ကရင်အမျိုးသား အစည်းအရုံး ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်အတွင်း COVID-19 ရောဂါ နှင့်ပတ်သက်၍ အရေးပေါ် စည်းကမ်း မလိုက်နာပါက အချုပ်(၄၅)ရက်နှင့်ဒဏ်ငွေ တသိန်း ပေးဆောင်ရမည်ဟု KNU ကထုတ်ပြန်သည်။
ယင်းထုတ်ပြန်ချက်ကို ဒူးပလာယာခရိုင် အတွင်းရှိ ဝင်းရေးမြို့နယ်၊ နို့တကောမြို့နယ်၊ ကျုံဒိုးမြို့နယ်၊ ကော့ကရိတ်မြို့နယ် များသို့ ဖြန့်ဝေထားပြီး ရပ်ကျေးအဆင့်ထိ အကောင်အထည် ဖေါ်ဆောင် သွားရမည်ဟု သိရသည်။
ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ၏ တပ်မဟာ ၆ လုံခြုံရေး တပ်ဖွဲ့မှူး ဗိုလ်မှူးစောရန်နိုင်က “အရေး ယူမှုစမယ် ဆိုတာက ၁၃ရက်နေ့က ထုတ်ပြန်တာ၊ ပထမတခေါက် က မတ်လ ၁၅ရက်နေ့ထုတ်ပြန် လိုက်တာ အခု နောက်ပိုင်း ပြောင်းလဲလာတဲ့ အခြေအနေအရ ဒါကို တိုးမြင့်လိုက်လိုက်တာ။ များသောအားဖြင့် နေရပ်ပြန်အလုပ်သမား တွေ ကျနော်တို့ မြို့ထဲကနေ ဖြတ်ပြန်သွားတာ များတယ်ဆိုတော့ ဒီလိုမျိုး ကြီးမားတဲ့ ပြစ်ဒဏ်တွေ လုပ်ရတာပေါ့”ဟု ပြော သည်။
ဒူးပလာယာခရိုင်နယ်မြေအတွင်း မြို့နယ် ၄မြို့နယ်၌ ရွာပေါင်း ၅၀၀ကျော်ရှိပြီး လူဦးရေအားဖြင့် တသိန်း ကျော်ရှိကာ ထိုင်းနိုင်ငံနှင့် နယ်မြေခြင်း ထိစပ်နေသည့်အတွက် လက်ရှိ ဒူးပလာယာခရိုင်တွင် စောင့်ကြည့်လူနာ ၅၀၀ခန့်ရှိသည်ဟု သိရသည်။
COVID-19 ရောဂါနှင့် ပတ်သက်ပြီး ဒူးပလာယာခရိုင်အတွင်း လူတိုင်းလိုက်နာဆောင်ရွက်ရမည့် အရေးပေါ် စည်းမျဉ်း စည်းကမ်းများနှင့် ကျေးရွာအဆင့်ထိ COVID-19 ရောဂါကာကွယ်ရေးအဖွဲ့များဖွဲ့စည်းရန်ကို ဒူးပလာယာခရိုင် အတွင်း ရေးမှူး ပဒိုစောလစ္စတန်က ဧပြီလ ၁၃ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ကရင်ပြည်နယ်ရှိ KNU တိုင်းရင်းလက်နက်ကိုင်နယ်မြေအတွင်း ထိုင်းနိုင်ငံမှ ပြန်လာသူများကို ကျေးရွာများရှိ သတ်မှတ် နေရာများတွင် ၂၁ရက်စောင့်ကြည့်ထားပြီး ကျန်းမာရေး စစ်ဆေးမှုတွေခံယူပြီးမှ ခရီးသွားလာကြရန်၊ နှာခေါင်းစည်း များ တပ်ပြီး သွားလာကြရန်နှင့် မလိုအပ်ပဲ ခရီးသွားလာသူများကိုလည်း ဒေသန္တရ စည်းကမ်းအရ သွားလာခွင့် ကန့်သတ်ထား သည်။
မြန်မာနိုင်ငံတွင် လက်ရှိအနေအထားအရ covid-19ရောဂါပြန့်ပွားမှုအခြေအနေက တနေ့ထက် တနေ့ ပိုတိုးလာသည့် အနေအထားတွင် ရှိသည်။ ၂၀၂၀ခုနစ်၊ မတ်လ ၂၃ရက်နေ့မှစ၍ ဧပြီလ ၁၆ရက်နေ့အထိ ပိုးတွေ့လူနာစုစုပေါင်း ၈၅ဦးရှိ နေပြီဖြစ်သည်။
ထို့ကြောင့် ဒူးပလာယာခရိုင်အတွင်း၌ COVID- 19 ရောဂါပြန့်ပွားမှု ထိန်းချုပ်သည့်အနေဖြင့် အရေးပေါ်စည်းကမ်း ချမှတ် ဆောင်ရွက်နေသောကြောင့် တနိုင်ငံလုံး ပိုးတွေ့လူနာ တိုးတက်မှု ဆုတ်ယုတ်မှု အခြေအနေပေါ် မူတည်ကာ စည်းကမ်း များကို ဖြေလျော့သွားမည်ဟု ဗိုလ်စောရန်နိုင်က ဆိုသည်။
