COVID – 19 ရောဂါပိုး ပျံ့ နှံ့မှုကို ထိန်းချုပ်နိုင်ရန် သင်္ကြန်ကာလအတွင်း အစိုးရ ဝန်ထမ်းများကို နေရပ်မပြန်ကြရန်၊ ခရီးမထွက်ကြရန် ညွှန်ကြားခဲ့သော်လည်း လိုက်နာမှု မရှိသူများ တွေ့ ရှိရသဖြင့် ၎င်းတို့ကို အရေးယူနိုင်ရန် အစိုးရ ပြင်ဆင်လျက်ရှိကြောင်း သတင်း ရရှိသည်။
အစိုးရဌာန အသီးသီးမှ ဝန်ထမ်းအားလုံးသည် သင်္ကြန်ပိတ်ရက်တွင် တာဝန်ထမ်းဆောင်သည့် နေရာမှ မိသားစုများရှိ ရာ နေရပ်များသို့ သွားရောက်ခဲ့ခြင်း ရှိ၊ မရှိကို သက်ဆိုင်ရာဌာန အကြီးအကဲထံသို့ အမှန်အတိုင်း သတင်းပို့ရေး ကြပ် မတ်ဆောင်ရွက်ရန် COVID – 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီက ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်နေ့က အစိုးရ ဌာနဆိုင်ရာ အားလုံးကို အကြောင်းကြားခဲ့ကြောင်း သိရသည်။
ယင်းညွှန်ကြားချက်တွင် လိုအပ်ပါက ယင်းဝန်ထမ်းများကို Community Based Facility Quarantine ထားရှိ ဆောင် ရွက်သွားရန်လည်း ပါဝင်သလို ခွင့်ပြုချက် မယူဘဲ သွားရောက်ခဲ့သည့် ဝန်ထမ်းများအား နိုင်ငံ့ဝန်ထမ်း နည်းဥပဒေ အရ အရေးယူ ဆောင်ရွက်သွားရန် အချက်လည်း ပါဝင်သည်။
“အဲဒီ ညွှန်ကြားချက်အတိုင်းပဲ ဆောင်ရွက်သွားမယ်။ တချို့လည်း ခွင့်ပြုချက်ယူပြီး ပြန်တာတွေ ရှိတယ်။ တချို့ လည်း ခွင့်ပြုချက် မယူဘဲနဲ့ ပြန်တာတွေ ရှိတယ်။ ပြန်လာရင်တော့ သူတို့က Quarantine နေရမှာလေ။ အများစုက ရန်ကုန် က ပြန်လာကြမှာ။ မန္တလေးလည်း ရှိတယ်”ဟု နေပြည်တော် ကောင်စီဝင် ဦးတင်ထွန်းက ဧရာဝတီသို့ ပြောသည်။
ဝန်ထမ်းများအနေဖြင့် အခြားသူ တဦးဦးက သတင်းပို့၍ စိစစ်ချိန်တွင် သိရှိရလျှင် ဖြစ်စေ၊ မှန်ကန်စွာ သတင်းပို့ခြင်း မရှိဘဲ သံသယလူနာအဖြစ် စုံစမ်းသိရှိရသည့် အချိန်ရောက်မှ ဖြစ်စေ၊ Quarantine နေထိုင်ရန် ငြင်းဆိုခြင်း ပြုလျှင် ဖြစ်စေ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများအရ ထိရောက်စွာ အရေးယူရမည်ဟုလည်း အထက်ပါ ညွှန်ကြားချက်က ဆိုသည်။
နေပြည်တော်မှ ဝန်ထမ်းများ အနေဖြင့် မိမိတို့ အိမ်ရာနှင့် အိမ်ဆောင်များတွင် ညွှန်ကြားချက် မလိုက်နာဘဲ သင်္ကြန် ရုံးပိတ်ရက်များအတွင်း နေပြည်တော်ပြင်ပ အခြားဒေသများသို့ ခရီးသွားပြီး ပြန်ရောက်လာသည့် ဝန်ထမ်း၊ မိသားစု ဝင်များ ရှိပါက [email protected] သို့ တိုင်ကြား သတင်းပေးကြရန် နိုင်ငံတော် သမ္မတရုံးက ယနေ့ တိုက်တွန်း နှိုးဆော်ထားသည်။
“ဝန်ကြီးဌာနတွေကို တရားဝင် အကြောင်းကြားထားပြီး ဖြစ်ပါတယ်။ တရားဝင် မပြောရင် သိနိုင်အောင် တိုင်ဖို့ အခုလို ဖွင့်ပေးတာ ဖြစ်ပါတယ်”ဟု သမ္မတရုံး၏ ပြောခွင့်ရသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။
