သတင်း

ကျောက်တော် ပစ်ခတ်မှု အရပ်သား ၁ ဦးသေ၊ ၅ ဦး ဒဏ်ရာရ

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ ကစ္ဆပနဒီတံတား အနီးတွင် ဧပြီလ ၁၆ ရက်နေ့ ညနေ ၄ နာရီကျော်က လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုဖြစ်ပွား ခဲ့သဖြင့် အရပ်သား ၁ ဦးသေဆုံးခဲ့ပြီး ၅ ဦးထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။

ထိုပစ်ခတ်မှု ဖြစ်စဉ်အတွင်း ပိုက်သည်ရပ်ကွက်မှ အသက် ၆၀ အရွယ် ဦးလှကျော်ထွန်းမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သလို၊ ဇနီးဖြစ်သူ အသက် ၅၀ အရွယ် ဒေါ်မတင်ရီ၊ သမီးဖြစ်သူ အသက် ၁၂ နှစ်အရွယ် မချေ တို့မှာလည်း အသီးသီး ဒဏ်ရာများ ရရှိခဲ့ပြီး သားဖြစ်သူ အသက် ၁၄ နှစ်အရွယ် မောင်နေတိုးထွန်းမှာ ဦးခေါင်းကျည်ထိဒဏ်ရာဖြင့် ကျောက်တော် ဆေးရုံတွင် ကုသမှုခံယူရင်း ယမန်နေ့ညက သေဆုံးသွားခဲ့ကြောင်း ကာယကံရှင် မိသားစုဝင်များက ပြောသည်။

သေဆုံးသူ ကိုနေတိုးထွန်း၏ ဖခင် ဦးလှကျော်ထွန်းက “မနေ့က ညနေပိုင်းမှာ ကျနော်တို့ အိမ်မှာ ထိုင်နေကြတဲ့အချိန် အိမ်ရှေ့ လမ်းကို လက်နက်ကြီး လာကျတာ။ ကစ္ဆပနဒီ တံတားဘက်က လာကျတာ။ ကျနော်မှာလည်း ထိတယ်။ ကျနော့် မိသားစု ၄ ယောက်လုံး ဒဏ်ရာရကြတယ်။ သားလေးကတော့ ဆေးရုံမှာ မနေ့က ညမှာဆုံးသွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ယင်းအပြင် ကျောက်တော်မြို့နယ် လမ်းမတော်ကျေးရွာမှ မြို့ပေါ်တွင် လက်သမားအလုပ် လုပ်ကိုင်နေသူ အသက် ၅၂ နှစ်အရွယ် ဦးလှထွန်းနှင့် ဆောက်လုပ်ရေးဝန်ထမ်း တဦးဖြစ်သူ အသက် ၂၀ အရွယ် ကိုဇင်ကိုလွင်တို့မှာလည်း အသီးသီး ဒဏ်ရာများ ရရှိခဲ့ ကြောင်း သိရသည်။

ဒဏ်ရာရရှိခဲ့သူ ကိုဇင်ကိုလွင်မှာ ပဲခူး တိုင်းဒေသကြီး၊ ပြည်မြို့ ဇာတိဖြစ်ပြီး ကျောက်တော်မြို့ ကစ္ဆပနဒီတံတားအောက် တွင် တည်ရှိသည့် ဆောက်လုပ်ရေး လုပ်ငန်းခွင်တခု၌ အလုပ်လုပ်ကိုင်နေသူ တဦးဖြစ်ပြီး ပစ်ခတ်မှုဖြစ်စဉ်အတွင်း မြို့ထဲမှ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် မြို့ဝင်လမ်းဆုံးအနီးတွင် လက်နက်ကြီး ကျည်အစ ထိမှန်ခဲ့ခြင်း ဖြစ်ကြောင်း ကာယကံရှင် မိသားစုဝင်များက ပြောသည်။

ကျောက်တော်မြို့ခံများနှင့် ကာယကံရှင် ဒဏ်ရာရရှိသူ မိသားစုဝင်များကတော့ ယမန်နေ့ ညနေပိုင်းက ကျောက်တော် မြို့ဘက်သို့ လာရောက်သည့် တပ်မတော်ကား ၁ စီးမှာ ကစ္ဆပနဒီတံတားကို ဖြတ်သွားစဉ် မိုင်းကွဲမှု ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း ပြောသည်။

ကျောက်တော်မြို့ခံ ကိုညီပုက “မနေ့က ညနေ ၄ နာရီကျော်လောက်မှာ တံတား အနီးက ပေါက်ကွဲသံကြားတယ်။ ပေါက်ကွဲသံကြားတာနဲ့ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေကြားရတယ်။ ကျနော်တို့လည်း ရှိတဲ့နေရာမှာ ဝပ်နေကြရတာဆိုတော့ ဘယ်လို ဖြစ်တယ်ဆိုတာကိုတော့ ကြည့်လည်း မကြည့်ရဲဘူး” ဟု ဧရာဝတီသို့ ပြောသည်။

