သတင်း

ပလက်ဝက စစ်ဘေးရှောင် ၃ ထောင်ကျော် ဆန်ပြတ်နေပြီ

Want create site? Find Free WordPress Themes and plugins.

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့တွင် ခိုလှုံနေသည့် စစ်ဘေးရှောင် ဒုက္ခသည် ၃ ထောင်ကျော်မှာ နေ့စဉ် စားသုံးရန် ဆန်ပြတ်လပ်နေပြီဖြစ်ပြီး ၎င်းတို့အတွက် ဆန်သယ်လာသည့် ကားများမှာလည်း လမ်းတဝက်တွင် သောင်တင် နေသည်မှာ ၄ ရက်ရှိပြီဟု သတင်းရရှိသည်။

ဆန်သယ်လာသည့် အရပ်သားများအဖွဲ့မှာ ကား ၁၀ စီးဖြင့် ဆန်အိတ် ၈၃၀ ကို သယ်ဆောင် လာခြင်း ဖြစ်ပြီး ပလက်ဝမြို့နယ်၊ ဆမီးမြို့မှ ဧပြီ ၁၆ ရက်က စတင် ထွက်ခွာ လာခြင်း ဖြစ်သည်။

ဆန်သယ်လာသည့် အဖွ့ဲတွင် ချင်းစစ်ဘေးရှောင်ပြည်သူများ အရေးပေါ်ကူညီရေးနှင့် ပြန်လည် ထူထောင်ရေး ကော်မတီ (RRCCI) မှအဖွဲ့ဝင်များလည်း ပါဝင်သည်။

RRCCI မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဂျွန်ပိုင်နန်း က “ဒုက္ခသည်တွေက ဆန်မရှိတော့ဘူး။ တချို့က ဆန်ပြုတ်တွေ သောက်နေရတဲ့ အခြေအနေမှာ ရောက်နေပြီ။ အရင်က ရှိတာကို မျှပြီး စားကြတယ်။ လက်ရှိအခြေအနေမှာ အရမ်းကို ပိုဆိုးလာပြီ။ လူဦးရေကလည်း များတော့လေ” ဟု ပြောသည်။

တပ်မတော်နှင့် AA တို့၏ တိုက်ပွဲများကြောင့် ပလက်ဝမြို့ပေါ်တွင် လာရောက် ခိုလှုံနေသည့် စစ်ဘေးရှောင် ဒုက္ခသည်မှာ စုစုပေါင်း ၃၆၅၇ ဦး ရှိနေသည်။

ဆလိုင်းဂျွန်ပိုင်နန်း က “သတင်းတွေအရ လမ်းကြားမှာ AA တွေလည်း ရှိနေတယ်။ သူတို့လည်း ရိက္ခာပြတ်၊ ဆန်ပြတ်နဲ့ သူတို့က စောင့်ပြီး ဖြတ်လုမယ့် သဘောရှိတယ်။ တပ်ကလည်း အဲ့အခြေအနေကို သိလို့ လောလောဆယ် မသွားခိုင်းဘူး။ အခုသောင်တင်နေတယ်” ဟု ပြောသည်။

ဆန်လုယူခံရမည်ကို စိုးရိမ်သဖြင့် ဆက်မသွားရဲဘဲ လမ်းတဝက်တွင် သောင်တင်နေခြင်း ဖြစ်သည် ဟု ဆလိုင်းဂျွန်ပိုင်နန်းက ဆိုသည်။

ဆန်သယ်လာသည့် ကားတွင် ဆန်အိတ် ၈၃၀ အပြင် အခြားအခြေခံ စားသောက်ကုန်များနှင့် ဆေးဝါးများလည်း ပါသည်ဟု သိရသည်။

ဆလိုင်းဂျွန်ပိုင်နန်းက လူသားခြင်းစာနာထောက်ထားမှုဖြင့် အရပ်သားများ သယ်လာသည့် ဆန်ကို မည့်သည့် အနှောင့်အယှက်မှ မပေးရန် တောင်းဆိုလိုသည်ဟုလည်း ပြောသည်။

ပလက်ဝမြို့ရှိ စစ်ဘေးရှောင်ဒုက္ခသည်များကို ကူညီနေသူ ရပ်မိရပ်ဖ တဦး က “ပလက်ဝနဲ့ ၃ မိုင်ကျော် အရောက်မှာ သေနတ်နဲ့ ခြောက်လှန့် ပစ်ခံရတော့ ကားတွေက ဆက်မသွားနိုင်ပဲ ဖြစ်နေတာ။ တပ်ကလည်း လမ်းကြောင်း ရှင်းတယ်။ ရှင်းလို့ မနိုင်ဘူး။ ဒီနေ့ ဒီအချိန်ထိ ပလက်ဝကို ဆန်က မရောက် သေးဘူး” ဟု ပြောသည်။

