ရှမ်းပြည်နယ်အတွင်း၌ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း မြို့နယ်တာဝန်ရှိသူများနှင့် နယ်ခံများပူးပေါင်းကာ စည်းကမ်းချိုးဖောက်သူများကို ထိုင်ထလုပ်ခိုင်းခြင်း၊ တုတ်ဖြင့် ရိုက်ခြင်းစသည့် အပြစ်ပေးခြင်းများ ပြုလုပ်နေကြောင်း လူမှုကွန်ရက်တွင် ပြန့်နှံ့လာသည်။
ကလောမြို့နယ်၊ ဟဲဟိုးတွင် ဧပြီလ ၁၅ ရက်နေ့ ညနေ ၅ နာရီအချိန်မှစပြီး ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် ဒေသခံများပူးပေါင်းကာ Mask မတပ်ပဲ အပြင်ထွက်လာသူများအား တုတ်များကိုင်၍ အပြစ်ပေးမည် ဟုဆိုကာ လမ်းပေါ်တွင် တုတ်ကိုင်စောင့်နေသည့် ဓါတ်ပုံများ လူမူကွန်ရက်တွင် ပြန့်နှံခဲ့သည်။
ဟဲဟိုးဒေသခံ မောင်ကျော်သန်း က “အပြင်ထွက်လာတဲ့သူတွေ Mask မတပ်ရင် ရိုက်မယ်ဆိုပြီး သူတို့က တုတ် ကိုင်စောင့်နေတော့ ကျနော်တို့လည်း ကြောက်တာပေါ့။ သူများတွေကြည့်လိုက်တော့ ရီပြီး ထွက်သွားကြတာ တွေ့တာပဲ။ ကျနော်တို့ကိုတော့ Mask တပ်ဖို့ သတိပေးတယ်။ အိမ်မှာဆိုရင် ဘာတွေလုပ်ရမယ်။ ဘယ်လိုနေ ရမယ်ဆိုတာပြောတယ်ပေါ့။ တကယ်မရိုက်ပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ထို့အကြောင်းအရာနှင့်ပတ်သက်ပြီး ဟဲဟိုးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်အား မေးမြန်းရာတွင် ဟဲဟိုးပြည်သူ့ဆေးရုံကြီး၏ Facebook စာမျက်နှာတွင် covid- 19 ရောဂါကာကွယ် ထိန်းချုပ်ရေးကော်မတီမှ ပြန်လည်ဖြေရှင်း ပေးထားသည်ဟု ဆိုသည်။
ဟဲဟိုးပြည်သူ့ဆေးရုံ က “ဧပြီလ ၅ ရက်နေ့ ညနေ ၅ နာရီလောက်မှ စလုပ်တာပါ။ ဒါကလည်းလတ်တလော ဟဲဟိုးမှာ ဖြစ်ပွားနေတဲ့ စိတ်ပူစရာ ကိစ္စတွေကြောင့် အုပ်ကြီးများနှင့် အများအရေး ကူညီကြသူများ စုပေါင်းပြီး လုပ်ကြတာပါ။ မေးကြည့်ပါ တကယ်အရိုက်ခံရသူရှိလားဆိုတာ ဘယ်သူမှမရိုက်ပါဘူး။ အားလုံးကို ပိုမို ဂရုစိုက်စေချင်တဲ့ စေတနာနဲ့မို့ လုပ်ကြတယ်လို့ မှတ်ယူပေးပါဗျ။ လာကြည့်ကြည့်ပါ ကြောက်စရာမဟုတ်ဘဲ ပျော်စရာကြီး ဖြစ်နေတာပါ” ဟု ရေးသားထားသည်။
ဟဲဟိုး ဒေသခံများသည် ထုတ်ပြန်ထားသည့်အမိန်များကို လိုက်နာမှုအားနည်းနေသည့်အတွက် ရောဂါ ကူးစက် ပျံ့နှံ့လာမည်စိုးသဖြင့် ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ပြိး ယခုထိုသို့အတင်းအကျပ်မလုပ်ရန် လူမူရေးအရပဲ မေတ္တာရပ်ခံရန်ပြောကြားထားသည်ဟု ရှမ်းပြည်နယ်၊ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာ သန်းထွဋ်အောင် က ဆိုသည်။
ဒေါက်တာ သန်းထွဋ်အောင် က “ကျနော်တို့ကတော့ ဒီလိုလုပ် ခွင့်ပြုထားတာမရှိဘူး။ လုပ်ခွင့်လည်း ပေးမထားပါဘူး။ သို့ပေမယ့် အခုက အရေးကြီးတဲ့ အချိန်ဖြစ်တယ်။ သူတို့ကို ပန်ကြားပါတယ်လို့ ပြောရင် တောသူတောင်သားတွေက မကြောက်ကြဘူး။ နားမထောင်ကြဘူး။ အဲ့တော့ သူတို့က စိတ်ပူလို့ လုပ်ကြတာပေါ့။ အစိုးရကတော့ ဒီလို လုပ်ပါလို့ တခွန်းမှ မပြောဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဧပြီလ ၁၆ ရက်၊ နံနက်ပိုင်းတွင် ထုတ်ပြန်ချက်အရ ရှမ်းပြည်နယ် အတွင်းတွင် COVID-19 ပိုးတွေ့လူနာ ၃ ဦးရှိပြီဖြစ်ပြီး အဆိုပါပိုးတွေ့လူနာများနှင့် ဆက်စပ်သူ မိသားစုဝင် များကို Home Quarantine နေထိုင်ရန် ညွှန်ကြားထားပြီး နေအိမ်များကိုလည်း ပိုးသတ်ဆေး ဖြန်းထားပြီးပြီဟု သိရသည်။
အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်လန်မြို့နယ်၊ နမ့်စန်မြို့နုယ်တို့တွင် အဝင်ဂိတ်တွင်လည်း ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ ပူးပေါင်းပြီး နမ့်လန်မြို့ထဲ Mask မပါပဲ ဝင်လာပါက ထိုင်ထ ၁၀ ခါလုပ်နေသည့် video ဖိုင်တခုကို လူမူကွန်ရက်တွင် ထွက်ပေါ်လာသည်။
အဆိုပါ ပို့စ်အောက်တွင် “အစိုးရက Mask အခမဲ့ပေးနိုင်မှ ဒီလိုပစ်ဒဏ်ပေးသင့်တယ် အကြံပြုချင်တယ်။ Mask တခုရဲ့ဈေးနူန်းက မရှိဆင်းရဲသားတွေ အတွက် ဘယ်လောက်ထိ သက်ရောက်မှု ရှိလည်းဆိုတာလေ့လာကြည့်ပါအုံး” ဟု မှတ်ချက်ပြု ရေးသားထားသည်ကိုလည်းတွေ့ရသည်။
ထိုအကြောင်းနှင့်ပတ်သက်ပြီး နမ့်လန်မှ တာဝန်ရှိသူတဦးက “ရွာကလူတွေက ပြောစကားနားမထောင်ဘူး။ ဒီဘက်မှာက ပြည်တော်ပြန်တွေ အရမ်းများတယ်။ ကျန်းမာရေးစောင့်ရှောက်မှုလည်း မရှိဘူး။ သူတို့ကို ဘယ်လိုပဲ မေတ္တာရပ်ခံတယ် ပြောပြော ဘာပြောပြော ဂရုကို မစိုက်ဘူး။ ဒါကြောင့် သူတို့ကို ဒီလိုလေး လုပ်ခိုင်းတာပါ” ဟု ဧရာဝတီသို့ ပြောသည်။
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင်လည်း လမ်းသွားလမ်းလာများကို တားဆီးကာ Mask မတပ်သူများကို ထိုင်ထလုပ်ခိုင်းနေမှုများ တွေ့ရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ ဧပြီလ ၁၅ ရက်နေ့တွင် လူနာနံပါတ် ၆၄ သည် ရန်ကုန်မြို့ရှိ ဘာသာရေးပွဲတခုသို့ တက်ရောက်ခဲ့ပြီး ရန်ကုန်-ဟဲဟိုး-ကျိုင်းတုံလေယာဉ်ဖြင့် ပြန်လာပြီး ဖျားနာလာသဖြင့် ဟဲဟိုးဆေးရုံတွင် Hospital Quarantine ဝင်နေခဲ့သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ Covid-19 ရောဂါပိုးတွေ့ရှိသူ ပိုများလာသည့် အတွက် ကာကွယ် ထိန်းချုပ် ကုသနိုင်ရေး လိုအပ်ချက်များလည်း ပိုမိုထင်ရှားလာကြောင်း ထို့ကြောင့် မလိုက်နာသူများကို ဥပဒေအရ အရေးယူခြင်းဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်း၏ လူမှု ကွန်ရက်စာမျက်နှာမှတဆင့် သတိပေးလိုက်သည်။
ထိုသတိပေးချက်ထဲတွင် “COVID-19 နဲ့ပတ်သက်လို့ ဥပဒေအရ အရေးယူခြင်းနဲ့ စပါမယ်။ ဘယ်ဥပဒေအရ၊ ဘာလုပ်သူကို ဘယ်လို အရေးယူမယ်ဆိုတာ ဒီညထုတ်ပြန် ပါမယ်။ အားလုံး အတွက် တပြေးညီ၊ မှန်ကန် မျှတစေဖို့ ဖြစ်ပါတယ်။ ကျန်း မာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေ ကိုလည်း ရပ်ရွာထဲမှာ တနေ့ ၅ ကြိမ် လှည့် အော်ပါမယ်။ သေသေ ချာချာ နားထောင်၊ လိုက်နာ စေချင်ပါတယ်” ဟု ပါရှိသည်။
၎င်းနှင့်အတူ ပွဲတက်ခဲ့သူများကို ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၁၁ ရက်တွင် covid ပိုးတွေ့ရှိကြောင်း ကြေ ညာခဲ့ပြီး ၎င်းကိုလည်း ဓာတ်ခွဲခန်းတွင် စစ်ဆေးမှုလုပ်ရာတွင် ပိုးကူးစက်ခံထားရကြောင်း၊ ၎င်းနှင့် ထိတွေ့ ခဲ့သည့် မိသားစုဝင် ၃ ဦးသည်လည်း ပိုးမတွေ့ရှိကြောင်း ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံ၌ ပထမဆုံး COVID-19 ရောဂါပိုးရှိ လူနာကို မတ်လ ၂၃ ရက်နေ့တွင် စတင်တွေ့ခဲ့ပြီးနောက် သီတင်း ၃ ပတ်ကျော် အတွင်း ပိုးတွေ့လူနာ ၈၅ ဦးအထိ မြင့်တက်လာကာ ၄ ဦး သေဆုံးကာ ၂ ဦးမှာ ပြန်လည်ကောင်းမွန်လာခဲ့သည်။
You may also like these stories:
ကိုဗစ်ကြောင့် ထိုင်းမှာ အလုပ်လက်မဲ့ ၁၀ သန်းကျော် ဖြစ်လာနိုင်တယ်လို့ ခန့်မှန်း
တရုတ်က မြန်မာနိုင်ငံသား ၁၈၀၀၀ ခန့် ပြန်လွှတ်