တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်တွင် လူစုလူဝေးဖြင့် ဘုန်းကြီးပျံပွဲ ကျင်းပခဲ့သူများကို အရေးယူသွားမည် ဖြစ်ကြောင်း တနင်္သာရီတိုင်းအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဌာန ဝန်ကြီး ဦးကျော်မြင့်က ဧရာဝတီသို့ ပြောသည်။
ဝန်ကြီး ဦးကျော်မြင့် က “လောလောဆယ်မှာရေဖြူက ဘုန်းကြီးပျံကိစ္စနဲ့ မြိတ်က မင်္ဂလာပွဲကိစ္စကို သက်ဆိုင်ရာ အစိုးရအဖွဲ့ကနေ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားတာရှိပါတယ်။ အမိန့်ကတော့ ပြည်ထောင်စုအစိုးရ ကလည်း ထုတ်ထားသလို ကျနော်တို့တိုင်းအစိုးရအနေနဲ့လည်း ထုတ်ထားတာရှိပါတယ်”ဟု ပြောသည်။
COVID-19 ရောဂါပိုးသည် လူတဦးမှ အခြားလူတဦးသို့ ကူးစက်ခြင်းသည် ထိတွေ့မှုကြောင့် အများဆုံးဖြစ် သည်ကို နိုင်ငံတိုင်းက တွေ့ရှိခဲပြီးဖြစ်ကြောင်း၊ ထိုရောဂါမဖြစ်ပွားစေရန်အတွက် လူအများနှင့် ထိတွေ့မှု မဖြစ်ပေါ်စေရန် အတွက် ပြည်သူများ နေအိမ်ပြင်ပမထွက်ကြရန် ဧပြီလ ၅ ရက်နေ့က ဒေသန္တရအမိန့်ထုတ်ပြန် ထားသည်။
ထိုရောဂါပိုးနှင့်ထိတွေ့မှု တတ်နိုင်သမျှ နည်းသွားစေရန်အတွက် ပြည်သူများအနေဖြင့် လူစုလူဝေးဖြစ်စေမည့် အခမ်းအနားများ၊ ပွဲလမ်းသဘင်များမပြုလုပ်ကြရန်၊ ဘာသာရေးနှင့် ဆက်နွယ်သော လူမှုရေးဆိုင်ရာ အခမ်း အနားများကို ကန့်သတ်ရခြင်းဖြစ်ကြောင်းရှင်းပြထားသည်။
ထို့အပြင် ပုံမှန်/အပတ်စဉ် ဆောင်ရွက်လျှက်ရှိသော ဘာသာရေးဆိုင်ရာကိစ္စများကို မဖြစ်မနေဆောင်ရွက်ရန် လိုအပ်ပါက လူဦးရေအနည်းဆုံးဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ညွန်ကြားချက်အတိုင်း တိကျစွာလိုက်ရမည်ဟု တနင်္သာရီတိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။
ကူးစက်မြန်သည့် COVID-19 ရောဂါကာလအတွင်း အစိုးရထုတ်ပြန်ထားသည့် ဒေသန္တရအမိန့်ကို ဖောက် ဖျက်ကာ လူစုလူဝေးဖြင့် ရေဖြူမြို့နယ်က ဆရာတော်ဘုရား၏ ဈာပန အခမ်းအနား ကျင်းပခဲ့ခြင်းအပေါ် လူထုအကြားတွင်လည်း ဝေဖန်မှုများတွေ့နေရသည်။
ရေဖြူ၊ လွှတ်တော်ကိုယ်စားလှယ် ဦးကြည်စိုး က “ကျနော်တို့ကတော့ ဒေသန္တရအမိန့်ထုတ်ပြီးရင် လုပ်သင့် လုပ်ထိုက်တာကို လုပ်ပါလို့ ပြောထားတယ်။ အခုဆို ပြည်သူတွေကလည်း ဝေဖန်နေကြတယ်။ ဒါတွေ တိတိကျကျ ကိုင်တွယ်ဖြေရှင်းပေးဖို့ သင့်တယ်။ ဖမ်းသင့်ရင် ဖမ်း၊ အရေးယူသင့်ရင်လည်း အရေးယူ။ ဒီအမိန့်တွေကို ထုတ်ပြန်ပြီး မလိုက်နာလို့ရှိရင် မလိုက်နာတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို အရေးယူမယ် ဆိုတာမျိုးတွေ ရှိသင့်တယ်” ဟု ဆိုသည်။
ထားဝယ်မြို့၊ရေဖြူမြို့နယ်၊ (ဃ) ရပ်ကွက်၊ ဆင်သေကျေးရွာရှိ သာသနပါလကျောင်းတိုက် ဆရာတော် ဘုရားကြီး ဘဒ္ဒန္တ သုမေဓါ မထေရ်မြတ် သက်တော် (၈၃) နှစ်၊ သိက္ခာတော် (၆၃) ဝါသည် ဧပြီလ ၅ ရက်နေ့တွင် ပျံလွန်တော်မှုခဲ့သည်။
ထိုဈာပနာကို သုဿန်သို့ ပို့ဆောင်ရာတွင် သံဃာတော်များနှင့် ဘုရားဂေါပကများနှင့် ဒကာ၊ ဒကာမ များက ဧပြီလ ၁၂ ရက်နေ့တွင် လူဦးရေ ၂၀၀ ကျော်လိုက်ပါ ပို့ဆောင်ခဲ့သည်ဟု ဆင်သေကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ဝင်း က ဧရာဝတီသို့ ပြောသည်။
