွပ်စွဲချက်တခုပဲလို့ ပြောလို့ ရတယ်။ တိုက်ပွဲဖြစ်ပွားခဲ့တာလည်း မရှိဘူး” ဟု ဧရာဝတီသို့ ပြောသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ အဆိုပါ ကျောက်ဆိပ်ကျေးရွာမှ ပွဲချင်းပြီးသေ ဆုံးသူများမှာ ကိုနီထွန်း ၃၀ နှစ် ၊ မသန်းသန်းစိုး ၂၅ နှစ် ၊ မောင်သန်းလူလှ ၂၀ နှစ် ၊ မောင်ထက်မြဦး ၉ နှစ်တို့ ဖြစ်ပြီး ပုဏ္ဏားကျွန်းဆေးရုံတွင် ကုသမှုခံယူရင် သေဆုံး သူများမှာ ကိုမောင်မောင်ချေ ၂၂ နှစ်၊ မောင်အောင်နိုင်ဆန်း ၁၆ နှစ်နှင့် လူငယ် ၁ ဦးတို့ ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် အဆိုပါ ဒဏ်ရာပြင်းထန်သော ကျေးရွာသား ၈ ဦးကို ပုဏ္ဏားကျွန်း ဆေးရုံမှတဆင့် စစ်တွေဆေးရုံသို့ ယူဆောင်လာ နေကြောင်းလည်း သိရသည်။

ဧပြီလ ၃ ရက်နေ့ကလည်း အဆိုပါ ပုဏ္ဏားကျွန်းမြို့နယ် လက်ဝဲ စာတိုက် ကျေးရွာအနီးတွင် လက်နက်ကြီး ကျည်ဆန်များ ကျရောက်မှုကြောင့် နွားခြံသွားသော အသက် ၃၅ နှစ်အရွယ် ဦးစောဝင်းနိုင်မှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အတွက် လက်ရှိ အချိန်အထိ စစ်တွေဆေးရုံတွင် တက်ရောက်ကုသနေရသည်။

ရခိုင်ပြည်နယ်၊ မြောက်ပိုင်းမြို့နယ်များတွင် တပ်မတော်နှင့် AA တို့သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ကုန် ကတည်းက နှစ်ဘက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည်မှာ ၁ နှစ်ကျော် ကြာမြင့်လာမှုနှင့် စစ်ဘေးရှောင် အရေအတွက်မှာ သိန်းချီရှိကာ ဒေသခံပြည်သူများမှာလည်း ထွက်ပြေး နေကြရသည်။

လက်နက်ကြီး၊ လက်နက်ငယ်များ ထိမှန်၍ အရပ်သားပြည်သူများမှာလည်း နေ့စဉ်နှင့်မျှ သေဆုံး ၊ ဒဏ်ရာရရှိနေမှုနှင့် အတူ အရပ်သားများ ဖမ်းဆီးခံရခြင်း၊ နေအိမ်များ မီးရှုှုံ့ခံရမှုများလည်း များပြားလာနေသည့်အတွက် အရပ်သား အစိုးရ လက်ထက်တွင် အပြင်းထန်ဆုံးနှင့် ထိခိုက်မှု အများဆုံး တိုက်ပွဲလည်း ဖြစ်သည်။

ဧပြီလ ၈ ရက်နေ့ကလည်း အမ်းမြို့နယ်၊ ကဇုကိုင်းကျေးရွာအုပ်စု၊ ဆင်ဦးတိုက်ကျေးရွာ အတွင်းသို့ လက်နက်ကြီးကျည်ဆန်များ ကျရောက်မှုကြောင့် အရပ်သား ၄ ဦးထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

ယင်းအပြင် ဧပြီလ ၁ ရက်နေ့ ညနေ ၅ နာရီ ဝန်းကျင်ကလည်း ကျောက် တော်မြို့ပေါ်တွင် လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုဖြစ်ပွားသည့်အတွက် အရပ်သား ၅ ဦးကျည် ဆန်ထိ မှန်သေဆုံးခဲ့ပြီး ၇ ဦး ပြင်ထန်ဒဏ်ရာများ ရရှိခဲ့သည်။

You may also like these stories:

ပုဏ္ဏားကျွန်း ဂဏန်းမဲရွာထဲ လက်နက်ကြီးကျ ၁ ဦးသေ၊ ၃ ဦး ဒဏ်ရာရ

တပ်မတော်ထံ လက်နက်ချသူများမှာ KIA တပ်ဖွဲ့ဝင်များမဟုတ်ဟု ငြင်းဆို

Did you find apk for android? You can find new Free Android Games and apps.
Loading