တရုတ်နိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသား ၂၈၀၀ ကျော်ကို ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားတွင် ၂၁ ရက်ကြာ Quarantine လုပ်ရန် စီစဉ်နေကြောင်း မိုင်းလား အဖွဲ့ (NDAA) ထံမှ သိရသည်။
“သူတို့ရဲ့နေရပ်လိပ်စာ မှတ်ပုံတင်စာရင်းတွေ ပြုစုပြီးမှ အစိုးရအဖွဲ့ကို အကြောင်းကြားပြီး ၂၁ ရက်စောင့်ကြည့်တဲ့ အခြေ အနေ သိပြီးမှပဲ။ သူတို့လက်ခံမလား၊ လက်မခံဘူးလား အစိုးရဘက်က ပြောမယ်ပေါ့။ ကျနော်တို့ကတော့ သူတို့ကို ၂၁ ရက် Quarantine လုပ်ဖို့ စီစဉ်နေတယ်”ဟု NDAA ဗဟိုကော်မတီဝင် ဦးကြည်မြင့်က ဧရာဝတီသို့ ပြောကြားသည်။
တရုတ်နိုင်ငံတွင် သွားရောက်အလုပ်လုပ်နေသော မြန်မာနိုင်ငံသားများကို တရုတ်အစိုးရက ကိုရိုနာဗိုင်းရပ်စ် (COVID-19) အန္တရာယ်ထိန်းချုပ်ရန် အကြောင်းပြကာ မြန်မာနိုင်ငံသို့ ပြန်လွှတ်လိုက်ခြင်းဖြစ်ပြီး ၎င်းတို့သည် ကချင်ပြည်နယ် နယ်စပ်နှင့် ရှမ်းပြည်နယ် နယ်စပ်တို့မှ တဆင့် မြန်မာနိုင်ငံအတွင်းသို့ ဧပြီလ အတွင်း အလုံးအရင်းနှင့် ဝင်ရောက်လာခြင်း ဖြစ်ကြောင်း သိရသည်။
ထို့အတူ မိုင်းလားဒေသ၏ နယ်စပ်ဂိတ်များမှ ဝင်လာသူများကို Quarantine မလုပ်ဘဲ မြန်မာနိုင်ငံအတွင်းရှိ နေရပ်ဒေသ အသီးသီးသို့ ပြန်လွှတ်မည်ဆိုသည့် သတင်းများ ထွက်ပေါ်နေသော်လည်း NDAA ဗဟိုကော်မတီဝင် ဦးကြည်မြင့်ကမူ Quarantine မလုပ်ဘဲ ပြန်လွှတ်မည်ဆိုသည့် သတင်းမှာ မမှန်ကန်ဟု ဧရာဝတီသို့ ပြောသည်။
ကချင်ပြည်နယ် ဗန်းမော်ခရိုင် လွယ်ဂျယ် တရုတ် နယ်စပ်ဂိတ်မှ တဆင့် မြန်မာနိုင်ငံအတွင်းသို့ ပြန်လည် ဝင်ရောက်လာ မည့်သူ ၁၈၀၀၀ ခန့် ရှိသည်ဟု ဆိုသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်း အထူးဒေသ ၄ ၏ နယ်စပ်ဂိတ်မှ တဆင့် ဝင်ရောက်လာသော မြန်မာနိုင်ငံသား ၂၈၁၉ ဦးရှိပြီး ၎င်းတို့ကို မိုင်းလားဒေသ၏ နမ့်ပန်း၊ ဆီလူးနှင့် မိုင်းလားမြို့များရှိ စာသင်ကျောင်းများတွင် ကျန်းမာရေးစောင့်ကြည့်ရန် စီစဉ်နေကြောင်း အထူးဒေသ ၄ ကျန်းမာရေးဌာနမှ သိရသည်။
“အများစု ဝင်တာက ဧပြီ ၈ ရက်နေ့ နဲ့ ၉ ရက်နေ့ဝင်ကြတာ။ တချို့အဲဒီထက်စော ဝင်တဲ့လူတွေရှိပါတယ်။ စားဖို့ သောက်ဖို့ က လက်ရှိမှာ ဒေသကပဲ အကုန်လုံး ပံ့ပိုးပေးနေတာ။ ကျမတို့ ကျန်းမာရေးဌာနကတော့ တရက်ကို ၂ ကြိမ် အပူချိန်တိုင်း တာတွေလုပ်တယ်။ အပူရှပ်တာတို့ ရာသီဥတုကြောင့် နေမကောင်းဖြစ်တဲ့သူတွေကို ဆေးကုပေးတာတော့ရှိတယ်”ဟု အထူးဒေသ ၄ ကျန်းမာရေးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။
တရုတ်နိုင်ငံမှ ပြန်လာသူများထဲတွင် ဧပြီလ ၁၇ ရက်အထိ COVID-19 ကူးစက်ခံထားရသည့် သံသယလူနာ မတွေ့ရှိ သေးကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။
NDAA အဖွဲ့သည် မိုင်းလားဒေသ အဝင်အထွက်ကို ယာယီ ပိတ်လိုက်ကြောင်း ပြီးခဲ့သည့် မတ်လ ၂၈ ရက်ကတည်းက ကြေညာထားသည်ဖြစ်ရာ ဧပြီလတွင် အလုံးအရင်းဖြင့် ပြန်လည်ဝင်ရောက်လာသော မြန်မာနိုင်ငံသားများကို မည်သည့် အကြောင်းကြောင့် လက်ခံထားရသနည်း ဆိုသည့် အချက်နှင့်ပတ်သက်၍မူ မသိရှိရသည်။