ဆင်သေကျေးရွာတွင် အိမ်ခြေ ၃၀၀ ခန့်ရှိပြီး လူဦးရေအားဖြင့် ၁ ထောင်ကျော်ရှိကြောင်း သိရသည်။
လူသားအားလုံး လက်မခံနိုင်သည့် ကိစ္စကို ဖောက်ဖျက်ကျူးလွန်သူအား ရဟန်းသံဃာဟု မခေါ်ဆိုထိုက်ပဲ ပြစ်မှု ကျူးလွန်သူဟုသာ သတ်မှတ်သင့်ကြောင်း၊ ပြစ်မှုဆိုခြင်းက မည်သည့် အဝတ်ကို ဝတ်၊ ဝတ်၊ မည်သို့ပင် နေထိုင်ပါစေ ပြစ်မှုက ပြစ်မှုသာဖြစ်သည့်အတွက် အရေးယူသင့်ပါသည်ဟု မြဝတီမင်းကြီး ကျောင်းတိုက် ဆရာတော် ဦးအရိယာဝံသာ ဘိဝံသက ဧရာဝတီသို့ မိန့်ကြားသည်။
ဆရာတော် ဦးအရိယာဝံသာ ဘိဝံသက “ဒီလိုကြောက်စရာကောင်းနေတဲ့ ရောဂါ ဖြစ်ပွားနေချိန်မှာ ဒီလိုမလုပ် လို့လည်း ဘာမှမဖြစ်ဘူး။ ဘာပညတ်ချက်မှလည်း မရှိဘူး။ ဘယ်ဘာသာရေး အကြောင်းပြချက်မှလည်း မရှိဘူး။ ဒီလို အချိန်အခါ လူစုလူဝေး မဖြစ်အောင်ပဲ လုပ်ရမှာ။ တကယ်လို့ ပိုးကူး မယ်ဆိုရင် အထုတ်နဲ့တောင် ထုတ်ရမှာ။ ဘယ်သူမှ ကပ်ခွင့်မရှိဘူး။ သံဃာတော်ဆိုတာ အများသဘောမကျတဲ့ဟာ ပိုတောင် မလုပ်ရဘူး။ ဒီလို လုပ်တယ်ဆိုတာ သာသနာတော်ကို အိုးမဲသုပ်တာနဲ့ အတူတူပဲ” ဟု ဆိုသည်။
ထိုဖြစ်စဉ်အား အရေးယူဆောင်ရွက်မှု အခြေအနေနှင့် ပတ်သက်၍ ရေဖြူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှိုင်းမောင်မောင် က “အသေးစိတ်ကို ကျနော်တို့ ဘက်က သေချာရင်ပြောပါ့မယ်။ အခုကတော့ စီစစ်ဆဲဖြစ်ပါတယ်။ စီစစ်ပြီးလို့ သေချာရင် ပြောပါ့မယ်”ဟု ပြောသည်။
အဆိုပါ ဘုန်းကြှီးဈာပနပွဲသို့ တနင်္သာရီတိုင်း လူမှုရေးဝန်ကြီး ဦးဟိုပင်လာရောက် အလှူငွေဆပ်ကပ်ခြင်း၊ ကန်တော့ခြင်းများ ပြုလုပ်ခဲ့သည်ဟုဆိုကာ ဝန်ကြီးအားလည်း အရေးယူသင့်ကြောင်း လူမှုကွန်ရက်တွင် ပြောဆိုနေကြသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး ဝန်ကြီးဦးဟိုပင်က ၎င်းသွားရောက်ခဲ့သည့် ဈာပနသည် ရေဖြူ ကံပေါက်ကျေးရွာက ဆရာတော်ဘုရားကြီး၏ ဈာပနဖြစ်ပြီး ဆင်သေကျေးရွာမှ ဘုန်းကြီးပျံပွဲမဟုတ်ကြောင်း၊ ဆင်သေကျေးရွာမှ ဈာပနပွဲကျင်းပသည့်အပေါ် အရေးယူရန်အတွက် မည်သည့်အဖွဲ့ဦးဆောင်သည်ကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သည်ဟု ဆိုသည်။
ဦးကြည်စိုး က “ကျနော်တို့လည်း အားမလိုအားမရဖြစ်နေတာပေါ့။ ကျနော်တို့က အစိုးရအဖွဲ့ ထဲမှာ မပါတော့ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ဘေးကနေ ဝေဖန်တာပဲရမယ်။ ဘုန်းကြီးကိစ္စ ဆိုတော့ အောက်ခြေကလည်း ချီတုံချတုန်ဖြစ်နေတယ်ထင်တယ်” ဟု ပြောသည်။
တချို့သော တိုင်းနှင့် ပြည်နယ်များတွင် အစိုးရထုတ်ပြန်ထားသည့် ဒေသန္တရအမိန့်များကို မလိုက်နာပါက ဆိုင်ရာပုဒ်မအလိုက် အရေးယူထောင်ချခြင်းများ ပြုလုပ်နေသည်ကို တွေ့ရသည်။
ရေဖြူမြို့နယ်တွင် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူဦးရေ ၅၈၄ ဦးရှိရာမှ ဧပြီလ ၁၄ ရက်နေ့တွင် နေအိမ် အသီးသီးသို့ ပြန်လည်စေလွှတ်လိုက်သူ ၄၃၇ ဦးရှိပြီဖြစ်သည့်အတွက် လက်ရှိတွင် Quarantine ဝင်နေသူ ၁၄၇ ဦးသာ ကျန်ရှိတော့သည်ဟု သိရသည်။