ရန်ကုန်တိုင်းဒေသကြီးတွင် အလုပ်သမားပြဿနာ ညှိနှိုင်းဖြေရှင်းပေးသူများ အပါအဝင် အလုပ်သမား ၂၂ ဦးကို သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် အမှုဖွင့် တိုင်တန်းထားကြောင်း သိရသည်။
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ် မြောင်းတကာစက်မှုဇုန်ရှိ Iron King စက်ရုံမှ အလုပ်သမားခေါင်းဆောင်နှင့် ညှိနှိုင်းရေး ဆောင်ရွက်ပေးသူ ၂ ဦးအပါအဝင် ၁၅ ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မှု ၃၀ ဖြင့် အမှုဖွင့် တိုင်တန်းထားကြောင်း မြောင်တကာ ရဲစခန်းမှ စခန်းမှူး ရဲအုပ်ဆန်းအောင် က အတည်ပြုသည်။
ထို့ပြင် ရန်ကုန်တိုင်း တောင်ဒဂုံ စက်မှုဇုန်ရှိ ETEC အီလက်ထရောနစ်ပစ္စည်း စက်ရုံမှ ဆန္ဒပြအလုပ်သမား ခေါင်းဆောင် ၅ ဦးနှင့် ကူညီသူ ၂ ဦးကိုလည်း အလားတူ ပုဒ်မဖြင့် တရားစွဲဆိုခံထားရကြောင်း ပြည်သူ့ပါတီ တောင်ဒဂုံမြို့နယ် အလုပ်သမား၊ လယ်သမားရေးရာ တာဝန်ခံ ကိုမြတ်ကျော် က ပြောသည်။
အမှုတိုင်တန်းခံရသူ တဦးဖြစ်သည့် ကိုမြတ်ကျော် က “၁၂ ရက်နေ့က အကြောင်းကြားပြီး အလစ (အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာန) က တရားလိုလုပ်ပြီး စွဲထားတယ်။ သဘာဝဘေးအန္တရာယ် ဥပဒေ ပုဒ်မ ၃၀ (က) နဲ့ စွဲတယ်လို့ ပြောပါတယ်” ဟု ပြောသည်။
ထိုကဲ့သို့ တိုင်တန်းထားမှုကို အတည်ပြုရန်အတွက် ဧရာဝတီသတင်းဌာနမှ တောင်ဒဂုံမြို့နယ် ရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ သော်လည်း လူကိုယ်တိုင် လာရောက်မေးမြန်းမှသာ အတည်ပြုပေးနိုင်မည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကူးစက်ရောဂါ (COVID-19) ကြောင့် လူစုလူဝေး ဖြစ်ပေါ်စေသည့် သင်္ကြန်ပွဲတော် အပါအဝင် အခမ်းအနား၊ ပွဲလမ်းသဘင်များကို ဧပြီလကုန်အထိ ရပ်ဆိုင်းထားရန် မတ်လ ၁၃ ရက်နေ့ တွင် သမ္မတရုံးက ထုတ်ပြန် ကြေညာထားသည်။
ထိုကဲ့သို့ ထုတ်ပြန်ကြေညာပြီးနောက် လူအများဖြင့် ပြုလုပ်ခဲ့သော ဘာသာရေးပွဲများနှင့် လူစုလူဝေးဖြင့် ကျင်းပသည့် ပွဲများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မများဖြင့် အရေးယူရန်အတွက် အမှုဖွင့်ဆောင်ရွက်မှုများ ရှိလာသည်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၃၀ (က) တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု တရပ်ရပ်ကို ဆောင်ရွက်ရန် ဤဥပဒေအရ တာဝန်ပေးအပ်ခြင်းခံရသည့် ဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်၏ ညွှန်ကြားချက် တရပ်ရပ်ကို လိုက်နာရန် တမင်ပျက်ကွက်ခြင်း ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
စက်ရုံအလုပ်သမားများ အနေဖြင့် ၎င်းတို့ ထုတ်ဖော်လိုသော ဆန္ဒကို ကိုယ်စားလှယ်များမှ တဆင့် သက်ဆိုင်ရာသို့ အသိပေး ညှိနှိုင်း ဆောင်ရွက်ခွင့် ရှိသော်လည်း COVID-19 ရောဂါကူးစက်ပြန့်ပွားမှု အန္တရာယ် တားဆီးရေး အတွက် စုဝေးတောင်းဆို ဆန္ဒပြခြင်းများ မပြုလုပ်ကြရန် ပြီးခဲ့သည့် ဧပြီ ၃ ရက်နေ့တွင် အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ETEC အီလက်ထရောနစ်ပစ္စည်း စက်ရုံမှ အလုပ်သမားများ ၈၀၀ ကျော် သည် လုပ်ငန်းခွင်အတွင်း COVID – 19 ကာကွယ်ရေး ပစ္စည်းများ ပံ့ပိုးကူညီရေး၊ တနှစ်စာ လုပ်ခလစာ အပိုဆုကြေး ခံစားခွင့်မပေးခြင်း၊ အများပြည်သူ ရုံးပိတ်ရက် များတွင် အလုပ်ဆင်းခိုင်းခြင်း၊ အချိန်ပိုကြေး ဖြတ်တောက်ခြင်း တို့နှင့်ပတ်သက်ပြီး ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့အထိ ညှိနှိုင်းမှုများ မပြေလည်သေးကြောင်း သိရသည်။