KNU က ကျေးရွာများအတွင်း ရပ်ဝေးမှ ဧည့်သည်များကို လုံးဝလက်ခံခြင်း ခွင့်မပြုရန်၊ ရပ်ဝေး (သို့) ပြည်ပမှ ပြန်လာသူ များကို သတ်မှတ်ထားသော နေရာများတွင် (၃၇) ရက်ထားရှိပြီး ကျန်းမာရေး စောင့်ရှောက်မှုများ ထားရှိရန်၊ ရပ်ဝေး (သို့မဟုတ်)ပြည်ပမှ ပြန်လာသူများသည် အရေးပေါ် စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာ ရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လူစုလူဝေးနှင့် ပွဲလမ်းသဘင်များ မပြုလုပ်ရ၊ လိုအပ်ပါက အစည်းအဝေးများ၊ ထိမ်မြှားမင်္ဂလာအခမ်းအနားများ၊ သာရေး နာရေးများ၊ ဓလေ့ထုံးတမ်းနှင့် ဘာသာရေးများ ပြုလုပ်ရာတွင် တဦးနှင့် တဦး ၄တောင်(၆ပေ)ခြားနေပြီး လူဦးရေ (၁၂)ဦး ထပ်မပိုရဆိုသည့်အချက်လည်း ထည့်သွင်းထုတ်ပြန်ထားသည်။
တပ်တွင်းနေထိုင်မှုနှင့်ပတ်သက်၍ ဗိုလ်မှူးစောရန်နိုင်က“တပ်တွေကိုတော့ ပြီးခဲ့တဲ့ တလလောက်ကတည်းကနေ ညွန်ကြား ချက်တွေပေးထားတယ်။ မလိုအပ်ပဲနဲ့ ဘယ်မှ မထွက်ဖို့။ ကိုယ့်နေရာမှာပဲ ကိုယ်နေကြဖို့၊ နောက် လူမရှိတဲ့ နေရာတွေ မသွားဖို့ ပြောထားတယ်။ တချို့ တပ်သားတွေ ကျတော့ စောင့်ကြည့်ရေးနေရာတွေမှာ လုံခြုံရေးယူရတဲ့ တပ်သားတွေ လည်းရှိပါတယ်။ သူတို့တွေကိုလည်း လုံခြုံရေးယူတဲ့နေရာမှာပဲ ရက်အပြည့် နေခိုင်းထားတယ်”ဟု ပြောသည်။
ထို့အပြင် KNU က အိမ်တိုင်း အခြေခံရိက္ခာ (၃)လစာ စုဆောင်းထားရန်၊အခက်အခဲ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါ က ဦးစားပေး အခက်အခဲများကိုသာ ကျေးရွာတာဝန်ရှိသူများထံ အစီအစဉ်တကျ တင်ပြပေးရန်၊ ကျေးရွာ လူထုများ ရပ်ဝေးခရီးမသွားလာရ၊ အိမ်တွင်သာနေရန် တားမြစ်ထားသည်။
အရေးပေါ်ကိစ္စများ ပေါ်လာပါက ကျေးရွာလူကြီးထံသို့တင်ပြပြီး ကျေးရွာလူကြီး၏ထောက်ခံစာနှင့်သွားလာရန်၊ ဈေးဆိုင် များဖြစ်စေ အိမ်များဖြစ်စေ လူရှိနေသည့် အဆောက်အဦးများ ဖြစ်စေ လက်ဆေးရမည့် နေရာများ ထားရှိရန်ဖြစ်ကြောင်း KNUက အသိပေးထားသည်။
မည်သူမဆို ထုတ်ပြန်ထားသော စည်းကမ်းများကို ဖောက်ဖျက်ပါက ကျေးရွာတာဝန်ရှိသူများက စည်းကမ်း ဖောက်ဖျက် သူများကို ဒဏ်ငွေ တသိန်းကျပ်(သို့) အချုပ် ၄၅ရက် (သို့) ပြစ်ဒဏ်နှစ်ခု စလုံး ချမှတ်နိုင်သည်ဟု ဆိုထားသည်။
အဆိုပါ KNUမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများသည် ရောဂါ၏ အခြေအနေပေါ်မှုတည်ပြီး အချိန် တိုးမြှင့်ခြင်း လျှော့ချခြင်း ပယ်ဖျက်ခြင်းများ ပြုလုပ်နိုင်သည်ဟုလည်း ထုတ်ပြန်ထားသည်။
COVID-19 ဆိုင်ရာ ကာကွယ်၊ တားဆီး၊ လျှော့ချရေးလုပ်ငန်းများတွင် ကျေးရွာပြည်သူများမှ ကျေနပ်မှု မရှိပါက တိုင်တန်း ရန် စည်းကမ်း ချိုးဖောက်သူများကို အရေးယူမှု ပြုလုပ်နေသည့် ကရင်ဥပဒေအထောက်အကူပြုအဖွဲ့ (KLAC)ကိုလည်း ဖွဲ့စည်းထားသည်။
