COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှု ကာကွယ်တားဆီးရေးအတွက် မြန်မာ – ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံ နယ်စပ်ဂိတ်များမှ တဆင့် လူဝင်-လူထွက် ပြုလုပ်မှုများကို ယနေ့ ဧပြီလ ၁၃ ရက်နေ့မှ စတင်ကာ ယာယီပိတ်ပင်လိုက်ပြီ ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။
နေပြည်တော်ရှိ သမ္မတအိမ်တော်သို့ ဝင်ထွက်ခွင့်ရရှိသော အိမ်တော် သတင်းထောက်များဂရုမှ အထက်ပါအတိုင်း သတင်းစကား ပါးလာခြင်း ဖြစ်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက်အရ ဆောင်ရွက်ရခြင်း ဖြစ်သည်ဟု သိရသည်။
မနေ့က ဧပြီလ ၁၂ ရက်နေ့က မြန်မာအစိုးရ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးကျော်တင်က ရန်ကုန်မြို့ တွင် ရှိနေသည့် ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး မစ္စတာမန်ဂျူရာ ကရင်မ် ချောင်ဒရီကို အထက်ပါအတိုင်း တယ်လီဖုန်းနဲ့ ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း သိရသည်။
COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှု ကာကွယ်တားဆီးရေးအတွက် မြန်မာနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် အိမ် နီးချင်း ၅ နိုင်ငံထဲတွင် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ လာအိုနိုင်ငံများ၏ နယ်စပ်ဂိတ်များမှတဆင့် လူဝင်-လူထွက် ပိတ်ထား ပြီး ဖြစ်ကြောင်း၊ ကုန်သွယ်မှုစီးဆင်းနိုင်ရေးအတွက်သာ ဖွင့်လှစ်ထားကြောင်း ဝန်ကြီးဦးကျော်တင်က ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကို ပြောဆိုခဲ့သည်ဟု သိရသည်။
ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ဂိတ်များမှတဆင့် လူဝင်-လူထွက်များကို ဧပြီလ ၁၃ ရက်နေ့ကစပြီး ပိတ်ပင် ထားမည် ဖြစ်ပြီး ကုန်သွယ်မှု မထိခိုက်စေရန် ကုန်စည်များ စီးဆင်းမှုကိုတော့ ဆက်လက် ခွင့်ပြုပေးမှာ ဖြစ်ကြောင်း၊ လူဝင် လူထွက် မရှိစေရေးအတွက် ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း မြန်မာဘက် က ပြောကြားခဲ့သည်ဟု သိရသည်။
“ဘင်္ဂလားဒေ့ရှ်ဘက်က တနိုင်ငံလုံး Lock down လုပ်ထားတဲ့အတွက် အထောက်အကူ ဖြစ်စေမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်”ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။
ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း ယခု ပြောဆိုချက်ကို ဌာနချုပ်ကို ပြန်လည်တင်ပြပေးမည် ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဒါကာ၊ ကော့ဘဇားအပါအဝင် တစ်နိုင်ငံလုံး Lock down လုပ်ထားကြောင်း၊ ပြည်ပနှင့် နယ်စပ်များက ဝင်ရောက် လာသူများကြောင့် ကူးစက်ပြန့်ပွားမှာကို ဒေသခံများ စိုးရိမ်နေကြောင်း ပြန်လည် ပြောဆိုခဲ့သည်ဟု သိရသည်။
ဘင်္ဂလားဒေ့ရှ်သည် မြန်မာနှင့် ကမ်းရိုးတန်း ထိစပ်သည့်နေသည့် နိုင်ငံတခုဖြစ်ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်း ပြဿနာ များကြောင့် ထွက်ပြေးသွားရသည့် ဒုက္ခသည်များအရေး ဖြေရှင်းရန် မြန်မာအစိုးရသည် ဘင်္ဂလားဒေ့ရှ်နှင့် ဆက် ဆံရေး ကောင်းမွန်ရန် ကြိုးစားနေရသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှ ထွက်ပြေးသွားသော မွတ်စလင် ဒုက္ခသည်များ နေရပ်ပြန်လာရေး ပြဿနာ မပြေ လည်သေးသည့်အပေါ် ၂ ဖက်စလုံးက အပြန်အလှန် ပြစ်တင် ပြောဆိုလေ့ရှိသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး မြန်မာ လုံခြုံရေး စခန်းများကို အကြမ်းဖက်အဖွဲ့ အစည်း တခု ဖြစ်သည့် (ARSA) အဖွဲ့ ဝင်ရောက် တိုက်ခိုက်ခြင်းအား မြန်မာ့ လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည် စစ်ဆင်ရာတွင် ဒုက္ခသည် ၇ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးသွားခဲ့ပြီးနောက် နိုင်ငံတကာက မြန်မာကို ဖိအားပေးလျက် ရှိသည်။
အစ္စလမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) အသင်းဝင်နိုင်ငံများက ကျားကန်ပေးထားသော ဂမ် ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် တရားစွဲဆိုခဲ့ပြီး မြန်မာမှာ လက်ရှိတွင် အမှုရင်ဆိုင်နေရသည့် အနေအထားတွင် ရှိနေပြီး လာမည့် မေလတွင် မြန်မာဘက်က ရခိုင်အရေး ပြင်ဆင် ဆောင်ရွက်မှု အခြေအနေများကို ICJ သို့ ပြန်လည် တင်ပြရဦးမည် ဖြစ်သည်။
You may also like these stories:
မြန်မာပိုင်နက်ထဲ တရားမဝင် ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်စက်လှေများကို သတိပေး ပစ်ခတ်ခဲ့ရ