သတင်း

အဆိုတော်ဂျေမီ၏ အမျိုးသမီးတွင် COVID-19 ရောဂါပိုးတွေ့

Want create site? Find Free WordPress Themes and plugins.

အဆိုတော်ဂျေမီ၏ အမျိုးသမီးတွင် COVID-19 ပိုးတွေ့ရှိရသော်လည်း  ကလေး နှင့်  အဆိုတော်ဂျေမီတွင် ပိုးမတွေ့ရှိရကြောင်း စမ်းချောင်းမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

စမ်းချောင်းတောင် ရပ်ကွက်၊ ဦးဖီးလမ်းတွင် နေထိုင်သော အဆိုတော် ဂျေမီ၊ ဇနီး နှင့် သမီးဖြစ်သူတို့ကို ဧပြီ ၁၄ ရက်နေ့တွင် တောင်ဥက္ကလာပ ဆေးရုံ၌ COVID-19 ပိုးဆေးစစ်ခဲ့ခြင်း ဖြစ်သည်။

စမ်းချောင်းမြို့နယ် ကျန်းမာရေး ဦးစီးမှူး ဒေါ်မိမိခိုင်က “Case 77 က ဂျေမီ ရဲ့ အမျိုးသမီးပဲ၊ ကလေးနဲ့ သူနဲ့ကတော့ negative” ပါ ဟု အတည်ပြုသည်။

အဆိုတော်ဂျေမီသည် COVID-19 ရောဂါပိုး တွေ့ရှိခဲ့သူများ တက်ရောက်ခဲ့သော ဘာသာရေးပွဲကို တက်ရောက် ခဲ့သူဖြစ်သဖြင့် ၎င်းအပါအဝင် ဆက်စပ်သူ မိသားစုဝင်များကို စစ်ဆေးခဲ့ရာမှ ယခုကဲ့သို့ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဘာသာရေးပွဲကို တက်ရောက်ခဲ့သည့် Iron Cross (IC) တေးဂီတအဖွဲ့ ၏ အဆိုတော် ဦးမျိုးမင်းဌေး (ခ) မျိုးကြီး၊ တရားဟောဆရာ ဒေးဗစ်လားနှင့် ထိုပွဲကို တက်ရောက်ခဲ့သူ အချို့တွင် COVID-19 ရောဂါပိုး တွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဧပြီလ ၁၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

စမ်းချောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော် က “သူ (ဂျေမီ) တို့မိသားစုက ဒီမှာတအိမ်တည်း နေတာလေ ဘာသာရေးပွဲ (မိသားစု) ပါသွားလား မပါသွားလားဆိုတာတော့ ကျနော်သေချာမသိဘူး။ ကိုဂျေမီသွားတာကိုပဲ သိတယ်” ဟု ပြောသည်။

မတ်လ ၂၃ ရက်နေ့မှ ဧပြီလ ၁၆ ရက်နေ့ အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၈၅ ဦး ရှိပြီဖြစ်ပြီး သေဆုံးသူ ၄ ဦး ရှိကာ ပိုးတွေ့ပြီးပြန်လည် သက်သာလာသူ ၂ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကူးစက်ကပ် ရောဂါ (Pandemic) အဖြစ် သတ်မှတ်ထားသည့် COVID-19 သည် တကမ္ဘာလုံး အတိုင်းအတာဖြင့် ဧပြီ ၁၅ ရက်အထိ သေဆုံးသူ ၁၂၃,၁၂၆ ဦး ရှိပြီ ဖြစ်ပြီး COVID-19 ပိုးတွေ့လူဦးရေ ၁ ဒသမ ၉ သန်းကျော် ရှိပြီ ဖြစ်သည်။

ဆက်စပ်လင့်

အဆိုတော်ဂျေမီနှင့် မိသားစုကို COVID-19 ရောဂါပိုးစစ်ဆေး

Did you find apk for android? You can find new Free Android Games and apps.
Loading