ဒေသခံများက စုံစမ်းရာ ဆန်ကား ဖြတ်သွားရမည့် လမ်းတွင် AA တပ်ဖွဲ့ဝင်များ စခန်းချနေဆဲ ဖြစ်သဖြင့် ဖြတ်မသွားရဲဘဲ သောင်တင်နေခြင်း ဖြစ်သည်ဟုလည်း သိရသည်။

ဆမီးမြို့နှင့် ပလက်ဝမြို့သည် မိုင် ၄၀ ကျော် ကွာဝေးပြီး ၄ နာရီခန့် သွားရသည့် ခရီးဖြစ်သည်။

အဆိုပါ ရပ်မိရပ်ဖ က “တကယ်လို့ ဒီဆန်တွေ ရောက်မလာရင် အစာငတ်တာတွေ ကြုံလာတော့မယ်။ ငတ်သေတဲ့ အထိတောင် ကျနော်တို့ မှန်းထားတယ်။ လူက အများကြီး၊ ရိက္ခာမရောက်တာက ကြာပြီ” ဟု ပြောသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနက တပ်မတော်နှင့် AA တို့ကြားက တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် စစ်ဘေးရှောင် ဒုက္ခသည်များကို နိုင်ငံတော်မှ ပစ်ထားခြင်းမရှိဘဲ နိုင်ငံတကာ အဖွဲ့အစည်း များမှ အကူအညီများ ပေးနိုင်ရန် သွားလာခွင့် ပြုကြောင်း ဧပြီ ၁၀ ရက်က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ပလက်ဝမြို့နယ်၊ ဆမီးမြို့ ရှိ ဒုက္ခသည်များကို ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ (WFP) မှ ကူညီရန် ဧပြီ၊ ပထမပတ်က ခွင့်ပြုခဲ့သည်ဟုလည်း ရေးသားထားသည်။

RRCCI မှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်မိုင်နန်းဝေ ကလည်း “အစိုးရနဲ့ သူတို့က ချိတ်ဆက်ပြီး လာမယ် ထင်တယ်။ ဒါပေမယ့် အခုထိ သူတို့ဆီက ရောက်တာလာတာ သူတို့ဆီက ဆန်တွေ Camp တွေကို မရောက်သေးပါဘူး။ ကျမတို့လည်း မသိရသေးပါဘူး။ တကယ့်မြေပြင်မှာ အဲ့ဆန်တွေ က ရောက်မလာသေးပါဘူး”ဟု ပြောသည်။

လက်ရှိတွင် ပြည်တွင်းမှ အလှူရှင်များ စုပေါင်းပြီး လှူထားသည့် ဆန်များကို ခွဲဝေကာ ဆမီးမြို့ နှင့် ပလက်ဝမြို့ရှိ ဒုက္ခသည်များကို ထောက်ပံံနေရခြင်းဖြစ်သည်ဟု ဒေါ်မိုင်နန်းဝေက ပြောသည်။

၎င်းက ဆက်၍ “သက်ဆိုင်ရာ အာဏာ ရှိသူတွေ၊ လုပ်ပိုင်ခွင့် ရှိသူတွေက ဆန်ကို ရဟတ်ယာဉ်နဲ့ ပလက်ဝမြို့ပေါ်ကို ပို့လို့ မရဘူးလားဆိုတဲ့ မေးခွန်း တွေကလည်း ရှိတယ်။ အစိုးရအနေနဲ့ ကျမတို့ ချင်းစစ်ဘေးရှောင်တွေ အတွက် အသံ ထွက်ပေးစေချင်ပါတယ်” ဟုလည်း ပြောသည်။

ပလက်ဝမြို့သည် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ ရောင်းချသည့် ဆန်၊ ဆီ၊ ဆား၊ ပဲ နှင့် အခြားအခြေခံ စားသောက်ကုန်များ၊ စက်သုံးဆီများကို ဝယ်ယူကာ ကုလားတန် မြစ်ကြောင်းအတိုင်း သယ်ယူပြီး မှီခိုသုံးစွဲနေရသည့် မြို့ဖြစ်သည်။

ဖေဖော်ဝါရီ ၅ ရက်မှ စ၍ မတ် အထိ တပ်မတော်နှင့် AA တို့ကြား ကုလားတန်မြစ်ကြောတလျှောက်တွင် တိုက်ပွဲများ ပြင်းပြင်း ထန်ထန်ဖြစ်ပွားရာ ပလက်ဝနှင့် ကျောက်တော်သို့ ဆက်သွယ်သည့် ရေလမ်း၊ ကုန်းလမ်း အားလုံး ပြတ်တောက်သွားခဲ့သည်။

ယနေ့အချိန်ထိလည်း ပလက်ဝမှ ကျောက်တော်သို့ အခြေခံစားသောက်ကုန်များ သယ်ယူရန် သွားလာနိုင်ခြင်း မရှိသေးပါ။

