Covid-19 နှင့်ပတ်သက်သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အရေးယူဆောင်ရွက်မှုများကို စုံစမ်းစစ်ဆေးနေသည့် ရက်ပေါင်း ၆၀ မှ ၉၀ အတွင်း WHO သို့ အမေရိကန်နိုင်ငံ၏ ရန်ပုံငွေထည့်ဝင်မှုများကို ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က ဧပြီလ ၁၅ ရက်နေ့တွင် ကြေညာခဲ့သည်။ WHO သည် ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကို ဆိုးရွားစွာ စီမံခန့်ခွဲကာ ဖုံးကွယ်ထားသည်ဟု မနေ့က နှင်းဆီဥယာဉ်တွင် ကျင်းပသည့် အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲတွင် စွပ်စွဲပြီး WHO တွင် ဖြစ်ပျက်နေသည့် ကိစ္စများကို လူတိုင်းသိကြောင်းလည်း သူပြောသည်။
ကမ္ဘာတဝန်း ကူးစက်ရောဂါတိုက်ဖျက်ရေးတွင် ပါဝင်ပတ်သက်နေသူအားလုံး ထိုသတင်းကြောင့် တုန်လှုပ်ကြရသည်။ “ဒါဟာ WHO အတွက် အကျပ်အတည်းဖြစ်မယ့် အမြင်ကျဉ်းမြောင်းတဲ့ ဆုံးဖြတ်ချက်ပဲ” ဟု ဗြိတိန်နိုင်ငံ အီဒင်ဘတ်တက္ကသိုလ်မှ ကမ္ဘာ့ကျန်းမာရေး ကျွမ်းကျင်သူ ဒေဗီ ဆရီဒါး ပြောသည်။ “နိုင်ငံအားလုံး အထူးသဖြင့် ဝင်ငွေနိမ့်နဲ့ အလယ်အလတ် နိုင်ငံတွေကို ထောက်ပံ့ဖို့ ကျနော်တို့က WHO ကို အရင်ကထက် ပိုမိုလိုအပ်နေချိန်ဖြစ်တယ်” ဟု သူပြောသည်။
ထိုလုပ်ရပ်သည် ဆိုးကျိုးကိုသာဖြစ်စေပြီး အမေရိကန်နှင့် ကမ္ဘာကြီးကို ပိုမိုလုံခြုံမှု နည်းစေကြောင်း သမ္မတ အိုဘားမားလက်ထက်က အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၏ သဘာ၀ဘေးအန္တရာယ် တုံ့ပြန်ရေးလုပ်ငန်းများကို ဦးဆောင်ခဲ့ပြီး ယခုအခါ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေးဌာနတွင် ဝါရင့်သုတေသီ အဖြစ်ဆောင်ရွက်နေသူ ဂျရမီ ကိုနင်ဒိုက် ပြောသည်။ “ဒါဟာ အမေရိကန်အစိုးရရဲ့ ပျက်ကွက်မှု အပြစ်တွေကို လမ်းကြောင်းလွှဲပေးဖို့ ဗြောင်ကျတဲ့ အားထုတ်မှုဖြစ်တယ်” ဟုလည်း သူပြောသည်။
WHO သို့ ရန်ပုံငွေ ထည့်ဝင်ခြင်းကို ဆိုင်းငံ့မည်ဟု လွန်ခဲ့သောအပါတ်က ထရမ့်ခြိမ်းခြောက်စဉ်က WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရော့က ကမ္ဘာ့ခေါင်းဆောင်များအနေဖြင့် ယခုဖြစ်ပွားနေသော အကျပ်အတည်းကို နိုင်ငံရေးအတွက် အသုံးမချရန် တိုက်တွန်းခဲ့သည်။ “ကျနော်တို့ ကောင်းမွန်စွာ ပြုမူဆောင်ရွက်နိုင်ခြင်း မရှိရင် ကျနော်တို့ရှေ့မှာ အလောင်းထည့်ထားတဲ့အိတ်တွေ အများကြီးတွေ့နေရလိမ့်မယ်” ဟု သူပြောသည်။
