တာချီလိတ်မြို့နယ်၊ ဝမ်ကောင်းရပ်ကွက်၊ ကံ့ကော်လမ်းရှိ Bar တခုတွင် COVID -19 ရောဂါ ကာကွယ်ရေး အတွက် လူစုလူဝေးဖြစ်စေသည့် ပွဲများမပြုလုပ်ရဟု အမိန့်ထုတ်ထားသည့်ကြားမှ စည်းကမ်းဖောက်ဖျက်ကာ လူစုလူဝေးဖြင့် ကခုန်ရေကစားခဲ့သူများကို အရေးယူထားကြောင်း သတင်းရရှိသည်။
အဆိုပါ စည်းကမ်းဖောက်သူများက ၁၃၈၂ ခုနှစ် မဟာသင်္ကြန် နှစ်သစ်ကို ကြိုဆိုသည်ဟုဆိုကာ ဧပြီလ ၁၂ ရက် နေ့ ညနေ ၃ နာရီမှစကာ Mr. Crush Bar ဆိုင်ပိုင်ရှင်နှင့်အတူ ထိုင်းနိုင်ငံသားအပါအဝင် လူစုလူဝေးဖြင့် ရေပက်ကခုန်ခဲ့ခြင်းကို လူမူကွန်ရက်တွင် live လွှင့်ခဲ့သည်။
ထိုအကြောင်းအရာကို တွေ့ရှိသဖြင့် တာချီလိတ်ရဲစခန်းမှ တာဝန်ရှိသူများသည် အဆိုပါနေ့ရက် ညနေ ၅ နာရီတွင် စည်းကမ်း ဖောက်ခဲ့သူများကို သွားရောက်ဖမ်းဆီးခဲ့သည်။
ဧပြီလ ၁၃ ရက်နေ့တွင် တာချီလိတ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တရားလိုပြုလုပ်၍ စည်းကမ်း ဖောက်ဖျက်သူများကို တာချီလိတ်မြို့မရဲစခန်းတွင် ဒေသန္တရအမိန့်၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၅/၃၀(က)ဖြင့် အမှုဖွင့်ထားကြောင်း တာချီလိတ်ရဲစခန်းမှ သိရသည်။
တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး ညီညီဌေး က “တရားလိုက မြို့နယ်အုပ်ချုပ်ရေးမှူးပါ။ လောလောဆယ် တော့ ကျနော်တို့ ၁၁ ယောက် ဖမ်းထားပါတယ်။ တရားခံက အားလုံး ၁၁ ဦးပါ။ ထိုင်းနိုင်ငံသား ၄ ယောက်လည်း ပါတယ်။ သူတို့ကို စစ်ဆေးနေတာ။ အချုပ်ထဲမှာ ထိုင်းနိုင်ငံသားတွေကိုတော့ သီးခြား ထားပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
တာချီလိတ်မြို့ အခြေစိုက် Tachileik News Agency ၏ သတင်းဖော်ပြချက်အရ ဖမ်းဆီးထားသူ စုစုပေါင်း ၁၂ ဦးရှိပြီး ထိုအထဲတွင် ရဲတပ်ဖွဲ့ဝင် တဦးလည်း ပါဝင်သည်ဟုသိရသည်။ ထို့အတူ ယင်းပွဲကို ပါဝင်သူများကိုလည်း ဖမ်းဆီးနိုင်ရန် ဆက်လက်ဖော်ထုတ်နေကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူးကို ကိုးကား၍ ဖော်ပြထားသည်။
တာချီလိတ်မြို့နယ်အတွင်း မတ်လ ၁၃ ရက်နေ့က ထုတ်ပြန်ထားသည့် ဒေသန္တရအမိန့်တွင် တာချီလိတ်မြို့၌ လူစုလူဝေးပြုလုပ်ခြင်းအပြင် KTV၊ Bar၊ Club များပိတ်ထားရန် တာချီလိတ်မြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူးက ထုတ်ပြန်ထားသည်။
ကူးစက်မြန်သည့် COVID-19 ဗိုင်းရပ်စ်ပိုး သယ်ဆောင်ထားသူနှင့် နီးကပ်စွာနေသူများသည် လေထုမှ တဆင့် ကူးစက်နိုင်သဖြင့် လူစုလူဝေးပြုလုပ်ခြင်းများကို ရှောင်ရှားနိုင်ရန် ဒေသန္တရအမိန့်ဖြင့် တားဆီးထားခြင်း ဖြစ်သည်။
သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဆိုင်ရာဥပဒေပုဒ်မ ၂၅ အရ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၃ နှစ်ထက် မပိုသော ပြစ်ဒဏ်နှင့် ၃၀ (က) အရ ပြစ်မှုထင်ရှားပါက တနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ဆိုထားသည်။
နိုင်ငံတော်သမ္မတရုံးက အသက်ရှုလမ်းဆိုင်ရာ COVID-19 ရောဂါကို ထိမ်းချုပ်ရန် ရည်ရွယ်ကာ လူစုလူဝေးများ ရှိပါက လျှင်မြန်စွာ ကူးစက်နိုင်သောကြောင့် အခမ်းအနားများ၊ ပွဲတော်များမပြုရန် တားမြစ် ထားသော်လည်း Mr. Crush Bar ဆိုင်ပိုင်ရှင်က စည်းကမ်းဖောက် ဖျက်ခဲ့သဖြင့် သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေဖြင့် အရေးယူခဲ့ခြင်းဖြစ်သည်ဟု တာချီလိတ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောသည်။
ထို့အပြင် တာချီလိတ်မြို့နယ်၌ ဧပြီလ ၁၂ ရက်နေ့က အများပြည်သူဆိုင်ရာ နေရာများတွင် လူစုလူဝေးဖြင့် နေထိုင်ခြင်း၊ စားသောက်ပျော်ပါးခြင်းနှင့် မူးယစ်ရမ်းကား၍ ခိုက်ရန်ဖြစ်ပွားခြင်းများ မပြုရန်လည်း ဖြည့်စွက် ထုတ်ပြန်ထားသည်။ ထိုအမိန့်များကို လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေများဖြင့် အရေးယူမည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးက ထုတ်ပြန်ထားသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ COVID-19 ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၅၂ ဦးရှိပြီဟု ကျန်းမာရေးဝန်ကြီးဌာန၏ ယနေ့ နောက်ဆုံး ထုတ်ပြန်ချက်အရ သိရသည်။
You may also like these stories:
ပျောက်ဆုံးသွားတော့မှာလား ရိုးရာသင်္ကြန်