တပ်မတော် သတင်းပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကေတာ့ ယမန်နေ့ ညနေ ၄ နာရီကျော်က အဆိုပါ ကျောက်တော်မြို့ ကစ္ဆပနဒီတံတား အနီးဝန်း ကျင်တွင် လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်သားများကို AA အဖွဲ့ကနေ မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး၊ လက်နက်ငယ်များဖြင့်လည်း တိုက်ခိုက်ခဲ့သည့်အတွက် တုန့်ပြန် ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်များ ရရှိခဲ့ကြောင်း ပြောသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “မနေ့က ညနေ ၄ နာရီ ၂၀ ကနေပြီးတော့ ၄ နာရီခွဲ ကြားမှာ ဖြစ်သွားတာ ရှိတယ်။ အဲဒီတော့ ကစ္ဆပနဒီတံတားမှာ ပုံမှန်လုံခြုံရေး ဆောင်ရွက်နေတဲ့ အဖွဲ့ရှိတယ်။ ကင်းလှည့်တဲ့ အဖွဲ့တွေရှိတယ်။ ကင်းလှည့်တဲ့အဖွဲ့ကို တံတားနားလေးမှာပဲ လမ်းဘေး၊ ဝဲယာကနေပြီးတော့ ရီမုတ်မိုင်းခွဲတယ်။ မိုင်းခွဲတာနဲ့ တပြိုင်နက် အဝေး ပြေးကားဂိတ်ကနေပြီးတော့ လက်နက်ငယ်တွေနဲ့ ပစ်ခတ် တိုက်ခိုက် ခဲ့တယ်။ အရပ်သား ထိခိုက်တယ်ဆိုတဲ့ ဖြစ်စဉ်တော့ မသိဘူး။ အဲဒီ အနားမှာ ဖြစ်တဲ့ ဖြစ်စဉ်တိုင်းမှာ သူတို့ကတော့အရပ်သား ထိခိုက်တယ်ဆို တာတော့ ပြောနေကျပဲ” ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ ကျောက်တော်မြို့ဝင် ကစ္ဆပနဒီတံတား အနီးဝန်းကျင်တွင် AA အဖွဲ့ကနေ မကြာခဏ မိုင်းခွဲတိုက်ခိုက်သည့် ဖြစ်စဉ်များ ဖြစ်စဉ်များရှိခဲ့ပြီး မြို့နှင့် ကပ်သည့်နေရာ ဖြစ်သည့်အတွက် တပ်မတော် အနေဖြင့် စတင်ပစ်ခတ်သည့် ဖြစ်စဉ်မရှိကြောင်း၊ AA အဖွဲ့မှ စတင်ပစ်ခတ်မှသာ ပြန်လည် တုန့်ပြန် ပစ်ခတ်ရခြင်း ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆက်ပြောသည်။

လက်ရှိအချိန်တွင် ဒဏ်ရာရရှိသူ အရပ်သား ၅ ဦးထဲတွင် ၄ ဦးမှာ ကျောက်တော်မြို့ ဆေးရုံတွင်တက် ရောက်ကုသ နေရပြီး ဒဏ်ရာပြင်ထန်သည့် ကိုဇင်ကိုလွင်အား ကျောက်တော်ဆေး ရုံမှတဆင့် ယနေ့ မွန်းလွဲပိုင်းက စစ်တွေဆေးရုံသို့ ပို့ဆောင်ကာ အတွင်းလူနာ အဖြစ် တက်ရောက် ကုသနေရ သည်။

ကျောက်တော်မြို့ဝင် ကစ္ဆပနဒီတံတား အနီးတွင် ဧပြီလ ၃ ရက်နေ့ ညနေပိုင်းကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများဖြစ်ပွား၍ အရပ်သား ၃ ဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့သည်။

ဧပြီလ ၁ ရက်နေ့ ညနေ ၅ နာရီ ဝန်းကျင်ကလည်း ကျောက်တော်မြို့ ပေါ်တွင် လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့်အတွက် အရပ်သား ၅ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

ယခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့လည်း ကျောက်တော်မြို့ပေါ်ပေါ်သို့ လက်နက်ကြီး ကျည်ဆန်များ ကျရောက် ပေါက်ကွဲ၍ အမျိုးသမီး ၁ ဦး သေဆုံးပြီး အမျိုးသား ၃ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။

ပြီးခဲ့သော ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၈ နေ့ လည်း ကျောက်တော်မြို့အဝင်၌ တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ မြို့ခံ ၄ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။

အလားတူ ပြီးခဲ့သော ဒီဇင်ဘာလ ၆ ရက်နေ့ကလည်း အဆိုပါ ကျောက်တော်မြို့ပေါ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ တတိယတန်း ကျောင်သားလေး ၁ ဦး သေဆုံးကာ မွတ်ဆလင် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အတွက် စစ်တွေဆေးရုံသို့ တက်ရောက် ကုသခဲ့ရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading