နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ-ကပ္ပလန် (NSCN-K) အဖွဲ့မှ ခေါင်းဆောင်ဟောင်း ၅ ဦးနှင့် အောက်လက်ငယ်သား ၆ ဦးမှာ ယနေ့ (ဧပြီလ ၁၇ ရက်) တွင် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသည်ဟု သတင်းရရှိသည်။
၎င်းတို့ ၁၁ ဦးကို မတရားအသင်း အဖွဲ့ပုဒ်မ ၁၇(၁)ဖြင့် ခန္တီးမြို့နယ်တရားရုံးက ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်နေ့က ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ယနေ့ ပြန်လည်လွတ်မြောက်လာသည်။
နာဂရိုးရာစာပေနှင့် ယဉ်ကျေးမှု (ဗဟို) ဥက္ကဋ္ဌ ဦးအောင်ထွဋ် က “ဟုတ်ပါတယ်။ ကျနော်တို့က အားလုံးအတွက် လွတ်ငြိမ်းချမ်းသာခွင့် တင်ထားတာ ရှိပါတယ်သူတို့က ထောင်တွေခွဲထားတာ။ မန္တလေး၊ ရွှေဘို၊ မုံရွာမှာရယ်က ခေါင်းဆောင် ၅ ဦးကို ထားတာပေါ့။ ခန္တီးမှာကျတော့ သူတို့ရဲ့အငယ်အဖွဲ့ပေါ့။ အခုလွတ်တာက ခေါင်းဆောင် ၅ ဦးနဲ့ အောက်လက်ငယ်သား ၆ ဦးလွတ်တယ်” ဟု ဧရာဝတီသို့ အတည်ပြုပြောကြားသည်။
NSCN-K အဖွဲ့၏ ခေါင်းဆောင်ဟောင်းများမှာ သာသနာရေး ဝန်ကြီးဟောင်း ဦးကျော်ဝမ်းစိန်၊ သစ်တောရေးရာ ဝန် ကြီးဟောင်း ဦးအန့်ကန်၊ ပြည်ထဲရေးဝန်ကြီးဟောင်း ဦးအောင်မိုင်း၊ NSCN-K အဖွဲ့ဝင် ဒုဗိုလ်မှူးကြီး အောင်စိုင်းနှင့် ဦးစောထိန်တို့ ဖြစ်ပြီး ယင်းတပ်ဖွဲ့ဝင်ဖြစ်ကြသည့် ဗိုလ်မှူး ကျွားရန်၊ ဒုဗိုလ် စိုင်းအောင်၊ အရာခံဗိုလ် ဝမ်းလတ်၊ တပ်ကြပ် ထွန်းမြင့်၊ တပ်ကြပ် စိုင်းဝမ်၊ တပ်သား လန်ကော်တို့ဖြစ်ကြောင်း သိရသည်။
၎င်းတို့ အားလုံးကို၂ဝ၁၉ ခုနှစ်၊ မတ်လကတည်းက ဖမ်းဆီးခံထားရခြင်း ဖြစ်ပြီး နိုဝင်ဘာလ ၁ ရက်နေ့တွင် NSCN-K အဖွဲ့မှ ထုတ်ပယ်ခြင်းခံလိုက်ရသူများ ဖြစ်သည်။
၎င်းတို့ကို ထောင်ဒဏ် ချမှတ်လိုက်ရသည့် အဓိက အကြောင်းအရင်းမှာ အိန္ဒိယအစိုးရကို လက်နက်ကိုင်တိုက် ခိုက်နေသည့် ကသည်းနှင့် အာသံသူပုန်များကို စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ နန်းယွန်းမြို့နယ် တကား ကျေးရွာရှိ NSCN-K ၏ ထိန်းချုပ်နယ်မြေထဲတွင် ခိုအောင်းခွင့် ပေးထားခြင်းနှင့် စစ်သင်တန်းများပေးခြင်းတို့ကြောင့် ဖြစ်သည်ဟု သိရသည်။
၎င်းတို့၏ရှေ့နေဦးသိန်းသန်းဦးကလည်း ဦးဝဏ္ဏ က “သူတို့က လွတ်သင့်ပါတယ်။ သူတို့မှာ ဘာအပြစ်မှ မရှိပါဘူး” ဟု ဆိုသည်။
NSCN-K သည် အိန္ဒိယအစိုးရကို တိုက်ခိုက်နေသည့် နာဂ လက်နက်ကိုင် အဖွဲ့တခုဖြစ်ပြီး မြန်မာအစိုးရ နှင့်၂၀၁၂ ခုနှစ် ဧပြီလတွင် တိုင်းဒေသကြီးအဆင့် အပစ်အခတ် ရပ်စဲရေး စာချုပ်ကို လက်မှတ်ထိုးထားပြီး တနိုင်ငံလုံး အပစ်အခတ် ရပ်စဲ ရေးစာချုပ် (NCA) လက်မှတ် ရေးထိုးရန် ပြည်ထောင်စု အဆင့် အနေဖြင့် ကမ်းလှမ်းခြင်း ခံထားရသည့် အဖွဲ့ ဖြစ်သည်။
ထို့အပြင် တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က NSCN-K အနေဖြင့် စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရဖြင့် တိုင်းဒေ သကြီး အဆင့် အပစ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ခြင်း၊ အိန္ဒိယသူပုန်များကို ခိုအောင်း ခွင့်ပြုထားကြောင်း စသည့် အခြေအနေများကြောင့် တကားစခန်းကို နယ်မြေရှင်းလင်းရေးလုပ်ခဲ့ရကြောင်းနှင့် လိုအပ်သလို အရေးယူသွားမည်ဟု ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၃ရက်နေ့က ထုတ်ပြန်ခဲ့သည်။
ဆက်စပ်လင့်
သမ္မတ အမိန့်ဖြင့် အကျဉ်းသား ၂၄၀၀၀ ကျော် လွတ်ငြိမ်းချမ်းသာခွင့်ရ
နာဂအဖွဲ့ NSCN-K ခေါင်းဆောင်ဟောင်း ၅ ဦးကို ထောင်၂ နှစ်စီ ချမှတ်