ဒုတိယ သမ္မတ ၂ ဖြစ်သူ ဦးဟင်နရီ ဗန်ထီးယူနှင့် မိသားစုကို COVID -19 (ကိုရိုနာ ဗိုင်းရပ်စ်) ရောဂါပိုး ရှိ၊ မရှိ မနေ့က စစ်ဆေးခဲ့ရာ ရောဂါပိုး တွေ့ ရှိရခြင်း မရှိကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။
လူမှုကွန်ရက် စာမျက်နှာများတွင် ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူသည် အင်းစိန်မြို့ နယ်မှ COVID -19 အ တည်ပြု လူနာများ ပါဝင်သည့် ဘာသာရေး အဖွဲ့ နှင့် တွေ့ ဆုံမှုများ ရှိခဲ့သည့် ဓါတ်ပုံများ ပျံ့ နှံ့လာပြီးနောက် မနေ့က စစ်ဆေး အတည်ပြုခဲ့ခြင်း ဖြစ်သည်။
ယနေ့ မနက် အစောပိုင်း ရရှိခဲ့သည့် ဓါတ်ခွဲ နမူနာယူ စစ်ဆေးသူ ဒုတိယသမ္မကြီးနှင့် မိသားစုဝင်များ၊ အနီးကပ် ထိတွေ့ ရသည့် ဝန်ထမ်းများ စုစုပေါင်း ၃၂ ဦးတွင် ရောဂါပိုး မရှိကြောင်း အတည်ပြုခဲ့သည်ဟု ဦးဇော်ဌေးက အိမ်တော် သတင်းထောက်များကို ပြောသည်။
“နိုင်ငံတော်အကြီးအကဲများရဲ့ သတင်း မေးမြန်းလာခြင်းအပေါ် ဖြေကြားပေးခြင်း ဖြစ်ပါတယ်။ တနိုင်ငံလုံးနဲ့ ဆိုင်တဲ့ စစ်ဆေးချက် အဖြေတွေကိုတော့ သက်ဆိုင်တဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်”ဟု ဦးဇော်ဌေးက ပြောသည်။
ယခုအခါတွင် နိုင်ငံတော်အကြီးအကဲများ၏ ကျန်းမာရေးအတွက် အဝင်-အထွက်ကို စိစစ်သတ်မှတ်ထားသူများမှအပ အထိအတွေ့ မရှိစေခြင်း၊ ကျန်းမာရေး Guideline များနဲ့အညီ စိစစ်ကြပ်မတ်ဆောင်ရွက်ထားခြင်းတို့ကို စနစ် တကျ ဆောင်ရွက်လျက်ရှိကြောင်းလည်း ယင်းသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
လူမှုကွန်ရက်တွင် ပျံ့ နှံ့လျက်ရှိသည် တရားဟောဆရာနှင့် ဒုတိယ သမ္မတတို့ တွေ့ဆိုသည့် ဓါတ်ပုံများသည် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့က ဓါတ်ပုံများ ဖြစ်ပြီး မြန်မာနိုင်ငံတွင် အစောဆုံး COVID -19 ကူးစက်မှုမှာ မတ်လ ၂၃ ရက်နေ့တွင် ဖြစ်ကြောင်း၊ အဆိုပါ ဘာသာရေးအဖွဲ့နှင့် ဒုတိယ သမ္မတသည် ယင်းရက်နောက်ပိုင်းတွင် တွေ့ဆုံမှု မရှိတော့ကြောင်း သိရသည်။
ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူသည် ချင်းတိုင်းရင်းသား၊ ခရစ်ယန် ဘာသာဝင် တဦးဖြစ်သလို တပ်မတော် အငြိမ်းစာ အရာရှိ၊ ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ချင်းပြည်နယ်မှ ရွေးကောက် တင်မြောက်ခံရသူတဦးလည်း ဖြစ်သည်။
ယင်းဘာသာရေးအဖွဲ့ နှင့် ထိစပ်မှု ရှိခဲ့သူ နိုင်ငံကျော် အဆိုတော် မျိုးကြီးတွင် COVID -19 ရောဂါပိုး ရှိကြောင်း အတည်ပြုချက် ရရှိခဲ့ပြီး ဖြစ်သည်။å
မြန်မာနိုင်ငံတွင် ဧပြီလ ၁၅ ရက်နေ့ နံနက်အစောပိုင်းအထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက COVID -19 ရောဂါပိုးတွေ့ ရှိသူ ၆၃ ဦးရှိပြီ ဖြစ်ကာ သေဆုံးသူ ၄ ဦး ရှိနေပြီ ဖြစ်သည်။
You may also like these stories:
ဒုတိယ သမ္မတ ဦးဟင်နရီ ဗန်ထီးယူတွင် COVID – 19 ရောဂါပိုး ရှိ၊ မရှိ ယနေ့ စစ်ဆေးမည်