တလကျော်ကာလ ထိုင်ဝမ်တွင် ယနေ့ ဧပြီလ ၁၄ ရက် အင်္ဂါနေ့သည် ပထမဆုံးအကြိမ် Covid-19 ရောဂါကူးစက်မှု မတွေ့သောနေ့ဖြစ်သည်။ ထိုင်ဝမ်၏ စောလျင်ပြီး ထိရောက်သော ရောဂါကာကွယ်ရေး နည်းစနစ်များ၏ နောက်ဆုံး ရရှိသော အကျိုးရလဒ်လည်း ဖြစ်သည်။
ကျန်းမာရေးပါရဂူများက ထိုင်ဝမ်၏ ဗိုင်းရပ်အပေါ် ကိုင်တွယ်ပုံအား ချီးမွမ်းကြသည်။ ထိုင်ဝမ်သည် တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ရောဂါပိုး စတင်ပျံ့နှံ့ပြီးနောက် ဒီဇင်ဘာ ၃၁ ရက်က စပြီး ဝူဟန်မှ ရောက်လာသူများကို စစ်ဆေးသည်။
ထိုင်ဝမ်တွင် ဗိုင်းရပ်ကူးစက်သူ ၃၉၃ ဦးရှိပြီး ၆ ဦး သေဆုံးသည်။ ၃၃၈ ဦးသည် ထိုင်ဝမ်သို့ ဝင်မလာမီ ပြည်ပတနေရာရာတွင် ရောဂါကူးစက်ခံလာရသူများ ဖြစ်သည်။ ကျန်သူများမှာ ပြည်တွင်းတွင် အချင်းချင်း ကူးစက်သူများဖြစ်သည်။
“ဟုတ်ပါတယ်။ ဒီဟာက ပြီးဆုံးသွားဖို့ကို ကျနော်တို့လည်း မျှော်လင့်နေတယ်” ဟု ထိုင်ဝမ် ကျန်းမာရေးဝန်ကြီး ချန်ရှီချွန်းက နောက်ဆုံးအခြေအနေအကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ “ဒါပေမယ့် ကျနော်တို့ရဲ့ အကာအကွယ်တွေကို ကျနော်တို့ လိုအပ်နေတုန်းပါ။ ပျော်တာပေါ့။ ဒီနေ့ ပိုးထပ်မတွေ့တော့တာကြောင့် ပျော်ပါတယ်။”
ရောဂါပိုးကူးစက်မှု မတွေ့ကြောင်း နောက်ဆုံးကြေညာခဲ့သည်မှာ မတ်လ ၉ ရက်က ဖြစ်ကြောင်း ချန်ရှီချွန်းက ဆိုသည်။ ယင်းနောက် ယခုအခါ ပိုးပျံ့နေပြီဖြစ်သော အမေရိကားနှင့် ဥရောပနိုင်ငံများထံမှ ထိုင်ဝမ်ကျွန်းဆီ ပြန်လာသူများကြား ရောဂါပိုး ပြန်တွေ့လာခဲ့ပြန်သည်။
ရောဂါပိုးကူးစက်ခံရပြီး ပြန်ကောင်းမွန်ကာ ဆေးရုံမှ ဆင်းသွားသူ ၁၂၄ ဦးရှိကြောင်း ထိုင်ဝမ်အစိုးရက ကြေညာသည်။
သို့ရာတွင် ထိုင်ဝမ်သို့ ဝင်လာသူ မည်သူမဆို ၁၄ ရက် ကွာရန်တင်း ဝင်ရန်အပါအဝင် စည်းကမ်းတင်းကြပ်မှုများက ရှိနေသေးသည်။ အပြည်ပြည်ဆိုင်ရာမှ လေယာဉ်အရေအတွက်ကလည်း အလျင်အမြန် လျော့ကျနေသည်။
ဗိုင်းရပ်ကြောင့် လုံးဝဥဿုံ ပိတ်ဆို့ကန့်သတ်ခြင်းကို ထိုင်ဝမ်က မပြုလုပ်ပါ။ နေ့စဉ်ဘဝက ပုံမှန်အတိုင်းဖြစ်သည်။ ခပ်ခွာခွာနေထိုင်ရေး၊ အများပြည်သူသုံး ခရီးသည်တင်ယာဉ်များအတွင်း နှာခေါင်းစည်းတပ်ဆင်ရေးတို့ကိုမူ အစိုးရက ထိန်းကွပ်ထားသည်။
ကိုးကား။ ။ Reuters
You may also like these stories:
ထိုင်ဝမ်၏ ကိုဗစ်-၁၉ တုန့်ပြန်မှု ကမ္ဘာ့အကောင်းဆုံးများတွင် ပါဝင်
ကိုဗစ်-၁၉ က ကမ္ဘာ့ခေါင်းဆောင်များကို စမ်းသပ်နေ
Covid-19 လူနာသေဆုံးမှု အမေရိကန် အမြင့်ဆုံး ဖြစ်လာပြီ