ယင်းကိစ္စမေးမြန်းရန် NDAA ဗဟိုကော်မတီဝင် ဦးကြည့်မြင့်ထံ ဧရာဝတီက ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ ၎င်းက မြန်မာနိုင်ငံ သား ၂၈၀၀ ကျော်ကို မိုင်းလားဒေသတွင် ၂၁ ရက်ကြာသည် အထိ Quarantine လုပ်ရန် စီစဉ်နေကြောင်းသာ ပြောဆို သည်။
ရှမ်းပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး လှဦးကမူ မိုင်းလားဒေသသို့ တရုတ်နိုင်ငံဘက်မှ ရောက်ရှိ လာသည့် မြန်မာနိုင်ငံသားများနှင့် အဆက်အသွယ် မရရှိသေးကြောင်း ပြောသည်။
“အဲဒီဘက်မှာတော့ တရုတ်ဘက်က လူတွေကို လက်ခံထားတယ်ကြားတယ်။ ဒီဘက်မှာတော့ အဆက်အသွယ်မရသေး ဘူး။ အဲဒီဘက်မှာ Quarantine လုပ်နေတယ်လို့ သိရတယ်။ သူတို့အဲဒါပြီးရင် ဘယ်လိုလုပ်မလဲတော့ မသိဘူး။ သူတို့က ငြိမ်းချမ်းရေး ကော်မရှင်ဘက်ကနေ တင်ပြပြီးလုပ်နေတာ”ဟု ၎င်းက ပြောဆိုသည်။
အစိုးရ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး အငြိမ်းစား ဒု ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးကမူ တရုတ်နိုင်ငံဘက်မှ ပြန်လာသူ များ ကို မိုင်းလားဒေသတွင် ၂၁ ရက် Quarantine လုပ်ပြီးနောက် မြန်မာနိုင်ငံ ဒေသအသီးသီးရှိ ၎င်းတို့နေရပ်သို့ ပြန်ခွင့်ပြု ရန် သင့်၊ မသင့် ကိစ္စအား မိုင်းလားအဖွဲ့နှင့် ဆွေးနွေးထားမှုရှိကြောင်း အတည်ပြုသည်။
သို့သော် ၎င်းက ဆွေးနွေးမှု အသေးစိတ်ကို မဖြေကြားဘဲ မိုင်းလားအဖွဲ့ထံတွင်သာ မေးကြည့်ရန် ဧရာဝတီသို့ ပြောသည်။
NDAA အဖွဲ့သည် ဧပြီလ ပထမပတ် အတွင်းကပင် တရုတ်နိုင်ငံမှ ပြန်လာသည်ဟု ဆိုကာ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းယန်း မြို့ထဲဝင်ရန် ကြိုးစားသည့် ရခိုင်တိုင်းရင်းသား ၂၇ဝ ကိုလည်း မိုင်းလားဒေသတွင် လက်ခံထားပြီး ကျန်းမာရေး စောင့်ကြည့်နေသည်။
မြန်မာနိုင်ငံတွင် ဧပြီလ ၁၈ ရက်အထိ COVID-19 ပိုးတွေ့ လူနာ ၉၄ ဦးရှိပြီး သေဆုံးသူ ၅ ဦး ရှိပြီ ဖြစ်သည်။
NDAA အဖွဲ့ကို ဗမာပြည် ကွန်မြူနစ်ပါတီ၏ အမှတ် (၈၁၅) စစ်ဒေသမှ ခွဲထွက်လာသော ဦးစိုင်းလင်းက ဦးဆောင်ကာ အခြားတိုင်းရင်းသားများနှင့် တပ်ဖွဲ့ဝင်များပူးပေါင်း၍ ၁၉၈၉ ခုနှစ် ဇွန် ၃ဝ ရက်တွင် ဖွဲ့စည်း တည်ထောင်ခဲ့ခြင်းဖြစ်သည်။
စတင်တည်ထောင်သည့် ၁၉၈၉ ခုနှစ်တွင်ပင် အစိုးရနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲခဲ့ပြီး လက်နက်ကိုင် တပ်ဖွဲ့ကို ရှမ်းပြည် နယ် အရှေ့ပိုင်း အထူးဒေသ ၄ ဖြစ်သည့် မိုင်းလားဒေသတွင် အခြေစိုက်သည်။
မိုင်းလား အဖွဲ့ကို National Democratic Alliance Army-Eastern Shan State (NDAA-ESS) ဟုလည်း ခေါ်ဆို သည်။
၂၀၁၁ ခုနှစ်တွင် သမ္မတ ဦးသိန်းစိန်အစိုးရနှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘော တူညီမှု ရရှိထားသည်။
တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ရေး အတွက် ငြိမ်းချမ်းရေး ကော်မရှင် နှင့် တွေ့ဆုံဆွေးနွေးမှုများ ရှိထားပြီး နိုင်ငံရေးမူဘောင်ဆွေးနွေးပွဲနှင့် ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံတို့ ကိုလည်း လေ့လာသူအဖြစ် ၂၀၁၈ ခုနှစ်က တက်ရောက်ခဲ့သည်။
You may also like these stories:
COVID – 19 ကာလ အမိန့် မနာခံသည့် ဝန်ထမ်းများကို အရေးယူဖို့ အစိုးရ ပြင်ဆင်
ရန်ကုန် ၇ မြို့နယ် Home Stay ကာလ ထပ်မံတိုးမြှင့်