နေပြည်တော်တွင် ဝန်ထမ်းတစ်ဦး ရောဂါကူးစက်ခြင်း ခံရပါက ၎င်းမှတဆင့် ရုံးဌာနအတွင်းရှိ အခြားဝန်ထမ်းများသို့ ဆက်လက် ကူးစက်မည်ဖြစ်ကာ ရုံးလုပ်ငန်းများ ရပ်ဆိုင်းသွားနိုင့်မည် အခြေအနေ ဖြစ်ပေါ်လာနိုင်သောကြောင့် ယခုကဲ့သို့ တိုက်တွန်းနှိုးဆော်ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း အစိုးရဝန်ထမ်းများ အနေဖြင့် အရေးကြီးကိစ္စရပ်များ (နာရေး)မှလွဲ၍ ခရီးသွားလာ ခြင်း မပြုရန် နိုင်ငံတော် သမ္မတရုံးက ဧပြီလ ၄ ရက်နေ့က အမိန့် ညွှန်ကြားချက်တရပ် ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
နေပြည်တော်သို့ ပြန်ရောက်လာသူများကို Quarantine လုပ်ရမည်ဆိုသည့် ညွှန်ကြားချက်ရှိရာ အရပ်သားများကို တပ်မတော် စစ်ကြောရေး၊ အစိုးရဝန်ထမ်းများကို နေပြည်တော် စည်ပင်ဧည့်ရိပ်သာ၊ ငွေကြေး တတ်နိုင်သူများကို ဟို တယ် Quarantine လုပ်ရမည်ဟု သိရှိထားကြောင်း နေပြည်တော်မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေက ပြောသည်။
“ကျနော်တို့ စည်ပင်မှာက ဝန်ထမ်းတွေကို ၁၀ ရက်နေ့ကတည်းက လက်ခံထားတာ။ မနေ့ကအထိ ၁၁ ယောက် ရှိနေ ပြီ။ အခု ဝင်တာ ၆ ဦး ရှိတယ်။ မနက်ဖြန်ကို စာရင်းစစ်ချုပ်ရုံးက လာမှ ၄၉ ဦး ရှိတယ်။ ရန်ကုန်ကချည်းပဲ မဟုတ်ဘူး။ဒေသအစုံပဲ။ အခုမှ လက်ခံတာ မဟုတ်ဘူး။ လက်ခံနေတာ ကြာပါပြီ”ဟု အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦး မောင်မောင်ဆွေက ပြောသည်။
နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင် နိုင်ငံရပ်ခြားနှင့် နယ်စပ်မှ ပြန်လာသူများကို လက်ခံလျက်ရှိရာ လူဦးရေ ၆၀၀ ကျော်ရှိနေပြီး ယခုလည်း အစိုးရ ဝန်ထမ်းများကို ဆက်လက် တာဝန်ယူပေးရန် ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် COVID – 19 အတည်ပြု လူနာ ၉၄ ဦး၊ သေဆုံးသူ ၅ ဦးနှင့် ပြန်လာသက်သာလာသူ ၅ ဦး ရှိနေပြီး သေချာစွာ စောင့်ကြည့်ခံနေရသူ ၁၇၀၀ ကျော် ရှိနေပြီး ပိုးတွေ့ လူနာ အများဆုံး ရှိနေသည့် ရန်ကုန်မြို့ ရှိ မြို့နယ် ၇ ခုကို အသွားအလာ ကန့်သတ်လိုက်ပြီး နေအိမ်များတွင်သာ နေထိုင်ရန် ကျန်မားရေးနှင့် အားကစား ဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်လိုက်သည်။
You may also like these stories:
ကျန်းမာရေး ဝန်ထမ်းများကို အထူးခံစားခွင့် ပေးမည်ဟု အတိုင်ပင်ခံပြော
ကိုဗစ်ကာလ တိုခြင်း၊ ရှည်ခြင်းက စည်းကမ်းလိုက်နာခြင်းနဲ့ အများကြီး သက်ဆိုင်ပါတယ်