ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အထည်ချုပ်စက်ရုံတရုံမှ တရုတ်စကားပြန်တဦးနှင့် အခြားအဆင့် ဝန်ထမ်း ၂ ဦးတို့အား ဧပြီလ ၁၅ ရက်နေ့တွင် ပုသိမ်မြို့၊ ပြည်သူ့ဆေးရုံကြီး၌ သံသယလူနာများအဖြစ် စောင့်ကြည့်ကာ ကုသမှုများ ဆောင်ရွက်ပေးနေကြောင်း သတင်းရရှိသည်။
ပုသိမ်စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံတခု၌ တရုတ်ဘာသာ စကားပြန်အဖြစ် အလုပ်လုပ်ကိုင်နေသူ အမျိုးသား ၁ ဦးမှာ လည်ချောင်းနာသဖြင့် ဧပြီလ ၁၅ ရက်နေ့က ပုသိမ်ဆေးရုံကြီးသို့ လာရောက်ပြသခဲ့ရာ ဆေးရုံကြီး၌ သီးသန့်ခွဲထား၍ စောင့်ကြည့်ကုသမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အခြားသော အထည်ချုပ် စက်ရုံအလုပ်သမား ၁ ဦးမှာ ဖျားခြင်း၊ ချောင်းဆိုးခြင်းများကြောင့် အပြင်ဆေးခန်း များတွင် လိုက်လံပြသနေသည့်အတွက် တာဝန်ရှိသူများက ပုသိမ်ဆေးရုံကြီးသို့ ခေါ်ဆောင်ထားခဲ့ပြီး နောက်ထပ် စက်ရုံအလုပ်သမား ၁ ဦးမှာလည်း ဖျားနာ၊ ချောင်းဆိုနေသဖြင့် ဧပြီလ ၁၅ ရက်နေ့က ပုသိမ် ဆေးရုံသို့ လာရောက်ပြသချိန်တွင် ဆေးရုံတာဝန်ရှိသူများက သီးသန့်ခွဲထား၍ စောင့်ကြည့်ကာ ဆေးကုသ မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ပုသိမ်မြို့၊ ကုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ် က “လူနာတွေမှာ အဓိကဖြစ်နေတာက ဖျားတယ်၊ လည်ချောင်းနာတယ်၊ ချောင်းဆိုးတယ်။ အဲ့လို ရောဂါ လက္ခဏာတွေ တွေ့ရတဲ့အတွက် သံသယလူနာအဖြစ် ဆေးရုံမှာ ထားရှိပြီးတော့ စောင့်ကြည့်နေတာ ဖြစ်ပါတယ်။ သူတို့အားလုံးရဲ့ ကျန်းမာရေးအခြေအနေက ကောင်းမွန်နေပါတယ်”ဟု ဧရာဝတီကို ပြောသည်။
ပုသိမ်ဆေးရုံ၌ COVID – 19 သံသယလူနာအဖြစ် စောင့်ကြည့်မှုခံယူနေရသူ ၃ ဦးစလုံးမှာ စက်ရုံ မတူညီကြဘဲ လုပ်ငန်းတာဝန်များမှာလည်း တရုတ်စကားပြန်တဦး၊ ကွန်ပျူတာဝန်ထမ်းတဦးနှင့် အထည်ချုပ် ဝန်ထမ်းတဦးတို့ဖြစ်ကြောင်း သိရပြီး ၎င်းတို့ ၃ ဦး၏ ဓာတ်ခွဲနမူနာများကို ရန်ကုန်မြို့ရှိ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ဧပြီလ ၁၅ ရက်နေ့ညပိုင်းတွင် ပေးပို့စစ်ဆေးထားကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ပုသိမ်စက်မှုဇုန်တွင် အထည်ချုပ်စက်ရုံ ၈ ရုံရှိပြီး လူပေါင်း ၈ ထောင်ကျော် အလုပ်လုပ်ကိုင်လျှက်ရှိကြောင်း သိရသည်။ အဆိုပါ အထည်ချုပ်စက်ရုံများအားလုံးကို သင်္ကြန်ပိတ်ရက် အဖြစ် ဧပြီလ ၁၀ ရက်နေ့မှ ၁၉ ရက်နေ့အထိ အချိန် ၁၀ ရက် ပိတ်သိမ်းထားကြောင်း သိရသည်။
စက်ရုံများ မပိတ်သိမ်းမီ အလုပ်ဆင်းခဲ့သည့်ကာလအတွင်း လုပ်ငန်းခွင်ဝင်မည့် အလုပ်သမားများကို စက်ရုံ အဝင်ဂိတ်တွင် ကိုယ်အပူချိန်တိုင်းတာခြင်း၊ အလုပ်ဆင်းချိန်အတွင်း နှာခေါင်းစည်းတပ်ခိုင်းခြင်းနှင့် လက်ဆေးရန်နေရာများ စီစဉ်ပေးခြင်းများကို စက်ရုံပိုင်ရှင်များဘက်မှ စီစဉ်ပေးကြောင်း ပုသိမ်မြို့ Amava Apparel အထည်ချုပ်စက်ရုံ အလုပ်သမားသမဂ္ဂက ပြောသည်။
