သတင်း

ပိုးတွေ့ လူနာ ၇၄ ဦး တွင် အထူးကြပ်မတ်ကုသနေရသည့် လူနာ ၁ ဦးသာရှိ

Want create site? Find Free WordPress Themes and plugins.

COVID-19 ရောဂါပိုးရှိသူ ၇၄ ဦးအထိ ရှိလာပြီဖြစ်သော်လည်း ပိုးတွေ့လူနာထဲမှ အသက်အရွယ်ကြီးရင့်ပြီး အခြားရောဂါအခံရှိသော လူနာ ၁ ဦးကိုသာ အထူးကြပ်မတ်ကုသနေရကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနထံမှ သိရသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့ရှိ ဝေဘာဂီဆေးရုံမှ အသက် ၅၀ ကျော်အရွယ်ရှိ လူနာ အမျိုးသမီးတဦးသာ  ရောဂါပြင်းထန်စွာ ခံစားနေရသဖြင့် အထူးကြပ်မတ်ခန်း (ICU) တွင် ဆေးကုသလျက်ရှိပြီး ဝေဘာဂီဆေးရုံရှိ အခြားလူနာများ နှင့် ကျန်တိုင်း နှင့် ပြည်နယ်များမှ ကိုဗစ်လူနာများသည် ကျန်းမာရေး ကောင်းမွန်လျက် ရှိကြောင်း ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှုးချုပ် ဒေါက်တာ သာထွန်းကျော်က ဧရာဝတီ သို့ ပြောသည်။

ဒေါက်တာ သာထွန်းကျော်က “အခုပိုးတွေ့တဲ့ လူနာတွေထဲမှာ ဝေဘာဂီဆေးရုံက ၁ ဦးပဲ ICU လို့ခေါ်တဲ့ အထူးကြပ်မတ်ဆောင်ထား ပြီးတော့ ကုသနေရပါတယ်။ ကျန်တဲ့လူနာတွေရဲ့ ကျန်းမာရေး အခြေအနေက တည်တည် ငြိမ်ငြိမ်ရှိပါတယ်။ ပြင်းပြင်းထန်ထန် ရောဂါခံစားနေရတဲ့ ၁ ယောက်ပဲ ရှိပါတယ်” ဟု ဆိုသည်။

လက်ရှိအချိန်တွင် ကိုဗစ်ရောဂါပိုးတွေ့ရှိသူများထဲတွင် အသက် ၅၀ အထက် လူနာပေါင်း ၂၃ ဦးရှိပြီး ထိုအထဲမှ ၃ ဦး သေဆုံးခဲ့သည်။

အသက် ၃၆ နှစ်မှ ၅၀ အတွင်းတွင် ကိုဗစ်လူနာ ၁၉ ဦး ရှိပြီး ၁ ဦးမှာ အခြားရောဂါအခံများ ရှိ၍ သေဆုံးသွား ပြီဖြစ်ကာ အသက် ၁၈ နှစ်မှ ၃၅ နှစ်အရွယ် ကိုဗစ်လူနာပေါင်း ၂၉ ဦးရှိပြီး ယင်းထဲတွင် သေဆုံးသူ ၁ ဦး မျှမရှိဘဲ ၁ ဦးမှာ ရောဂါပြန်လည်သက်သာလာ၍ ဆေးရုံမှ ပြန်ဆင်းခွင့်ရရှိထားသည်။

မြန်မာနိုင်ငံတွင် အသက် ၁၀ နှစ်အောက် ကိုဗစ်လူနာ ၃ ဦး အထိရှိပြီး ၎င်းတို့သည်လည်း ကျန်းမာရေးကောင်း မွန်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။

