အကြောင်းကြောင်းကြောင့် COVID -19 ရောဂါ ကူးစက်ခံရသူများကို အပြစ်ဖို့ဆက်ဆံခြင်းမပြုဘဲ ကိုယ်ချင်းစာတရား ထားကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုလိုက်သည်။
COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် မွန်ပြည်နယ်မှ ပြည်သူ ၃ ဦး နှင့် ယနေ့ ဆွေးနွေးမှုများ ပြုလုပ်စဉ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က ယင်းကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က “အားလုံးကတော့ ကိုယ်ချင်းစာတရားတော့ ရှိရမှာပေါ့။ ဘယ်သူမဆို ဖြစ်နိုင်တာပဲ။ သူများရောဂါဖြစ်ပြီဆိုရင် အပြစ်သားကြီးလိုလို ရာဇဝတ်သားကြီးလိုလို တခါတည်း ရန်လိုစိတ်တွေနဲ့ ဆက်ဆံရင် ကိုယ်ဖြစ်လို့ ရှိရင်လည်း ဒီလိုပဲ ဆက်ဆံခံရင် ဘယ်လိုခံစားမလဲ စဉ်းစားလေ။ ဘယ်သူမှတော့ ဖြစ်ချင်လို့ မဟုတ်ဘူး”ဟု ပြောသည်။
နိုင်ငံပြင်ပမှ ဝင်ရောက်လာသူများကို နိုင်ငံတော်၏ မူအရ လက်ခံပေးမည်ဖြစ်ပြီး ထိုကဲ့သို့ ဝင်ရောက်လာသူများ အနေဖြင့် အသွားအလာ ကန့်သတ်မှုများကို လိုက်နာရန် လိုအပ်ကြောင်းနှင့် နယ်ခံများအနေဖြင့်လည်း ရန်သူတွေလို သဘော မထားရန် ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် က “နယ်ခံတွေကလည်း စိတ်ထားတတ်ရမယ်။ အခုဆိုရင် အကြောက်တရားနဲ့တူတူ ဒေါသတွေက များလာတော့ ဒါဘယ်သူ့ကိုမှ အထောက်အကူမပြုဘူး” ဟု ပြောသည်။
လက်တလောတွင် COVID-19 ကူးစက်မှုရှိ၊ မရှိစောင့်ကြည့်ခံလူနာများ၊ ကိုင်တွယ်ကုသနေသည့် ဆရာဝန်များကို လက်မခံသည့် ကိစ္စများ၊ ပြည်ပနိုင်ငံမှ ပြန်ရောက်လာသည့် COVID -19 ကူးစက်ခံရသူများကို ပြစ်တင်ဝေဖန်မှုများ ဖြစ်ပွားလျက်ရှိနေသည်။
ယနေ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ဆွေးနွေးမှု ပြုလုပ်ခဲ့သည့် မွန်ပြည်နယ်မှ စေတနာ့ဝန်ထမ်း တဦးက “ရပ်ကွက်ထဲမှာနေတဲ့ ကလေးတွေဆို နေလို့မရတော့ဘူး။ အဲဒီကလေးတွေဆိုရင် ရုံးမှာ ခေါ်ထားရတာရှိတယ်။ Volunteer တွေရပ်ကွက်ထဲမှာ နေလို့ မရတော့ဘူး။ လူနာတွေပို့ပြီးသွားရင် မင်းတို့ပါနေလိုက်တော့ဆိုပြီး အပြောခံရတာလည်း ရှိတယ်” ဟု ဆိုသည်။
ထို့အပြင် တိုင်းနှင့် ပြည်နယ် အချို့တွင် ပြည်ပနိုင်ငံများမှ ပြန်ရောက်လာသူများကို သီးခြား စောင့်ကြည့်ရန် ထားရမည့် နေရာများကို ကန့်ကွက်မှုများ ရှိခြင်း၊ COVID-19 ပိုးတွေ့လူနာများအား ဆေးရုံ အပြောင်းအရွှေ့ ပြုလုပ်မှုကို ဒေသခံများက လက်မခံခြင်း စသည့် အခြေအနေများလည်း ဖြစ်ပေါ်လျက်ရှိသည်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက်က ပြည်ပနိုင်ငံများမှ ပြန်ရောက်လာသူများကို ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့က မအူပင်မြို့ အမှတ် ၆ ရပ်ကွက်ရှိ အမှတ် ၁ အထက်တန်းကျောင်းနှင့် မအူပင်တက္ကသိုလ်ရှိ အဆောင်များတွင် ၁၄ ရက် သီးခြား ထားရှိကာ စောင့်ကြည့်ရန် စီစဉ်သည်ကို ကန့်ကွက်ဆန္ဒပြမှုများ ရှိခဲ့သည်။