Amava Apparel အထည်ချုပ်စက်ရုံ အလုပ်သမားသမဂ္ဂ ဥက္ကဋ္ဌ မအိမွန်စိုးက “စက်ရုံမပိတ်ခင် အလုပ်ဆင်းတုန်းကတော့ အပူချိန်တိုင်းတာ၊ နှာခေါင်းစည်းတပ်ဖို့၊ လက်ဆေးဖို့တွေ စီစဉ်ပေးတာတော့ ရှိပါတယ်။ အခု စက်ရုံတွေက ၂၀ ရက်နေ့တော့ ပြန်ဖွင့်မယ်ဆိုတော့ ပြန်ဖွင့်ရင် အလုပ်ဆင်းကြမယ့်လူလည်း ရှိသလို ရောဂါ ကူးမှာကြောက်လို့ ခွင့်ယူကြမယ့်လူတွေလည်း ရှိတယ်။ အခု ရက်ပိုင်းကလည်း ရောဂါပိုးတွေ့သူ ပိုများလာနေတော့ အခုပုံအတိုင်းဆို အလုပ်ပြန်မဆင်းဘဲ ခွင့်ယူကြမယ့်သူ များမယ်ထင်ပါတယ်”ဟု ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး၌ ကိုရိုနာဗိုင်းရပ်စ် COVID – 19 ကြောင့် လက်ရှိလည်ပတ်နေသည့် စက်ရုံများကို ပိတ်သိမ်းမည်မဟုတ်ဘဲ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွန်ကြားထားသည့် COVID – 19 ကာကွယ်ရေး လုပ်ငန်းစဉ်များ အားလုံး စက်ရုံများ၌ဆောင်ရွက်ရန်နှင့် အလုပ်သမားများ အလုပ်မဆင်းလိုဘဲ ခွင့်ယူလိုပါက လုပ်သက်ခွင့်၊ ရှောင်တခင်ခွင့်နှင့် လစာမဲ့ခွင့်များယူနိုင်ရေး စက်ရုံဘက်မှ ဆောင်ရွက်ပေးရန်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားထားကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါက်တာ စိုးဝင်း က “စက်ရုံတွေအနေနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ COVID – 19 ကာကွယ်ရေး လုပ်ငန်းစဉ်တွေ ပူးပေါင်းဆောင်ရွက်ဖို့၊ အလုပ်သမားတွေကို ၃ ပေအကွာထားဖို့၊ အပူချိန်တိုင်းဖို့၊ နှာခေါင်းစည်းတွေ တပ်ခိုင်းဖို့၊ လူစုလူဝေးနဲ့ မနေစေဖို့ စက်ရုံအားလုံးကို ကျနော်တို့ ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ မလိုက်နာရင် ဥပဒေအရ အရေးယူသွားမှာပါ”ဟု ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ဆေးရုံ၌ ဧပြီလ ၁၃ ရက်နေ့က တက်ရောက်ကုသမှုခံယူခဲ့သည့် သံသယ လူနာတဦး၊ Case – 32 နှင့်အတူ အဝေးပြေးကားအတူစီးခဲ့သည့် ကန်ကြီးထောင့်မြို့နယ်မှ ဒေသခံ ၃ ဦး၊ ကျိုက်လတ်မြို့မှ သံသယလူနာ ၁ ဦးတို့၏ ဓာတ်ခွဲနမူနာများအား ရန်ကုန်မြို့ရှိ ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေး ခဲ့ရာ ၎င်းတို့အားလုံးတွင် COVID – 19 ရောဂါပိုးမရှိကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ဧရာဝတီတိုင်းဒေသကြီး၊ ကျန်းမာရေးဌာနထံမှ သိရသည်။
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်နေ့မှ ဧပြီလ ၁၅ ရက်နေ့အထိ ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် COVID – 19 ရောဂါပိုးရှိသူ ၈၅ ဦး တွေ့ရှိထားပြီး အဆိုပါလူနာများအနက် လူနာ ၄ ဦး သေဆုံးခဲ့ပြီး ၂ ဦး ပြန်လည်သက်သာ လာပြီဖြစ်သည်။
တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့မှ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလက စတင်ပြန့်နှံ့ခဲ့သည့် ကူးစက်မြန် ပြင်းထန်အဆုတ်ရောင်ရောဂါ ကိုရိုနာ ဗိုင်းရပ်စ်မှာ လက်ရှိတွင် ကမ္ဘာတဝှမ်းလုံးရှိ လူပေါင်း ၂ သန်း ၉ သောင်းကျော် ရောဂါကူးစက်ခံထားရပြီး အဆိုပါလူနာများအနက် လူပေါင်း ၁ သိန်း ၃ သောင်း ၅ ထောင်ကျော် သေဆုံးခဲ့ကာ လူပေါင်း ၅ သိန်း ၂ သောင်းကျော်မှာ ရောဂါဖြစ်ရာမှ ကျန်းမာရေးပြန်လည်ကောင်းမွန်ခဲ့ကြောင်း နိုင်ငံတကာသုတေသနဌာန၏ Worldometers ဝက်ဆိုဒ်တွင် ဖော်ပြချက်အရ သိရသည်။