COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ရှေ့တန်းမှ တက်တက်ကြွကြွ ဆောင်ရွက်နေသည့် ကျန်းမာရေးဝန်ထမ်းများ အတွက် အထူးခံစားခွင့် (စရိတ်) ပေးမည် ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ပြောကြားသွားသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဝေဘာဂီ အထူးကု ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေကြသူများနှင့် ယနေ့ ဆွေးနွေးမှုများ ပြုလုပ်စဉ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် က ယင်းကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်း စုကြည်က “ရှေ့တန်းက ကျမတို့ရဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို အထူး allowance ပေးဖို့အတွက်လည်း စီစဉ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျေးဇူးကို အသိအမှတ် ပြုသောအားဖြင့်လည်း ဖြစ်တယ်။ တကယ်လည်း တချို့နေရာတွေမှာ လိုအပ်ပါတယ်” ဟု ပြောသည်။
ထို့ပြင် ရက်ရှည်လများ ဆောင်ရွက်လာရသဖြင့် ပင်ပန်းနေပြီ ဖြစ်သည့် ကျန်းမာရေးဝန်ထမ်းများကို နားနိုင်ရန်အတွက် လည်း ပြင်ဆင်ဆောင်ရွက်နေကြောင်းလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ထည့်သွင်း ပြောကြားသွားသည်။
ယခု အခြေအနေမတိုင်မီကပင် ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများကို အလှည့်ကျ တာဝန်ချထားရန် စီစဉ်ထားရှိသော်လည်း လူအင်အား မလုံလောက်မှုကြောင့် နားရက်မရှိ လုပ်ငန်းတာဝန်များကို ထမ်းဆောင်နေကြောင်း ဝေဘာဂီဆေးရုံမှ ပါမောက္ခ ဒေါက်တာစံပယ်ဖြူက ပြောသည်။
ပါမောက္ခ ဒေါက်တာ စံပယ်ဖြူ က “၄ ဖွဲ့ဖွဲ့ပြီး သွားဖို့ စီစဉ်ခဲ့ပေမယ့် ကျမတို့ရဲ့ လူအင်အားတွေ ကျမတို့ နိုင်ငံရဲ့ အခြေ အနေလေးဟာ ဘယ်တော့မဆို အမြဲ အကန့်အသတ်တွေ အများကြီးနဲ့ပါ ဒါကြောင့်မို့လို့ ကျမတို့ မနားဘူးဆိုတဲ့ စိတ်နဲ့ အားလုံး အလုပ်တူတူ လုပ်နေကြပါတယ်” ဟု ပြောသည်။
“ဒီနေ့ဒီရက်အထိကတော့ ချောချောမောမော ရှိနေဆဲပါ ဘယ်သူမှလည်း Quarantine မထိသေးပါဘူး။ အာလုံးလည်း စနစ်တကျ လုပ်နိုင်နေတဲ့ အခြေအနေမှာ ရှိပါတယ်။ တကယ်တမ်း ကျမတို့ နားမယ်ဆိုရင်တော့ ၃ ဖွဲ့ရယ် အရံအဖွဲ့ရယ်ပါ ဒါပေမယ့် ဒီလို အခြေအနေမှာ ကျမကို နားမလားမေးရင် ကျမ မနားရက်ပါဘူး” ဟု လည်း ဒေါက်တာ စံပယ်ဖြူက ဆက်ပြောသည်။
ဆေးကုသမှု ခံယူနေသည့် ဓာတ်ခွဲအတည်ပြုလူနာ ၇၉ ဦးအနက်မှ ၆၈ ဦးသည် ရန်ကုန်မြို့ရှိ ဝေဘာဂီ အထူးကုဆေးရုံကြီးတွင် ကုသမှုပေးနေခြင်း ဖြစ်သည်။
မတ်လ ၂၃ ရက်နေ့မှ ဧပြီလ ၁၆ ရက်နေ့ အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၈၅ ဦး ရှိပြီဖြစ်ပြီး သေဆုံးသူ ၄ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ထို့ပြင် ဓာတ်ခွဲ အတည်ပြုလူနာများအနက် ၂ ဦး သည် ရောဂါပိုး ကင်းစင်ပြီဖြစ်သဖြင့် နေအိမ်နှင့် သက်ဆိုင်ရာ နေရာတို့တွင် အသွားအလာကန့်သတ်ခြင်း/ တားမြစ်ခြင်းအား အချိန် ၂ ပတ်ကြာ ဆက်လက် ဆောင်ရွက်ထားရှိပါသည်ဟု ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။