ချင်းပြည်နယ် တီးတိန်မြို့တွင် ကုသနေသော COVID-19 လူနာများအား ဆေးဝါးနှင့် အထောက်အကူပစ္စည်း ပိုမိုစုံလင်သော ကလေးမြို့သို့ ရွှေ့ပြောင်းမှုတွင်လည်း မြို့ခံလူထုက လက်မခံသည့်ကြောင်း အခက်အခဲများ ကြုံနေရကြောင်း တီးတိန်မြို့နယ် COVID-19 Emergency Committee မှ စေတနာ့ ဝန်ထမ်း ကိုထောင်းရှန်းတုန်း က ပြောသည်။
၎င်း က “ကလေးပြည်သူ့ဆေးရုံကို လွှဲမယ်ဆိုပြီး ကြားလာတော့ ကျနော်တို့က ဆေးရုံအုပ်ကြီးကို ဖုန်းဆက်မေးကြည့်တော့ တရားဝင်စာတော့ ထွက်မလာသေးဘူး ဆိုပြီး ပြောတယ်။ ဒါပေမယ့် ကလေးမြို့က အရပ်ဘက် အဖွဲ့အစည်း အသီးသီးက ကလေးမြို့ကို ပေးမဝင်ဘူး ဆိုတာမျိုးတွေက အရေးပေါ် အစည်းအဝေးတွေ ခေါ်ပြီးမှ လုပ်ကြတယ်ဆိုတော့ လူနာကို တခြားနေရာ ရွှေ့ဖို့ဆိုတာ အခက်အခဲရှိနေတာပေါ့” ဟု ဆိုသည်။
ကလေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အေးအေးမူ က “လူထုကတော့ စိုးရိမ်တယ်ပေါ့ ကျမတို့လည်း စိုးရိမ်တယ်။ ကျမတို့ ဆေးရုံကလည်း အရေးပေါ် လူနာထားဖို့ ၄ ခန်းပဲ ရှိတဲ့အခါကျတော့ ကျမတို့ ကလေးမြို့မှာလည်း သွေးစစ်ဆေးထားတာ ရှိတဲ့အတွက် positive လည်းထွက်လာနိုင်တယ် ဆိုပြီး ကျမတို့ စိုးရိမ်နေတယ်ပေါ့ ကျမတို့ ကိုယ်စားလှယ်တွေ အနေနဲ့ကတော့ ကျမတို့ကတော့ လုံးဝကန့်ကွက်တယ် ဆိုတာမျိုး ပြောပိုင်ခွင့် မရှိဘူး။ ဝန်ကြီးဌာန ဆုံးဖြတ်ချက် အပေါ်မှာ ဘယ်လိုပူးပေါင်း ဆောင်ရွက်မလဲ ဆိုတာပေါ့” ဟု ပြောသည်။
ထို့ကဲ့သို့ ဒေသခံ ပြည်သူလူထု၏ စိုးရိမ်ပူပန်မှုကြောင့် တီးတန်မှ လူနာလွှဲပြောင်းမှုနှင့် ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ဆက်သွယ်ခဲ့ရာ လူနာရွှေ့ပြောင်းမှုကို ဆိုင်းငံ့ပေးမည်ဟု သိရကြောင်း ဒေါ်အေးအေးမူက ဆိုသည်။
၎င်း က “ပြည်သူလူထုရဲ့ စိုးရိမ်တဲ့ အပိုင်းကိုလည်း အလေးအနက် ထားရတဲ့ အခါကျတော့ ဝန်ကြီးဌာနကို ဖုန်းဆက်တဲ့ အခါ ပြန်ပြီးတော့ ဆိုင်းငံ့ပေးမယ်လို့ ပြောပါတယ်။ အစကတော့ ဒီမနက်ပဲ ပို့မယ်လို့ ဆုံးဖြတ်ထားတာပေါ့။ တီးတိန်က ပို့မယ့် လူနာ ၃ ဦးကို ရပ်ဆိုင်းပြီးတော့ အခြေအနေ တခုအထိ စောင့်ကြည့်မယ်ပေါ့” ပြောသည်။
မတ်လ ၂၃ ရက်နေ့မှ ဧပြီလ ၁၅ ရက်နေ့ အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၇၄ ဦး ရှိပြီဖြစ်ပြီး သေဆုံးသူ ၄ ဦး ရှိကာ ပိုးတွေ့ပြီးပြန်လည် သက်သာလာသူ ၂ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကူးစက်ကပ် ရောဂါ (Pandemic) အဖြစ် သတ်မှတ်ထားသည့် COVID-19 သည် တကမ္ဘာလုံး အတိုင်းအတာဖြင့် ဧပြီ ၁၅ ရက်အထိ သေဆုံးသူ ၁၁၉,၀၄၄ ဦး ရှိပြီ ဖြစ်ပြီး COVID-19 ပိုးတွေ့လူဦးရေ ၁ ဒဿမ ၈ သန်းကျော် ရှိပြီ ဖြစ်သည်။