ထည့်ဝင်ငွေ ပမာဏ မည်မျှ ဆိုင်းငံ့မည်ကို ထရမ့်က ထုတ်ဖေါ်ပြောကြားခြင်းမရှိပေ။ WHO ၏ ၂၀၁၈-၁၉ နှစ်နှစ်ကြာ ဘဏ္ဍာရေးရာသီတွင် အမေရိကန်ပြည်ထောင်စုသည် အများဆုံးလှူဒါန်းသည့် တခုတည်းသော နိုင်ငံဖြစ်ပြီး WHO ၏ ဒေါ်လာ ၅.၆ ဘီလျံ အသုံးစရိတ်တွင် ဒေါ်လာ သန်း ၉၀၀ နီးပါးထည့်ဝင်ထားသည်။ ယေဘုယျအားဖြင့် ဆိုရပါက အိမ်ဖြူတော်သည် ကွန်ဂရက်က ခွဲဝေသတ်မှတ်ပြီးသော ငွေကြေးများထုတ်ပေးခြင်းကို အချို့သော ကိစ္စများတွင် ဆိုင်းငံ့ထားနိုင်သော်လည်း ထိုအသုံးစရိတ်ကို တိုက်ရိုက်ပယ်ဖျက်ရာတွင်မူ ကွန်ဂရက်၏ အတည်ပြုချက်ကို ရယူရန်လိုသည်။ ထရမ့်သည် WHO သို့ ချထားပေးပြီးဖြစ်သော်လည်း မလွှဲပြောင်းရသေးသော ငွေကို ကွန်ဂရက်ထံမှ အတိအလင်း ခွင့်ပြုချက်မတောင်းဘဲ အလားတူကိစ္စများတွင် သုံးရန် လမ်းကြောင်းလွှဲပေးနိုင်သည်။ WHO သို့ ပေးပို့ထားပြီးဖြစ်သော ငွေကိုမူ ပြန်လည်တောင်းခံရန် အိမ်ဖြူတော်အတွက် အခက်အခဲရှိမည်ဖြစ်သည်။
သို့သော် ထရမ့်၏ လုပ်ရပ်သည် ကိုဗစ်-၁၉ ကို ကမ္ဘာတဝန်းတိုက်ဖျက်ခြင်းကိုမူ အကြီးအကျယ် အနှောင့်အယှက် ဖြစ်စေမည်ဟု ဂျော့တောင်းတက္ကသိုလ် O’Neill Institute for National and Global Health Law မှ ဒါရိုက်တာ လောရင့်စ် ဂေါ့စတင်ပြောသည်။ “ WHO ဟာ နိုင်ငံရေးနဲ့ ရန်ပုံငွေ ထောင်ချောက်မှာ မိသွားရင် အခုလို လူ့သမိုင်းရဲ့ ထူးခြားတဲ့အချိန်မှာ အရေးပေါ်လိုအပ်နေတဲ့ ခေါင်းဆောင်မှုကို ပေးနိုင်မှာ မဟုတ်တော့ဘူး” ဟု သူပြောသည်။
WHO ၏ ပထမဆုံး သွေးစည်းညီညွတ်ရေးလေကြောင်းခရီးစဉ်သည် အာဖရိကနိုင်ငံများ ကိုဗစ်-၁၉ တိုက်ဖျက်ရေးကို ကူညီရန် အတွက် ဆေးဝါးအထောက်အပံ့များ သယ်ဆောင်ပြီး အီသီယိုပီးယားနိုင်ငံသို့ ထွက်ခွာသွားသောနေ့တွင် ထရမ့်၏ ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ “WHO ဟာ ကမ္ဘာ့ကူးစက်ရောဂါ စောင့်ကြည့်လေ့လာရေးကို ထောက်ပံ့ရေးကို လုပ်နေချိန်ဖြစ်ပြီး ကမ္ဘာတဝန်းက ဝင်ငွေနိမ့်နဲ့ အလယ်အလတ်ဝင်ငွေရှိတဲ့နိုင်ငံတွေမှာ ရောဂါရှာဖွေစမ်းသပ်တုံ့ပြန်မှုတွေကို အရှိန်မြှင့်တင်ပေးနေတယ်” ဟု ဂျော့တောင်းတက္ကသိုလ် ကမ္ဘာ့ကျန်းမာရေး သုတေသီ မက်သရူး ကာဗန်နော့ပြောသည်။ “အဲဒီလို တုံ့ပြန်မှုကို အခက်အခဲဖြစ်အောင် လုပ်လိုက်တာဟာ တရားမျှတမှု ကင်းမဲ့ရုံသာမက ဒီဗိုင်းရပ်စ်က ပြည်ပကနေ အမေရိကန်ကမ်းခြေကို ဘယ်လိုအလွယ်တကူ ရောက်လာတယ်ဆိုတာကို နာကျင်စွာလေ့လာနေရချိန်မှာ အမေရိကန်ပြည်သူ့ ကျန်းမာရေးအတွက်လည်း မယုံကြည်နိုင်လောက်အောင်ကို ဆိုးရွားလှပါတယ်” ဟုလည်း သူပြောသည်။
