မြန်မာ- ထိုင်း နယ်စပ် မြဝတီမြို့ တံတားဂိတ်၌ တာဝန်ထမ်းခဲ့သော ဝန်ထမ်းသည် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှု ကျပ်ခြင်း ခံစားရသဖြင့် ပုသိမ်မြို့၊ ကုတင် ၅၀၀ ပြည်သူ့ဆေးရုံကြီးတွင် ဧပြီလ ၁၃ ရက်ကစတင်၍ သံသယလူနာ အဖြစ် စောင့်ကြည့်ကုသပေးမှုများ ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။
အဆိုပါ အသက် ၅၃ နှစ်အရွယ်အမျိုးသားမှာ ဧပြီလ ၁၂ ရက်နေ့က ပုသိမ်မြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာသို့ ပြန်ရောက် လာပြီးနောက် အထက်ပါ လက္ခဏာများကြောင့် မိသားစုဝင်များက ပုသိမ်ဆေးရုံသို့ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“လူနာက ဖျားတယ်၊ ချောင်းဆိုးတယ်၊ အသက်ရှူကြပ်တာတွေ ခံစားရတဲ့အတွက် သူ့မိသားစုက ပုသိမ် ဆေးရုံကို တင်ပို့လာပါတယ်။ သူ့ကို သံသယလူနာအဖြစ် ကျနော်တို့ သီးခြားထားရှိ ကုသပေးနေပါတယ်။ ဒီမနက်တော့ လူနာ အဖျားကျသွားပါပြီ။ ကျန်းမာရေးအခြေအနေလည်း ကောင်းပါတယ်”ဟု ပုသိမ်မြို့၊ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်က ဧရာဝတီကို ပြောသည်။
အဆိုပါ လူနာ၏နှာခေါင်းနှင့် အာခေါင်တို့ဖတ် နမူနာတို့အား ရန်ကုန်မြို့ရှိ၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာနသို့ ယနေ့ ပေးပို့၍ ဓာတ်ခွဲစစ်ဆေးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါက်တာ သန်းမင်းထွဋ်က ပြောသည်။
ထို့ပြင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့သူ Case – 32 နှင့်အတူ လားရှိုးမြို့မှ ရန်ကုန်မြို့သို့ ရွှေမန္တလာယာဉ်လိုင်းဖြင့် လိုက်ပါစီးနင်း လာသူ ၃ ဦးကို တာဝန်ရှိသူများက ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်တွင် တွေ့ရှိရသည့် အတွက် ၎င်းတို့ အား ကန်ကြီးထောင့်မြို့နယ်၊ ဒါးကတိုက်နယ်ဆေးရုံတွင် သီးခြား Quarantine ထားရှိကာ စောင့်ကြည့်မှုများ ဆောင်ရွက် ထားကြောင်း သိရသည်။
အဆိုပါ ကန်ကြီးထောင့်ဒေသခံ ၃ ဦးမှာ မတ်လ ၂၆ ရက်နေ့က လားရှိုးမြို့မှ ရန်ကုန်မြို့အထိ Case – 32 နှင့်အတူ ကားအတူစီးခဲ့ပြီး မတ်လ ၂၇ ရက်နေ့တွင် ၎င်းးတို့နေထိုင်ရာ ကျေးရွာများသို့ ပြန်လည်ရောက်ရှိခဲ့ရာ နေအိမ်တွင် ၁၄ ရက် Quarantine စောင့်ကြည့်မှု ခံယူခဲ့ကြောင်း သိရသည်။ ထိုအချိန်တွင် Case – 32 ၌ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိရသည့် အတွက် ၎င်းနှင့်ထိစပ်ခဲ့သူများကို တာဝန်ရှိသူများက လိုက်လံစုံစမ်းရှာဖွေကာ ဒါးကဆေးရုံသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူတို့တွေကို ဒါးကတိုက်နယ်ဆေးရုံကို ပို့ဆောင်ပြီးတော့ သီးခြားထားရှိ စောင့်ကြည့်မှုတွေ လုပ်ထားပါပြီ။ ၃ ဦးစလုံး ကျန်းမာရေး ကောင်းပါတယ်။ သူတို့ရဲ့မိသားစုဝင်တွေကိုတော့ နေအိမ်မှာပဲ စောင့်ကြည့်မှုတွေ လုပ်နေပါတယ်”ဟု ကန်ကြီးထောင့်မြို့နယ်၊ အမှတ် ၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုးထွန်းက ပြောသည်။
ဒါးကတိုက်နယ်ဆေးရုံတွင် စောင့်ကြည့်မှုခံယူနေရသူ ၃ ဦးမှာ ကန်ကြီးထောင့်မြို့နယ်၊ ညောင်ချောင်းအုပ်စု၊ ဝဲရွာရွာမှ အမျိုးသား ၂ ဦးနှင့် ခုံဇင်ကုန်းအုပ်စု၊ ကံကုန်းကျေးရွာမှ အမျိုးသမီး ၁ ဦးတို့ဖြစ်ပြီး ၎င်းတို့၏ နှာခေါင်းနှင့် အာခေါင်တို့ဖတ်စ များကို ယမန်နေ့က ရန်ကုန်မြို့ရှိ၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာနသို့ ပေးပို့၍ ဓာတ်ခွဲစစ်ဆေးမှုများ ဆောင်ရွက်ထားကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်နေ့မှ ဧပြီလ ၁၃ ရက်နေ့အထိ ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် COVID – 19 ရောဂါပိုးရှိသူ ၆၂ ဦး တွေ့ရှိထားသည်။
တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့မှ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလက စတင်ပြန့်နှံ့ခဲ့သည့် ကူးစက်မြန် ပြင်းထန် အဆုတ်ရောင်ရောဂါ ကိုရိုနာ ဗိုင်းရပ်စ်မှာ လက်ရှိတွင် ကမ္ဘာတဝှမ်းလုံးရှိ လူပေါင်း ၁၉ သိန်းကျော် ကူးစက် ခံထားရပြီး အဆိုပါလူနာများအနက် လူပေါင်း ၁ သိန်း ၂ သောင်းနီးပါး သေဆုံးခဲ့ကာ လူပေါင်း ၄ သိန်း၄ သောင်းကျော်မှာ ကျန်းမာရေးပြန်လည်ကောင်းမွန်ခဲ့ကြောင်း နိုင်ငံတကာသုတေသနဌာန၏ Worldometers ဝက်ဘ်ဆိုဒ်တွင် ဖော်ပြချက်အရ သိရသည်။
You may also like these stories:
လိုင်ဇာတွင် ကိုဗစ် သံသယရှိသူတွေ့၊ တရုတ်သို့ ဓါတ်ခွဲနမူနာပို့ စစ်ဆေးနေ