ထို့ကြောင့် ပလက်ဝမြို့မှ စစ်ဘေးရှောင်ဒုက္ခသည်များနှင့် အရပ်သားများမှာ ပလက်ဝ- ဆမီး လမ်းကြောင်းကိုသာ အဓိက အသုံးပြုပြီး ဆန်သယ်ယူနေကြခြင်း ဖြစ်သည်။

ဖေဖော်ဝါရီလအတွင်းကလည်း ဆမီး-ပလက်ဝ တောင်ပေါ်လမ်း၊ လမြွေတောင်ပေါ်တွင် ပလက်ဝမြို့ ဆောက်လုပ်ငန်းရေး လုပ်ငန်းခွင်အတွက် စက်သုံးဆီ များ သယ်လာသည့် ဆယ်ဘီးကား ၁စီးကို AA က မီးရှို့ဖျက်ဆီးခဲ့သည်။

မတ် ၂၉ ရက်ကလည်း ပလက်ဝ စစ်ဘေးရှောင် ဒုက္ခသည်များနှင့် ဒေသခံ အရပ်သားများအတွက် သယ်လာသည့် ဆန်အိတ် ၁၀၀ ကို AA တပ်ဖွဲ့ဝင်များက တောတွင်းသို့ ခေါ်ဆောင်သွားကာ ၃ နာရီကြာ စစ်ဆေးခြင်း ပြုလုပ်ခဲ့သည်။

စစ်ဆေးပြီးနောက် ရိက္ခာ အခက်အခဲ ရှိသည်ဟုဆိုကာ သယ်လာသည့် ဆန်များထဲမှ ဆန်အိတ် ၂၀ ကို ရောင်းချပေးရန် ပြောဆိုသဖြင့် ဆန်သယ်လာသူများက ဆန်အိတ်များ ပေးခဲ့ရသည်။

အဆိုပါ ဆန်အိတ် ၂၀ နှင့် ပတ်သတ်၍ AA ဘက်မှ ကာလပေါက်ဈေးအတိုင်း ဆန်များကို ငွေပေးချေကာ ဝယ်ယူခြင်း ဖြစ်ပါသည်ဟု သတင်းထုတ်ပြန်ထားသည်။

ပလက်ဝမြို့တဖက်ကမ်းရှိ တပ်မတော်၏ ခလရ ၂၈၉ နှင့်လည်း AA တပ်ဖွဲ့ဝင်များသည် တိုက်ပွဲများ ဖြစ်ပွားထားပြီး ပလက်ဝမြို့ ပတ်ပတ်လည်သည် တပ်မတော်နှင့် AA ကြား စစ်ရေးတင်းမာ နေသည့် နေရာများ ဖြစ်နေသည်။

ပလက်ဝမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ဒုက္ခသည်များကို ကူညီထောက်ပံ့ရန် ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ (WFP) နှင့် ချင်းပြည်နယ် အစိုးရအဖွဲ့တို့မှ ဝယ်ယူထားသည့် ဆန်အိတ် ၆၀၀၀ ခန့်မှာလည်း ဖေဖော်ဝါရီ ကတည်းက ကျောက်တော် မြို့တွင်သာ သောင်တင်နေဆဲ ဖြစ်သည်။

AA က ပလက်ဝမြို့နယ်တွင်း အရပ်သားများ၏ ဆန်နှင့် စားနပ်ရိက္ခာများ သယ်ယူပါက ၎င်းတို့ မြေပြင် တပ်ဖွဲ့များကို အကြောင်းကြားပြီးမှ ဖြတ်သန်းသွားလာရန် ထုတ်ပြန်ချက်များ ထုတ်ထားသည်။

၎င်းတို့ကို အကြောင်းမကြားပဲ ဖြတ်သန်းသွားလာပါက လုံခြုံရေးအရ စစ်ဆေးခံရမည် ဖြစ်ပြီး ဆန်နှင့် ရိက္ခာများ သယ်လာသည့် ယာဉ်တွင် တပ်မတော်နှင့် ရဲ လုံခြုံရေးတပ်ဖွဲ့များ ပါလာ ပါကလည်း ပစ်ခတ်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

AA ကို မတ် ၂၃ ရက်က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ အမိန့်ဖြင့် မတရားအသင်း ကြေငြာပြီး ပြည်ထဲရေးဝန်ကြီးဌာနကလည်း အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်လိုက်သည်။

နိုင်ငံတော်မှ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသူကို ဆက်သွယ်လျှင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူခြင်း ခံရမည်ဟုလည်း ကြေငြာထားသည်။

You may also like these stories:

ကျောက်တော် ပစ်ခတ်မှု အရပ်သား ၁ ဦးသေ၊ ၅ ဦး ဒဏ်ရာရ

ပလက်ဝကို စစ်တလင်း ဆက်မလုပ်ကြပါနဲ့တော့

တိုက်ပွဲကြောင့် ပလက်ဝမြို့နယ် နန်းချောင်းဝ ရွာလုံးကျွတ် ထွက်ပြေး

Did you find apk for android? You can find new Free Android Games and apps.
Loading