မြောင်းတကာစက်မှုဇုန်ရှိ Iron King စက်ရုံကမူ စက်ရုံအမှန်တကယ် ပိတ်သိမ်းခြင်းမရှိဘဲ COVID-19 ရောဂါကြောင့် စက်ရုံကို ပိတ်သိမ်းသည်ဟု ဆိုကာ ကြိုတင်လစာ တလစာပေးပြီး အကြောင်းမဲ့ အလုပ်ထုတ်ခဲ့ခြင်းကြောင့် အလုပ်သမား ၅၀ ကျော် က ဆန္ဒပြရခြင်းဖြစ်ကြောင်း ယင်းစက်ရုံအလုပ်သမားများက ဆိုကြသည်။
Iron King စက်ရုံမှ အလုပ်သမား ကိုဝင်းမြင့်ထွန်း က “အလုပ်ထုတ်တာကို မပြောဘဲ ခဏနားတယ်ဆိုပြီး ပြီးတော့မှ အသစ်ပြန်လျှောက်တဲ့ ဆိုတော့ ကျနော်တို့ကို အပြီးထုတ်တာပေါ့။ စက်ရုံအပြီး ပိတ်သိမ်းတယ်ဆိုရင် ကျနော်တို့က သူတို့ အခုပေးတဲ့အတိုင်း လက်ခံတယ်။ အပြီးမပိတ်ရင် ကျနော်တို့ကို ပိတ်ရက်လေးပဲပေး။ အလုပ်ပြန်ခေါ်ပါဆိုတာ သူတို့က လက်မခံဘူး။ သူတို့က စက်ရုံပိတ်တယ်လို့ပဲ ပြောတာ အထက်ကိုလည်း စာမတင်ထားဘူး။ ကျနော်တို့ကို မလိမ့်တပတ်နဲ့ အကုန်လုံးကို ခါလိုက်တာ” ဟု ပြောသည်။
ဥပဒေကို ချိုးဖောက်လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များကို တရားစွဲဆိုခြင်း အလျဉ်းမရှိဘဲ နစ်နာသူ အလုပ်သမားများကို ဝန်ကြီးဌာနက တရားလိုလုပ်ပြီး ဆက်တိုက် တရားစွဲဆိုနေခြင်းကို အလုပ်သမားများက ရှုတ်ချကန့်ကွက်လျက်ရှိ ကြောင်း ကိုမြတ်ကျော်က ပြောသည်။
၎င်းက “ဥပဒေချိုးဖောက်တဲ့ လုပ်ငန်းရှင်တွေကို လုံးဝမထိရဲ၊ မတို့ရဲတဲ့ အလုပ်သမားဝန်ကြီးဌာနက အခုချိန်မှာ အလုပ်သမား တွေကို ထပြီးတော့ တရားစွဲတယ်ဆိုတာက အတော်ကို ရုပ်ပျက်ဆင်းပျက်နိုင်တဲ့ ကိစ္စပေါ့။ ဖြစ်စဉ်တွေကို ပြန်ပြီး ခြုံငုံသုံးသပ်ကြည့်ရင် အလုပ်ရှင်တွေရဲ့ အားနည်းမှု၊ အလုပ်သမားဝန်ကြီးဌာနရဲ့ ဥပဒေအရ စည်းနှောင်နိုင်မှု မရှိတာတွေကြောင့် ပြဿနာတွေချည်းပဲ” ဟု ဆိုသည်။
ဗာမာနိုင်ငံလုံးဆိုင် အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင် ကိုကျော်မျိုးကလည်း “စက်ရုံ အလုပ်ရုံတွေမှာ ကျန်းမာရေးနဲ့ပတ်သက်ပြီး ပေးထားတာ လုံးလုံးမရှိဘူး။ စက်ရုံထဲမှာ ဒီထက်တောင်ဆိုးပါတယ်။ စက်ရုံထဲမှာဆို ၃ ပေတောင် မခြားဘူး အလုပ်လုပ်နေရတာ။ အခုအချိန်ထိ လည်နေတဲ့ စက်ရုံတွေရှိနေတဲ့ အချိန်မှာ ဒီလိုတရားစွဲတာ လုံးဝတရားမျှတမှုမရှိဘူး။ COVID ကို ကြောက်လို့ သပိတ်မှောက်နေတဲ့ အလုပ်သမားလေးတွေကို ဒီဟာနဲ့ ပြန်တရားစွဲတယ်ဆိုတာ ကျနော်တို့ကတော့ လုံးဝလက်မခံဘူး” ဟု ပြောသည်။
မတ်လ ၂၃ ရက်နေ့မှ ဧပြီလ ၁၆ ရက်နေ့ အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၈၅ ဦး ရှိပြီဖြစ်ပြီး သေဆုံးသူ ၄ ဦး ရှိကာ ပိုးတွေ့ပြီးပြန်လည် သက်သာလာသူ ၂ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကူးစက်ကပ် ရောဂါ (Pandemic) အဖြစ် သတ်မှတ်ထားသည့် COVID-19 သည် တကမ္ဘာလုံး အတိုင်းအတာဖြင့် ဧပြီ ၁၅ ရက်အထိ သေဆုံးသူ ၁၂၃,၁၂၆ ဦး ရှိပြီ ဖြစ်ပြီး COVID-19 ပိုးတွေ့လူဦးရေ ၁ ဒသမ ၉ သန်းကျော် ရှိပြီ ဖြစ်သည်။