တရုတ်နိုင်ငံသည် WHO ၏ နှစ်စဉ် ဘဏ္ဍာငွေ အသုံးစရိတ်အတွက် နှစ်စဉ် ဒေါ်လာ သန်း ၄၀ အောက်သာ ထည့်ဝင်ကြောင်းနှင့် အမေရိကန်ပြည်ထောင်စုသည် ထိုထက် ဆယ်ဆမက ထည့်ဝင်နေကြောင်းလည်း ထရမ့်က သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။ “ဒီအဖွဲ့အစည်းရဲ့ ပင်မ ငွေကြေးထောက်ပံ့သူအနေနဲ့ အမေရိကန်ပြည်ထောင်စုဟာ အပြည်အ၀ တာဝန်ခံမှုကို တောင်းဆိုခွင့်ရှိတယ်” ဟု ထရမ့်ပြောသည်။ ထရမ့်က ခရီးသွားလာမှု ပိတ်ပင်ခြင်းကို WHO ၏ ဆန့်ကျင်မှုသည် “ညံ့ဖျင်းသော ဆုံးဖြတ်ချက်”ဟု သတ်မှတ်ပြီး ယင်းသည် “အသက်များကို ကယ်ဆယ်ရေးထက် နိုင်ငံရေးအရ မှန်ကန်ခြင်းကို ဦးစားပေးသော ဆုံးဖြတ်ချက်”ဟုလည်း ထရမ့်ပြောသည်။ ဖေဖေါ်ဝါရီလ ၂ ရက်နေ့တွင် စတင်သက်ဝင်သည့် တရုတ်နိုင်ငံမှ နိုင်ငံခြားသားများ အမေရိကန်ပြည်ထောင်စုသို့ ဝင်ရောက်ခွင့် ပိတ်ပင်ရန် သူ၏ ဆုံးဖြတ်ချက်သည် “အသက် ထောင်ပေါင်းမြောက်များစွာကို ကယ်တယ်”ခဲ့ကြောင်းလည်း သူပြောသည်။
ထရမ့်၏ ရှည်လျှားလှသော မကျေနပ်ချက်များစာရင်းတွင် WHO အနေဖြင့် နိုင်ငံတကာစိုးရိမ်ပူပန်ရသော အများပြည်သူ ကျန်းမာရေး အရေးပေါ်အခြေအနေ (PHEIC) အဖြစ်ကြေညာရန် နှောင့်နှေးခြင်း၊ ထို့ကြောင့် အဖိုးတန်သော အချိန်များဆုံးရှုံးရခြင်းနှင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက လူလူချင်းရောဂါကူးစက်မှု သံသယကို ယုံကြည်နိုင်သောအချက်အလက်ရရှိအောင် စုံစမ်းစစ်ဆေးရန် ပျက်ကွက်ခြင်းတို့ပါဝင်သည်။
နိုင်ငံတွင် ရှင်းမပြနိုင်သော နမိုးနီးယား အစုလိုက်အပြုံလိုက်ဖြစ်ပွာနေကြောင်း တရုတ်နိုင်ငံက WHO သို့ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင်အကြောင်းကြားခဲ့ပြီးနောက် WHO က အကျဉ်းချုံးစစ်ဆေးကာ ထိုအကြောင်းကို ဇန်နဝါရီလ ၄ ရက်နေ့တွင် လူမှုကွန်ရက်မှတဆင့် ကြေညာခဲ့သည်။ ရောဂါဖြစ်ပွားမှုများသည် စတင်ပေါ်ပေါက်ချိန်တွင် မကြာခဏ ဆိုသလို နားလည်ရန်ခက်ခဲကြောင်း ဂျော့တောင်းတက္ကသိုလ် လူထုကျန်းမာရေး သုတေသီ အဲလက်ဇန်းဒြား ဖီလန်က ပြောသည်။ “ ထူးဆန်းတဲ့ရောဂါတွေအပေါ် ကျမတို့ရဲ့နားလည်မှုနဲ့ အချက်အလက်တွေဟာ ပေါ်ပေါက်ကာစ အချိန်မှာ ပြောင်လဲနေတာ သဘာဝပဲဖြစ်ပါတယ်” ဟုလည်း သူပြောသည်။
PHIEC ကို ဇန်နဝါရီလ ၂၃ ရက်နေ့ WHO အရေးပေါ် ကော်မတီ အစည်းအဝေးတွင် ကြေညာခဲ့သင့်ကြောင်းကို ဖီလန် သဘောတူသည်။ WHO က ထိုရောဂါကူးစက်မှုသည် PHEIC ဖြစ်ကြောင်း နောက်တပတ်ကြာ ဇန်နဝါရီလ ၃၀ ရက်နေ့မှ ကြေညာခဲ့သည်။ ထိုစဉ်က တရုတ်နိုင်ငံပြင်ပတွင် ရောဂါဖြစ်ပွားမှု ၁၀၀ ပင်မပြည့်သေးဘဲ သေဆုံးမှုလည်း မရှိသေးပေ။ သို့သော် ဖီလန်က “ကမ္ဘာ့နိုင်ငံများအနေဖြင့် ကြိုတင်ပြင်ဆင်မှု လုပ်ဆောင်ရန် PHEIC ကြေညာသည်ကို စောင်နေရန်မလို” ဟု ပြောသည်။
ထို့အပြင် ထရမ့်က ရောဂါစတင်ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး တရုတ်သုတေသီများ သတင်းအချက်အလက်ဖလှယ်ခြင်းကို တရုတ်အစိုးရက ကန့်သတ်ထားခြင်းနှင့်ပတ်သက်ပြီး မကျေမနပ်ပြောသည်။ တရုတ်နိုင်ငံမှ သတင်းအချက်အလက်များကို WHO က အလွန်အကျွံ မှီခိုခြင်းသည် ကမ္ဘာတဝန်း ရောဂါကူးစက်မှုကို အဆ ၂၀ သို့မဟုတ် ထိုထက်မက ပိုမိုများပြားစေကြောင်း ထရမ့်ပြောပြီး ထိုရောဂါကူးစက်မှုကို ဖြစ်ပွားရာဒေသတွင်ပင် ထိန်းချုပ်နိုင်ခဲ့ရမည်ဟု သူပြောသည်။ “အဲဒီလိုသာ လုပ်နိုင်ခဲ့ရင် အသက်တွေ ထောင်ပေါင်းများစွာကိုကယ်တင်နိုင်ပြီး ကမ္ဘာ့စီးပွားရေးပျက်စီးမှုကို ရှောင်ရှားနိုင်ခဲ့မယ်” ဟု ထရမ့်ပြောသော်လည်း ထိုအချက်များကို သက်သေပြရန် မည်သည့် သိပ္ပံနည်းကျ အထောက်အထားကိုမျှ ထရမ့် ကိုးကားခဲ့ခြင်းမရှိပေ။
ဇန်နဝါရီလက တရုတ်နိုင်ငံကို ထရမ့်ကိုယ်တိုင်က ချီးကျူးခဲ့ခြင်းနှင့်ပတ်သက်ပြီး ယနေ့သတင်းစာရှင်းလင်းပွဲတွင် ထရမ့်ကို သတင်းထောက်တဦးကမေးသည်။ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ထရမ့်က တွစ်တာတွင် “ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်ဖို့ တရုတ်နိုင်ငံဟာ အရမ်းကို ကြိုးစားပမ်းစား လုပ်ဆောင်ခဲ့တယ်။ အမေရိကန်ပြည်ထောင်စုက တရုတ်နိုင်ငံရဲ့ အားထုတ်မှုနဲ့ ပွင့်လင်းမြင်သာမှုကို အသိအမှတ်ပြုတယ်။ ဒီလိုလုပ်တာ အားလုံးဟာ အဆင်ပြေစေလိမ့်မယ်။ အထူးပြောချင်တာကတော့ အမေရိကန်ပြည်သူတွေရဲ့ကိုယ်စား ကျနော် သမ္မတ ရှီကို ကျေးဇူးတင်ကြောင်းပြောချင်တာပါပဲ” ဟု ရေးသားခဲ့သည်။
ပထမတွင် ထရမ့်က ထိုမေးခွန်းကို ပယ်ချပြီး နောက်မှ “ကျနော်ဟာ တရုတ်နိုင်ငံအပေါ် သိပ်ကောင်းနေရင် အာ ကျနော်ဟာ ကျနော်တို့နယ်စပ်ကို တရုတ်အတွက် တင်းကျပ်စွာပိတ်ပင်ထားတဲ့ နိုင်ငံတခုရဲ့ တဦးတည်းသောခေါင်းဆောင် ဘယ်လိုဖြစ်လာနိုင်မလဲ” ဟု ဖြေသည်။ သတင်းထောက်က ထိုအချက်ကိုသာ ဖိမေးနေသောအခါ ထရမ့်က စကားကိုဖြတ်ပြီး “ဒီလောက်ဆိုရင် လုံလောက်ပါပြီ” ဟု ဖြေသည်။ (လက်တွေ့တွင်မူ တရုတ်နိုင်ငံမှ နိုင်ငံခြားသားများ နိုင်ငံတွင်းသို့ ဝင်ရောက်ခြင်းကို ပထမဆုံးပိတ်ပင်သည့်နိုင်ငံ သို့မဟုတ် တခုတည်းသောနိုင်ငံ မဟုတ်ပေ။)
တရုတ်နိုင်ငံသည် ဒီဇင်ဘာလ နှောင်းပိုင်းက ရောဂါစတင်ဖြစ်ပွားရာ ဝူဟန်မှ ဆရာဝန်များကို နှုတ်ပိတ်နေရန် ဖိအားပေးသောကြောင့် နိုင်ငံတကာ အသိုင်းအဝန်း၏ ဝေဖန်မှုသာမာ တရုတ်နိုင်ငံသားများ၏ ဝေဖန်မှုများကိုလည်း ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ်သစ် တွေ့ရှိခြင်းနှင့် ပတ်သက်သည့် အသေးစိတ်များကိုလည်း ချက်ခြင်းမျှဝေခြင်းမရှိခဲ့ပေ။ ထိုအကြောင်းကို ဝေါ့စထရိ ဂျာနယ်သတင်းစာက ဇန်နဝါရီလ ၈ ရက်နေ့တွင် ဖေါ်ပြခဲ့သည်။ သို့သော် ဖေဖေါ်ဝါရီလ နှောင်းပိုင်တွင်မူ တရုတ်နိုင်ငံသည် WHO က စီစဉ်သည့် နိုင်ငံတကာကျွမ်းကျင်သူများကို လက်ခံကြိုဆိုခဲ့ပြီး ဗိုင်းရပ်စ်ကူးစက်မှုကို လေ့လာတုံ့ပြန်ရန် လုပ်ဆောင်ခဲ့ပြီး အသေးစိတ်ကျယ်ပြန့်သော အစီရင်ခံစာဖြစ်လာခဲ့သည်။
WHO သို့ငွေကြေးထောက်ပံ့ခြင်းသည် နိုင်ငံတနိုင်ငံ ပါဝင်နေသည့် ကမ္ဘာ့အခန်းကဏ္ဍကို ကိုယ်စားမပြုကြောင်း ကျန်းမာရေးပညာရှင်များက ထောက်ပြခဲ့သည်မှာ ကြာမြင့်ပြီဖြစ်သည်။ WHO ၏ အသုံးစရိတ်သည် အမေရိကန်ပြည်ထောင်စုရှိ အဓိကဆေးရုံအချို့မှ အသုံးစရိတ်ထက်နည်းသည်။ အသုံးစရိတ်၏ ၅ ပုံ တပုံအောက်ကို အဖွဲ့ဝင် ၁၉၄ နိုင်ငံ၏ အဖွဲ့ဝင်ကြေးမှ ရရှိသည်။ ကျန်ငွေများကို အလှူရှင်များထံမှ ရှာဖွေရပြီး အမေရိကန်ပြည်ထောင်စုသည် အကြီးမားဆုံး အလှူရှင်ဖြစ်သည်။ “ရောဂါပြန့်ပွားမှု တခုချင်းမှာ နိုင်ငံတွေရဲ့ WHO အပေါ် မျှော်မှန်းချက်က ရန်ပုံငွေရရှိမှု အကန့်အသတ်တွေ၊ ဒီနိုင်ငံတွေက အဖွဲ့အစည်းအပေါ်ချမှတ်တဲ့ နိုင်ငံရေးနဲ့ ဥပဒေရေးရာ အခွင့်အာဏာတွေနဲ့ မဆိုင်ဘူး” ဟု ဖီလန်ပြောသည်။
အလှူရှင် အနည်းငယ်အပေါ် WHO ကမှီခိုနေရခြင်းကြောင့် အဖွဲ့အစည်းသည် ထိခိုက်လွယ်နေကြောင်း ဒီဇင်လာလပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတွင် WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရို့က ပြောသည်။ “သူတို့ထဲက တယောက်ယောက်က ရန်ပုံငွေမပေးရင် WHO ဟ အကြီးအကျယ် အကျပ်အတည်းတွေ့နိုင်တယ်” ဟု သူပြောသည်။
ကိုးကား။. ။ American Association for the Advancement of Science (AAAS) မှ ထုတ်ဝေသော Science
You may also like these stories:
ကမ္ဘာကြီးအတွက် COVID-19 ကပေးတဲ့ သင်ခဏ်းစာ ၅ ခု
Covid-19 လူနာသေဆုံးမှု အမေရိကန် အမြင့်ဆုံး ဖြစ်လာပြီ
ကိုဗစ်-၁၉ က ကမ္ဘာ့ခေါင်းဆောင်များကို စမ်းသပ်နေ