ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ လိုင်ဇာမြို့ တွင် COVID-19 ရောဂါ ကူးစက်ခံ ထားရသည်ဟု သံသယရှိသူ တဦးတွေ့ရှိသဖြင့် တရုတ်နိုင်ငံဘက်သို့ ဓါတ်ခွဲနမူနာ ပေးပို့ကာ စစ်ဆေးနေသည်ဟု သတင်းရရှိသည်။
KIA၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက “လိုင်ဇာဆေးရုံမှာ စစ်ပြီးတော့ အခု COVID-19 ရောဂါအတွက် အထူးသီးသန့်ဖွင့်ထားတဲ့ ဆေးရုံကို ကျနော်တို့ပို့ထားပါတယ်။ သူ့ရဲ့ နမူနာတွေကို ဓါတ်ခွဲခန်းက တရုတ်ပြည်ဘက်ကို ပို့ထားပါတယ်။ တရုတ်ပြည်ဘက်မှာ စစ်တာ ဖြစ်ပါတယ်။ အဖြေကတော့ ဒီညနေလောက် သိရမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။
သံသယလူနာမှာ အသက် ၂၅ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ ၊ မိုင်းနား ကျေးရွာဘက်မှ လိုင်ဇာသို့ လာသူ ဖြစ်သည်ဟု သိရသည်။
ဗိုလ်မှူးကြီးနော်ဘူက “သူနဲ့ ဆက်စပ်နေတဲ့ သူ့ရဲ့သူငယ်ချင်းတွေ သူနဲ့ ထိတွေ့သူ အားလုံးကိုတော့ ကျနော်တို့ Quarantine လုပ်ထားပါတယ်”ဟုလည်း ပြောသည်။
လိုင်ဇာမြို့၌ မြို့ပြင်ပမှ ဝင်လာသူများအားလုံးကို ရောဂါခြေချုပ်ဖြင့် စောင့်ကြည့်ပြီး လက်ရှိတွင် သီးသန့်ခွဲကာ Quarantine အဖြစ် ထားရှိထားသူ ၁၀ ဦးကျော် ရှိသည်ဟု သိရသည်။
တရုတ်နိုင်ငံ၊ ဝူဟန်မြို့၏ တောရိုင်းတိရစ္ဆာန်ဈေးကွက်မှ စတင်ခဲ့သည့် COVID-19 ရောဂါပိုးသည် တကမ္ဘာလုံးသို့ ပြန့်နှံ့ကူးစက်နေပြီး မြန်မာနိုင်ငံတွင်လည်း မတ် ၂၃ က ရောဂါပိုး စတင်တွေ့ရှိခဲ့ သည်။
လက်ရှိတွင် မြန်မာနိုင်ငံတွင်း ရောဂါပိုး ကူးစက်ခံထားရသူ ၆၂ ဦး ရှိပြီဖြစ်ပြီး ထိုထဲမှ ၄ ဦး သေဆုံးသွားပြီ ဖြစ်သည်။ ရောဂါပိုး ကူးစက်ခံထားရသူများထဲမှ ၂ဦးမှာ ပြန်လည် ကောင်းမွန်လာပြီး လက်ရှိတွင် ရောဂါခြေချုပ်ဖြင့် ဆက်လက် စောင့်ကြည့်နေဆဲဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်
တိုင်းရင်းသား လက်နက်ကိုင်နယ်မြေများထဲက COVID -19 ကာကွယ်ရေး
COVID-19 ကာကွယ်ရန် “ဝ” နယ်စပ်ဂိတ်အားလုံး ယာယီ ပိတ်မည်
မိုင်းယန်းမြို့ထဲ ဝင်ခွင့်မရသည့် ရခိုင်တိုင်းရင်းသား ၂၇၀ ခန့်ကို မိုင်းလားအဖွဲ့ အလုပ်ပေးမည်