ကိုဗစ်ရောဂါအကြောင်းအပါအဝင် ကျန်မားရေးအသိပညာပေးနေသူ ဒေါက်တာဖြိုးသီဟ က “တဖက်ကလည်း အကြောက်မလွန်ဖို့နဲ့ တဖက်ကကျပြန်တော့လည်း ဒီအသက်အရွယ်တွေမှာ ဘာမှမဖြစ်ပါဘူးဆိုတဲ့ ခပ်ပေါ့ပေါ့ နေကြမှာဆိုးတယ်အဓိက လူငယ်ပိုင်းပေါ့။ အချက်အလက်တွေအရတော့ ကူးစက်ခံရမှုတွေကတော့ရှိတယ် ဆိုးဆိုးရွားရွားဖြစ်ကြတာကတော့ အသက်အရွယ်ကြီးသူတွေနဲ့ ရောဂါအခံရှိသူတွေပေါ့” ဟု ပြောသည်။

ကျန်းမာရေးစောင့်ရှောက်မှုအတွက် မပြည့်မစုံဖြစ်နေသော မြန်မာနိုင်ငံအနေအထားအရ ကူးစက်ခံရမှုနှုန်း  မြင့်တက် လာပါက ဆေးကုသရမည့် အပိုင်းများတွင် ဝန်ထုပ်ဝန်ပိုးဖြစ်လာမည်ကို စိုးရိမ်ကြောင်း၊ ယင်းကြောင့် ကူးစက်ပြန့်နှံ့မှုနှုန်းကို တတ်နိုင်သ၍လျော့ကျအောင် လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ကိုဗစ်ရောဂါပိုးရှိသည့် လူနာ ၇၄ ဦး ရှိပြီး ၄ ဦးမှာ သေဆုံးကာ ၂ ဦးမှာ ပြန်လည်သက်သာ ကောင်းမွန်လာလျက်ရှိပြီး သေဆုံးသူ ၄ ဦးသည် ၁ ဦးမှာ အသက် ၄၇ အရွယ် နှင့် ကျန်သုံးဦးမှာ အသက် ၆၀ အရွယ် ၂ ဦး နှင့် အသက် ၈၅ နှစ်အရွယ် ၁ ဦးတို့ ဖြစ်ပြီး ၎င်းတို့ အားလုံးတွင် အခြား ရောဂါအခံများရှိထားကြသူများဖြစ်သည်။

ကမ္ဘာ့နိုင်ငံများတွင်လည်း ကိုဗစ်ရောဂါပိုး ကူးစက်ခံရပါက အသက်အရွယ်ကြီးသူများနှင့် ရောဂါအခံရှိသူများ သာ ရောဂါဝေဒနာပြင်းပြင်း ထန်ထန် ခံစားရကာ အများဆုံးသေဆုံးရလျက်ရှိသည်။

အသက်အရွယ် ၈၀ အထက် သေဆုံးမှုသည် ၁၅ ရာခိုင်နှုန်း၊ အသက် ၇၀ မှ ၇၉ အရွယ်သည် ၈ ရာခိုင်နှုန်း၊ အသက် ၆၀ မှ ၆၉ သည် ၄ ရာခိုင်နှုန်း၊ အသက် ၅၀ မှ ၅၉ သည် ၁.၃ ရာခိုင်နှုန်း အထိရှိပြီး အသက် ၁၀ မှ ၃၉ သည် ဝ. ၂ ရာခိုင်နှုန်းသာ ရှိကြောင်း ကျန်းမာရေးအဖွဲ့ အစည်းများ၏ စစ်တမ်းများအရ သိရသည်။

လက်ရှိအချိန်တွင် တကမ္ဘာလုံး၌ ကိုဗစ်ရောဂါပိုးရှိသူ ၂ သန်း ရှိပြီး ၅ သိန်းဝန်းကျင်မှာ ပြန်လည်သက်သာ  ကောင်းမွန်လာလျက်ရှိကာ သေဆုံးသူမှာ ၁ သိန်း ၃ သောင်းခန့် အထိရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ထံမှ သိရသည်။

 

Did you find apk for android? You can find new Free Android Games and apps.
Loading