KNU ဗဟိုဌာနချုပ် တရားရေးရာဌာန (KLAC)မှ ဌာနမှူး ပဒိုအယ်ကလူစေးက“လောလောဆယ်တော့ စည်းကမ်း ချိုး ဖောက်လို့ ဖြစ်လာတဲ့အမှုက မရှိသေးပါဘူး”ဟု ပြောသည်။
COVID-19 ကပ်ရောဂါ ကာကွယ်မှုအား အမျိုးသားလုံခြုံရေးအဖြစ် သတ်မှတ်ထားရှိလျှက် ဦးစားပေး အဆင့်ဖြင့် လုပ် ဆောင်လျှက်ရှိပြီး အထူးသဖြင့် အကာအကွယ်မဲ့ ဘဝများဖြင့် ရပ်တည်နေရသည့် တိုင်းရင်းသား ပြည်သူ ပြည်သားများနှင့် ဌာနေတိုင်းရင်းသားများကို အထူးဂရုပြု ဦးတည်ထားသည်ဟု KNUဗဟိုဌာနချုပ်က ဆိုထားသည်။
အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး စာချုပ်လက်မှတ်ထိုးထားသည့် ကရင်အမျိုးသားအစည်းအရုံး(KNU) သည် COVID-19 ရောဂါကာကွယ်ရေးနှင့် ပတ်သက်ပြီး အစိုးရဌာနဆိုင်ရာများနှင့် ပူးပေါင်း ခရီးသွားလာသူများကို ကျန်းမာရေး စိစစ်မှု ဆောင်ရွက်ပေးလျှက်ရှိသည်။
KNU ၏ ကျန်ုးမာရေးဌာနမှလည်း ကာကွယ်မှုဆိုင်ရာ လမ်းညွန်ချက်များကို ကမာ္ဘ့ကျန်းမာရေးအဖွဲ့စည်း(WHO) လမ်းညွှန် ချက်များနှင့်အညီ သက်ဆိုင်ရာ ခရိုင်မြို့နယ်များ၊ တပ်မဟာများ၊ တပ်ရင်းများနှင့် တပ်ခွဲအဆင့်အထိ ထုတ်ပြန်ထား ကြောင်းသိရသည်။
COVID- 19 ရောဂါကာကွယ်ထိန်းချုပ်ရေး ကိစ္စနှင့် ပတ်သက်ပြီး ဒူးပလာယာခရိုင်၏ ဆောင်ရွက်ချက်များကို KNU ဗဟို ဌာနချုပ်သို့ တင်ပြဆောင်ရွက်မှုများ ရှိသလို နိုင်ငံတော်အစိုးရ၊ ပြည်နယ်အစိုးရတို့နှင့်လည်း ပူးပေါင်း ဆောင်ရွက်မှုများ ရှိသည်ဟု ဗိုလ်မှူး စောရန်နိုင်က ဆိုသည်။
၎င်းက“ကျနော်တို့က စောင့်ကြည့်တဲ့ နေရာမှာ သံသယဖြစ်ဖွယ်လူ တွေ့ရှိခဲ့မယ်ဆိုရင် ဒီလူကို ဘယ်လိုကိုင် တွယ်ရမလဲ။ ဘယ်လိုထားသိုရမလဲ။ ဘယ်လိုပို့ဆောင်ရမလဲ ဆိုတာမျိုး ကျနော်တို့ စီစဉ်ထားတယ်။ ကျနော် တို့ဆီမှာ ဒီလိုလူနာတွေကို ကုဖို့ ဆေးဝါးအခက်အခဲရှိတယ်။ တကယ်လို့ စောင့်ကြည့်ရင်း သံသယလူနာ တွေ့တယ်ဆိုရင် သက်ဆိုင်ရာ မြို့နယ်၊ ပြည် နယ်အစိုးရတွေနဲ့ ကျနော်တို့ ညှိနှိုင်းပြီးတော့ သူတို့ဆီကို စနစ်တကျ ပို့ဆောင်နိုင်ဖို့ စီစဉ်ထားပါတယ်။ ကုသပေးနိုင်တဲ့ အဆင့်တော့ မရှိပါဘူး”ဟု ပြောသည်။
ထို့အပြင် ဒူးပလာယာခရိုင်အတွင်း၌ ဖွင့်လှစ်ထားသည့် စစ်သင်တန်းများ၊ ကျန်းမာရေးသင်တန်း၊ လုံခြုံရေး သင်တန်းများ ကိုလည်း မတ်လ ၂၆ရက်ကစပြီး ပိတ်ထားခဲ့ကြောင်း၊ သို့သော် COVID – 19 ရောဂါပြန့်ပွားမှု ထိန်းချုပ်ရန်အတွက် သက်ဆိုင်ရာ မြို့နယ်တွင် ရှိသော တပ်ဆေးမှူးများနှင့် ပေါင်းပြီး သံသယလူနာကို မည်သို့ ကိုင်တွယ်သင့်သည်ဆိုသည့် သင်တန်းတခုသာရှိသည်ဟု သိရသည်။.