မန္တလေးတိုင်းအတွင်း ရောဂါကူးစက်မှုထိန်းချုပ်ရန်အတွက် တိုင်းအစိုးရက လူထုအတွက် မရှိမဖြစ် လိုအပ်မည့် လုပ်ငန်းများမှ အခြားလုပ်ငန်းများကို ဧပြီ ၂၁ ရက်ထိ ရပ်နားထားရန် ညွှန်ကြားချက် ထုတ်ပြန်ထားခြင်းအား လကုန်အထိ သက်တမ်းထပ်မံ တိုးမြှင့်လိုက်ကြောင်း တိုင်းဒေသကြီး ခေတ္တ ဝန်ကြီးချုပ် ဦးဇာနည်အောင်က ယနေ့ပြောသည်။
နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအခြေအနေကြောင့် တိုင်းအတွင်း ရောဂါ ကူးစက်မှု ထိန်းချုပ်နိုင်ရန်အတွက် အထက်ပါအမိန့်အား ဧပြီလကုန်အထိ သက်တမ်းတိုးမြှင့်လိုက်ခြင်း ဖြစ်သည်ဟု သိရသည်။
ဧပြီ ၆ ရက်က ထုတ်ပြန်ခဲ့သော အဆိုပါဒေသန္တရအမိန့်တွင် မန္တလေးတိုင်းအခြေစိုက် ခရီးသည်တင် ယာဉ်လိုင်း ပြေးဆွဲမှုများ၊ စည်ပင် လက်အောက်ရှိ ဈေးများ၊ ဟိုတယ်တည်းခိုခန်းများ၊ ဆောက်လုပ် ရေးလုပ်ငန်းများ၊ အဝတ်အထည်ဆိုင်များသည် ဧပြီ ၂၁ ရက်အထိ ယာယီပိတ်သိမ်းရမည်ဟု ထုတ်ပြန် ခဲ့သည်။
ထို့အတူ မန္တလေးတိုင်းအတွင်းသို့ ကုန်စည်စီးဆင်းမှုအတွက် ဝင်ထွက်နေသော ကုန်တင်ယာဉ်နှင့် ၇ ဦးထက် မပိုသော သာမာန်အိမ်စီးကားများမှ အပ မည်သည့်ယာဉ် မဆို တိုင်းအတွင်း ဝင်ထွက်သွားလာခွင့်အား ယာယီကန့်သတ်ထားသည်။
၎င်းထုတ်ပြန်ချက်တွင် မန္တလေးတိုင်းအတွင် မရှိမဖြစ်လိုအပ်သော စားသောက်ကုန်ရောင်းချ ထုတ်လုပ် သောလုပ်ငန်းများ၊ ဆေးဝါးများ၊ ပုဂ္ဂလိကဆေးရုံများ၊ စက်သုံးဆီဆိုင်များ၊ ဘဏ်များ၊ လျှပ်စစ်ဓာတ် အားပေးလုပ်ငန်းများ အစရှိသည်များမှာ ဖွင့်လှစ်ရမည်ဟု ပါရှိသည်။
မန္တလေးတိုင်းအစိုးရသည် ဧပြီ ၁၇ ရက်မှ စတင်၍ ည ၁၀ နာရီမှ နံနက် ၄ နာရီအတွင်း အပြင်ထွက်ခွာ ခြင်းမပြုရန်၊ ကုန်စည်စီးဆင်းမှုအတွက်ဆိုပါက သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ရန်၊ နေ့ခင်းတွင်လည်း အိမ်ထောင်စု တစ်စုလျှင် လူတစ်ဦးသာအပြင်ထွက်ရန်၊ အပြင်ထွက်ပါက Mask များ မဖြစ်မနေ တပ်ဆင်ကြရန်အတွက် ဧပြီ ၁၆ ရက်က အမိန့်ထုတ်ပြန်ထားသည်။
ဆက်စပ်လင့်
လူထုအတွက် လိုအပ်သည့် လုပ်ငန်းများသာ ဖွင့်ရန် မန္တလေးတိုင်းအစိုးရ အမိန့်ထုတ်