ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်တွင် မယားပါသမီးဖြစ်သူအား အဓမ္မပြုကျင့်ခဲ့သည့် ကိုလတ်(ခေါ်) နိုင်ဟိန်းလတ် ဆိုသူအား သက်ငယ်မုဒိမ်းမှု ပုဒ်မ ၃၇၆ ဖြင့် ဧပြီလ ၁၃ ရက်နေ့က ဖမ်းဆီးကာ တောင်ဒဂုံရဲစခန်းတွင် အရေးယူထားကြောင်း သိရသည်။
တောင်ဒဂုံမြို့နယ်၊ အမှတ် ၁၇ ရပ်ကွက်၊ ကျန်စစ်သား ဣစ္ဆိတံအိမ်ရာ အနီးရှိ ပျံကျရပ်ကွက် တခုတွင် နေထိုင်သည့် အသက် ၁၄ နှစ်အရွယ် မိန်းကလေး၏ ခန္ဓာကိုယ် အနေအထားမှာ မူမမှန်သဖြင့် စစ်ဆေးရာမှ ပထွေးဖြစ်သူ၏ အဓမ္မပြုကျင့်မှုကို သိရှိရပြီး ကိုယ်ဝန် ၆ လ ရှိနေသည်ကို သိရသဖြင့် ၎င်း၏ဝမ်းကွဲ အစ်ကိုတော်စပ်သူက ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။
တောင်ဒဂုံမြို့နယ်ရဲတပ်ဖွဲ့မှူး၊ ဒုရဲမှူး စိုးဝင်း က “မနေ့က ကောင်မလေးရဲ့ အစ်ကိုဝမ်းကွဲကနေ တရားလိုလုပ်ပြီး သက်ငယ် မုဒိမ်းမှုနဲ့ အမှုဖွင့်တယ်။ သူ့ကို တောင်ဒဂုံရဲစခန်းမှာ ဖမ်းဆီးထားတယ်။ ပုဒ်မ ၃၇၆ အရ အသက် ၁၆ နှစ်အောက်ကို မုဒိမ်းကျင့်ရင် သဘောတူသည်ဖြစ်စေ၊ သဘောမတူသည်ဖြစ်စေ မုဒိမ်းမှု မြောက်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
တရားခံဟု ယူဆရသူအား သွားရောက်ဖမ်းဆီးရာတွင် ထွက်ပြေး တိမ်းရှောင် သွားခဲ့သော်လည်း အချိန်တိုအတွင်း ပဲခူးမြို့ရှိ ဘုရားကြီး လမ်းဆုံတွင် ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။
အဆိုပါ အဓမ္မပြုကျင့်ခံရသည့် မိန်းကလေးငယ်သည် မိခင်ဘက်မှ ပါလာသည့် သမီးဖြစ်ပြီး မိခင်တွင်လည်း ပထွေးဖြစ်သူ ကိုလတ်နှင့် ရသည့် ၃ နှစ်အရွယ် ကလေး ၁ ယောက်နှင့် ကိုယ်ဝန် ၆ လ ရှိနေသည်။ အဓမ္မ ပြုကျင့်ခံရသူ မိန်းကလေးနှင့် မိခင်တို့ မွေးဖွားသည့်အခါ အဆင်ပြေနိုင်ရေး အတွက်လည်း ကူညီသွားမည်ဟု တောင်ဒဂုံလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောသည်။
ဦးညီညီက “ကျနော်တို့ အဖွဲ့ချုပ်ရဲ့ ရပ်ကွက်အတွင်းရေးမှူးက မသင်္ကာလို့ မေးကြည့်ရင်း အမှုမှန်သိရပြီး ကျနော်ထံ ဖုန်းဆက်တာနဲ့ လိုက်သွားခဲ့တယ်။ အခုတော့ လူမှုဝန်ထမ်းကနေ ပြုကျင့်ခံကလေးကို ခေါ်သွားမယ်။ မွေးဖွားဖို့ကိုလည်း သူတို့ဆောင်ရွက်ပေးမယ်လို့ သိရတယ်” ဟု ပြောသည်။
၎င်းအဓမ္မပြုကျင့်ခံရသည့် မိန်းကလေးငယ် နှင့်အတူ မိသားစုမှာ နိုင်ငံတော်က ထောက်ပံ့သည့် အစီအစဉ်များ ရရှိမည်ဖြစ်သလို လွှတ်တော်ကိုယ်စားလှယ်များကလည်း လူသားခြင်း စာနာသည့် အနေဖြင့် ကျန်ရစ် မိသားစုများအတွက် အတွက် ဆန်ဆီများလည်း ပံ့ပိုးပေးသွားပါမည်ဟု သိရသည်။
သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများကို ထောင်ဒဏ်တသက်တကျွန်း ချမှတ်နိုင်သည့် ရာဇသတ်ကြီးပုဒ်မအား ပြင်ဆင်သည့် ဥပဒေကြမ်းကို နိုင်ငံတော်သမ္မတက မတ် ၂၆ ရက်နေ့တွင် လက်မှတ်ထိုး အတည်ပြု ပြဌာန်းလိုက်သည်။
ပြင်ဆင်လိုက်သည့် ရာဇသတ်ကြီး ပုဒ်မ ၃၇၆ တွင် အတည်ပြုပြဌာန်းလိုက်ပြီဖြစ်သည့်အတွက် အသက် ၁၂ နှစ်အောက်နှင့် မသန်စွမ်း အမျိုးသမီးများအပေါ် မုဒိန်းမှုကျူးလွန်သူများသည် အနည်းဆုံး ထောင်ဒဏ် အနှစ် ၂၀ မှ ထောင်ဒဏ် တသက်ပြစ်ဒဏ်ကျခံရမည်ဖြစ်သည်။
You may also like these stories:
ဖျာပုံတွင် သမီးအရင်းကို အကြိမ်ကြိမ် အဓမ္မပြုကျင့်သည့် ဖခင်အား ဖမ်းဆီ
တရားဟောဆရာ တဦးကို သက်ငယ်မုဒိမ်းမှုဖြင့် ဖမ်းဆီး အမှုဖွင့်