အဆိုတော်ဂျေမီ နှင့် မိသားစုဝင် နှစ်ဦးကို COVID-19 ပိုးစစ်မည်ဖြစ်ပြီး Facility Quarantine ဝင်ရန်အတွက် ၎င်းတို့ နေထိုင်ရာ နေအိမ်မှ ယနေ့တွင် ခေါ်ယူသွားပြီဖြစ်ကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
စမ်းချောင်းတောင် ရပ်ကွက်၊ ဦးဖီးလမ်းတွင် နေထိုင်သော အဆိုတော် ဂျေမီ၊ ၎င်း၏ ဇနီး နှင့် သမီးဖြစ်သူကို ဧပြီ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက တောင်ဥက္ကလာပ ဆေးရုံတွင် COVID-19 ပိုးဆေးစစ်ခြင်းဖြစ်ကြောင်း စမ်းချောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော် က ပြောသည်။
စမ်းချောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော် က “ဂျေမီရယ် သူ့မိန်းမရယ် သူ့သမီးရယ်ပါ။ သူတို့က ဒီနေ့ တောင်ဥက္ကလာကို တိုင်းကျန်းမာ အစီအစဉ်နဲ့ စစ်ဆေးမယ်ပေါ့။ ပြီးရင် လှိုင်က သူ့အတွက် သက်သက်ထားမယ့် နေရာမှာ Quarantine ထားမယ်ပေါ့။ ၃ နာရီ ၄၀ လောက်မှာ ထွက်သွားပါတယ်” ဟု ပြောသည်။
အဆိုတော် ဂျေမီသည် COVID-19 ပိုးတွေ့ရှိခဲ့သူနှင့် အခမ်းအနားအတူ တက်ရောက်ခဲ့သည့် အတွက် ယခုကဲ့သို့ ပိုးတွေ့ရှိ၊ မရှိကို စစ်ဆေးခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုတော်ဂျေမီကို တရားဟောဆရာ ဒေးဗစ်လား ၏ ဘာသာရေးပွဲအချို့တွင် တခါတရံ တွေ့ရသည်။
အစိုးရက Covid-19 ကာကွယ်ရေး အတွက် တားမြစ်ချက်များ ထုတ်ပြန်ထားပြီနောက် ကျင်းပခဲ့သော တရားပွဲကို တက်ရောက်ခဲ့သည့် Iron Cross (IC) တေးဂီတအဖွဲ့ ၏ အဆိုတော် ဦးမျိုးမင်းဌေး (ခ) မျိုးကြီး၊ တရားဟောဆရာ ဒေးဗစ်လားနှင့် ထိုပွဲကို တက်ရောက်ခဲ့သူ အချို့တွင် COVID-19 ရောဂါပိုး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဧပြီလ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုဦးက “အဲဒီနေ့ အဲဒီအခမ်းအနားမှာ တက်ခဲ့တဲ့ မနေ့ကတုန်းက ကျန်းမာရေးဝန်ကြီးဌာနက positive ဖြစ်တယ်ဆိုပြီးတော့ ကြေညာတဲ့ လူတစ်ချို့နဲ့ ထိတွေ့ခဲ့တဲ့ ၊ အဲဒီပွဲကို တက်ခဲ့တဲ့၊ လူတယောက် ဖြစ်ပါတယ်” ဟု ဆိုသည်။
အဆိုတော် ဂျေမီ၏ ဖခင်ဖြစ်သူ ဒါရိုက်တာ ဦးအောင်ကိုလတ် က “သူတို့သွားပြီတော့ ဒီနေ့အစစ်ခံတယ်။ Quarantine ဝင်တာတော့ မပြောသေးဘူး။ ဥက္ကလာကို သွားခိုင်းလို့ သွားတယ်တော့ ပြောတယ်” ဟု ဆိုသည်။
ယခုကဲ့သို့ သွားရောက်စစ်ဆေးခံသူ သုံးဦးမှာ ကျန်းမာလျှက်ရှိပြီး ၎င်းတို့နေထိုင်ရာနေအိမ်ကို အန္တာရာယ်ကင်းရှင်းစေရန် သက်ဆိုင်ရာမှ ဆောင်ရွက်မည်ဖြစ်ကြောင်း စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုဦးက ၎င်း၏ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားထားသည်။
အဆိုတော် ဂျေမီနှင့် မိသားစုဝင်များကို လှိုင်မြို့နယ်ရှိ Facility Quarantine Centre ရှိ မြတ်လေးဆောင်တွင် ထားရှိမည်ဟုလည်း ဦးဘိုဘိုဦး က ထည့်သွင်းရေးသားထားသည်။
မတ်လ ၂၃ ရက်နေ့မှ ဧပြီလ ၁၄ ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၆၂ ဦး ရှိပြီဖြစ်ပြီး သေဆုံးသူ ၄ ဦး ရှိကာ ပိုးတွေ့ပြီးပြန်လည် သက်သာလာသူ ၂ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကူးစက်ကပ် ရောဂါ (Pandemic) အဖြစ် သတ်မှတ်ထားသည့် COVID-19 သည် တကမ္ဘာလုံး အတိုင်းအတာဖြင့် ဧပြီ ၁၃ ရက်အထိ သေဆုံးသူ ၁၁၁,၈၂၈ ဦး ရှိပြီ ဖြစ်ပြီး COVID-19 ပိုးတွေ့လူဦးရေ ၁ ဒသမ ၇ သန်းကျော် ရှိပြီ ဖြစ်သည်။
You may also like these stories:
“အခြေခံလူတန်းစားတွေ ဘာမှမဖြစ်စေနဲ့”လို့ ဆုတောင်းပေးတဲ့ အဆိုတော် ယုန်လေး
Quarantine နေရမည့်သူများ ကြည်ဖြူစွာနေရန် နိုင်ငံတော်အတိုင်ပင်ခံ တိုက်တွန်း