COVID -19 ရောဂါတွေ့ရှိမှုနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့နံနက် ၁၀နာရီ ထုတ်ပြန်ချက် အရ ပိုးတွေ့လူနာ ၁၁ဦးတွင် ၂ဦးမှာ ခရီးသွားရာဇဝင်မရှိသကဲ့သို့ ပိုးရှိလူနာနှင့်လည်း ထိတွေ့ဖူးသူများ မဟုတ်ဟု သိရ သည်။
ယင်းလူနာ ၂ ဦးမှာ ဗဟန်းမြို့နယ် ကျိုက္ကဆံရပ်ကွက် မြလမ်းနေ ၄၃နှစ်ရှိ အမျိုးသား(လူနာအမှတ် ၇၉) နှင့် ဒဂုံမြို့သစ် (တောင်ပိုင်း) ၁၈ ရပ်ကွပ် ဇင်ယော်လမ်းနေ ၇၇နှစ်ရှိ အမျိုးသား (လူနာအမှတ် ၈၅) တို့ ဖြစ်သည်။
လူနာအမှတ် ၇၉ သည် ပြည်ပနိုင်ငံများသို့ ခရီးသွားလာထားခြင်းမရှိ၊ ရန်ကုန်မြို့ Junction City ရှိ Pan Pacific ဟိုတယ် တွင် အလုပ်လုပ်သည့် ဟိုတယ်ဝန်ထမ်းတဦး ဖြစ်ကြောင်း၊ ဧပြီ ၈ရက်၌ အိမ်သို့ မပြန်တော့ဘဲ ဟိုတယ်၌ နေထိုင် အလုပ် လုပ်ရာမှ ဧပြီ ၁၄ရက်တွင် လည်ချောင်းယားခြင်း၊ ချောင်းဆိုခြင်း စသည့် ရောဂါ လက္ခဏာများကြောင့် ဟိုတယ်ဆရာဝန် ထံ ပြသခဲ့ကြောင်း၊ ဆရာဝန်ညွှန်ကြားမှုဖြင့် ရန်ကုန်ဆေးရုံကြီးသို့ သွားရောက်ပြသချိန် အဖျားရှိ၍ အနောက်ပိုင်း ဆေးရုံ ကြီးသို့ စောင့်ကြည့်လူနာအဖြစ် လွှဲပြောင်းခံခဲ့ရပြီး ယနေ့တွင် ရောဂါပိုး တွေ့ခြင်းဖြစ်သည်ဟု ဗဟန်းမြို့နယ် ကျန်းမာရေး ဦးစီးမှူး ဒေါက်တာ နီနီသော်က ဧရာဝတီသို့ ပြောသည်။
ယခုတွင် ပိုးတွေ့လူနာဖြစ်သွား၍ ဝေဘာဂီဆေးရုံသို့ ပြောင်းရွှေ့ထားကာ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သိရသည်။
ဒေါက်တာနီနီသော်က “လက်ရှိက ဒီအချက်အလက်တွေက ဒီလောက်လေးပဲ ရသေးတော့ နောက်ထပ်အသေအချာ ထပ်ပြီး လိုက်ရမှာဆိုတော့ ဒီလောက်ပဲ ပြောပြလို့ရပါသေးတယ်”ဟု ဆိုသည်။
လက်ရှိအချိန်တွင် လူနာနေထိုင်ခဲ့သော နေအိမ်ကို Lockdown ပြုလုပ်ထားပြီး လူနာ အလုပ်လုပ်ခဲ့သော ဟိုတယ်တွင် ထိတွေ့ခဲ့ဖူးသူများကို လိုက်လံရှာဖွေခြင်းများအပြင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ဆက်လုပ်ဆောင် နေကြောင်း သိရသည်။
တောင်ဒဂုံမြို့နယ်နေ လူနာအမှတ် ၈၅ မှာလည်း ပြည်ပ ခရီးသွားရာဇဝင်မရှိခြင်း၊ ပိုးတွေ့လူနာများနှင့် ထိတွေ့ဖူးခြင်း မရှိဘဲ နေအိမ်၌ ပန်းရံလုပ်သော သားနှင့် အတူတူနေထိုင်သူတဦး ဖြစ်ကြောင်း တောင်ဒဂုံမြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာ မြတ်သူဝင်းက ဧရာဝတီသို့ ပြောသည်။
၎င်းက “သူ့သားကတော့ အလုပ်လုပ်တဲ့အတွက် ဟိုသွားဒီသွားတော့ရှိတယ်၊ သူ့သားဆီက ဖြစ်နိုင်တယ်ပေါ့။ အခုတော့ စိစစ်ဆောင်ရွက်ဆဲ ရှိသေးတယ်။ သူ(လူနာအမျိုးသား)နဲ့ ဆက်စပ်တဲ့ တယောက်ယောက်က ပါလာပြီး သူကကိုယ်ခံအား နည်းတော့ ကူးတယ်ပေါ့၊ ကျန်တဲ့လူတွေမှာလည်း ရှိနေနိုင်တယ်”ဟု ဆိုသည်။
ထိုလူနာသည် ဧပြီလ ၁၃ ရက်က ရောဂါလက္ခဏများ ခံစားရခြင်းကြောင့် သင်္ယန်းကျွန်း စံပြဆေးရုံသို့ သွားရောက် ပြသ ခဲ့ပြီး စောင့်ကြည့်လူနာအဖြစ် ဆေးကုရင်း COVID 19 ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယခု ဝေဘာဂီဆေးရုံသို့ ပြောင်းရွှေ့ ဆေးကုသမည်ဖြစ်သည်။
လက်ရှိအချိန်တွင် လူနာနေထိုင်ခဲ့သော နေအိမ်ကို Lockdown ပြုလုပ်ထားပြီး ၎င်းနှင့်အတူ နေထိုင်ခဲ့သော သားဖြစ်သူ နှင့် အခြားမိသားစုများကိုလည်း Home Quarantine ထား၍ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ ပထမဆုံး COVID 19 ရောဂါပိုးရှိလူနာကို မတ်လ ၂၃ ရက်နေ့တွင် စတင်တွေ့ခဲ့ပြီး သီတင်း ၃ပတ်ကျော် အတွင်း ပိုးတွေ့လူနာ ၈၅ ဦးအထိ မြင့်တက်လာကာ ၄ ဦး သေဆုံးကာ ၂ ဦးမှာ ပြန်လည်ကောင်းမွန် လာလျက်ရှိသည်။
ဆက်စပ်ဖတ်ရှုရန်
အဆိုတော်ဂျေမီ၏ အမျိုးသမီးတွင် COVID-19 ရောဂါပိုးတွေ့
COVID-19 ကူးစက်ခံရသူများအပေါ် စာနာစိတ်ထားရန် နိုင်ငံတော်အတိုင်ပင်ခံပြော