ဒုတိယ သမ္မတ ၂ ဖြစ်သူ ဦးဟင်နရီ ဗန်ထီးယူတွင် COVID – 19 (ကိုရိုနာ ဗိုင်းရပ်စ်) ရောဂါပိုး ရှိ၊ မရှိ ယနေ့ စစ်ဆေး မှုများ ပြုလုပ်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။
လူမှုကွန်ရက် စာမျက်နှာများတွင် ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူသည် အင်းစိန်မြို့ နယ်မှ COVID – 19 အ တည်ပြု လူနာများ ပါဝင်သည့် ဘာသာရေး အဖွဲ့ နှင့် တွေ့ ဆုံမှုများ ရှိခဲ့သည့် ဓါတ်ပုံများ ပျံ့ နှံ့လာသဖြင့် ယခုလို စစ်ဆေးရခြင်း ဖြစ်ကြောင်း သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။
လူမှုကွန်ရက်တွင် ပျံ့ နှံ့လျက်ရှိသည် အဆိုပါပုံများသည် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့က ဓါတ်ပုံများ ဖြစ်ပြီး မြန်မာနိုင်ငံတွင် အစောဆုံး COVID – 19 ကူးစက်မှုမှာ မတ်လ ၂၃ ရက်နေ့တွင် ဖြစ်ကြောင်း၊ အဆိုပါ ဘာသာရေးအဖွဲ့နှင့် ဒုတိယ သမ္မတသည် ယင်းရက်နောက်ပိုင်းတွင် တွေ့ဆုံမှု မရှိတော့ကြောင်း သိရသည်။
“သို့သော်လည်းပဲ အခုလို ထိတွေ့မှုသတင်းတွေအပေါ် လူထုစိုးရိမ်မှု မြင့်တက်နေတာ တွေ့ရှိရတဲ့အတွက် ရှင်းရှင်း လင်းလင်း သိနိုင်အောင် ဒုတိယသမ္မတကြီးနဲ့ မိသားစုဝင်တွေ၊ အနီးကပ်ထိတွေ့မှုရှိသူတွေ အားလုံး၊ စုစုပေါင်း လူသုံးဆယ်လောက်ကို ဒီနေ့ ဓါတ်ခွဲနမူနာတွေ ရယူပြီး စစ်မှာ ဖြစ်ပါတယ်”ဟု ဦးဇော်ဌေးက အိမ်တော် သတင်းထောက်ဂရုမှတဆင့် ပြောသည်။
ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူသည် ချင်းတိုင်းရင်းသား၊ ခရစ်ယန် ဘာသာဝင် တဦးဖြစ်သလို တပ်မတော် အငြိမ်းစာ အရာရှိ၊ ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ချင်းပြည်နယ်မှ ရွေးကောက် တင်မြောက်ခံရသူတဦးလည်း ဖြစ်သည်။
ထို့ပြင် နိုင်ငံတော်အကြီးအကဲများ၏ ကျန်းမာရေးအတွက် နေအိမ်အဝင် အထွက်များ၊ တွေ့ဆုံမှုများကို ကျန်းမာရေး Guideline များနှင့်အညီ အထူးကြပ်မတ် စိစစ်မှုများ ဆောင်ရွက်ထားကြောင်းလည်း ယင်းသမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် က ပြောသည်။
ယင်းဘာသာရေးအဖွဲ့ နှင့် ထိစပ်မှု ရှိခဲ့သူ နိုင်ငံကျော် အဆိုတော် မျိုးကြီးတွင် COVID – 19 ရောဂါပိုး ရှိကြောင်း မနေ့က အတည်ပြုချက် ရရှိခဲ့ပြီး ယင်းအဖွဲ့မှ မည်မျှ ရောဂါကူးစက်ခံနေကြောင်းမှာမူ ယနေ့အချိန်အထိ ရှင်းရှင်း လင်းလင်း မသိရသေးပါ။
မြန်မာနိုင်ငံတွင် ဧပြီလ ၁၄ ရက်နေ့ နံနက်အစောပိုင်းအထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက COVID-19 ရောဂါပိုးတွေ့ရှိသူ စာရင်းကို ထပ်မံထုတ်ပြန်ခဲ့ရာ ၉ ဦး ထပ်မံ တိုးလာသဖြင် စုစုပေါင်းပိုးတွေ့သူ ၆၂ ဦးရှိပြီ ဖြစ်ကာ ယခုနောက်ပိုင်း ထုတ်ပြန်ချက်များတွင် ပိုးတွေ့ ရှိသူ၏ ခရီးသွား ရာဇဝင်များကို ဖော်ပြခြင်း မရှိတော့ပေ။
You may also like these stories:
COVID-19 အစုပြုံလိုက် ကူးစက်ခံရလျှင် ကုသရန် ပြင်ဆင်ထားဟု ရန်ကုန်တိုင်းအစိုးရ ပြော