သတင်း

လုပ်သားများကို လကုန်အထိ လစာမဲ့ ခွင့်ပေးရန် အထည်ချုပ်လုပ်ငန်းရှင်အသင်း တိုက်တွန်း

Want create site? Find Free WordPress Themes and plugins.

အလုပ်သမားများကို ဧပြီလ ၃၀ ရက်နေ့အထိ လစာမဲ့ ခွင့်ပေးရန် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်းက ၎င်း၏ အသင်းဝင်စက်ရုံများသို့ ယမန်နေ့က ကြေညာချက်ထုတ်ကာ တိုက်တွန်းလိုက်သည်။

မိမိ ဒေသအခြေအနေကြောင့် ဖြစ်စေ၊ ကိုယ်တိုင်အခြေအနေကြောင့် ဖြစ်စေ လုပ်ငန်းခွင်သို့ ပြန်လည်မဝင် ရောက်နိုင် သည့် အလုပ်သမားမှ သက်ဆိုင်ရာ အလုပ်ရုံ၊ တာဝန်ခံလူကြီး တဦးဦးသို့ ဖုန်းဆက်ခြင်း၊ ဖုန်း Messages ပို့ခြင်း၊ Viber Messages ပို့ခြင်း၊ အီးမေလ်းပို့ခြင်းစသည့် နည်းလမ်းများဖြင့် ခွင့်တိုင်ကြားလျှင် ဧပြီလ ၂၀ ရက်မှ ၃၀ ရက်ကာလအတွင်း လုပ်ခလစာမဲ့ခွင့်ဖြင့် ခွင့်ပြုပြီး အလုပ်အကိုင်တည်မြဲမှုအတွက်လည်း အာမခံချက်ပေးရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

လုပ်ငန်းအချို့က မေ ၁ ရက်နေ့အထိ ပိတ်ကြောင်း ကြေညာထားပြီး ဖြစ်သော်လည်း အလုပ်သမားများ၏ ကျန်းမာရေးနှင့် အလုပ်အကိုင်တည်မြဲရေးအတွက် ထုတ်ပြန်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောသည်။

“တိုက်တွန်းတာကတော့ နယ်က ကလေးတွေအတွက် အခုဆို မကွေးဆို ကားမရှိဘူးလေ။ ကားမရှိတော့ ဘာနဲ့ ပြန်မလဲ။ အဲဒီလို မလာနိုင်တဲ့အတွက် ခွင့်ကလည်း တင်ရင် မရောက်တာတို့ ဘာတို့ဆို ၃ ရက်ပျက်ရင် အလုပ်ပြုတ်တာဆိုတော့ အလုပ်အကိုင် တည်မြဲဖို့က အဓိကပါ”ဟု ၎င်းက ပြောသည်။

အဆိုပါ ထုတ်ပြန်ချက်ကို မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းနှင့်အတူ မြန်မာ-တရုတ် အထည်အလိပ်နှင့် အထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ကိုရီးယား အထည်ချုပ်လုပ်ငန်း ရှင်များအသင်း၊ မြန်မာနိုင်ငံ ဂျပန် အထည်ချုပ်လုပ်ငန်းရှင်များ အုပ်စုတို့ ပူးတွဲထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အသင်းဝင်လုပ်ငန်းပေါင်း ၅၆၀ ကျော်ရှိကြောင်း သိရသည်။

အလားတူပင် မြန်မာနိုင်ငံ စက်မှုလက်မှု နှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားများ သမဂ္ဂ အဖွဲ့ချုပ် (MICS) ကလည်း စက်ရုံ၊ အလုပ်ရုံများကို ဧပြီလ ၃၀ ရက်နေ့အထိ ပိတ်ထားရန် ဧပြီလ ၁၈ ရက်နေ့က တိုက်တွန်းထားသည်။

အစိုးရအနေဖြင့် အလုပ်သမားများ၏ အခက်အခဲများကို စာနာထောက်ထားသော အားဖြင့်လည်းကောင်း စနစ်တကျ အကာအကွယ် မပေးနိုင်ဘဲ အလုပ်လုပ်ကိုင်နေရသည့် အလုပ်သမားများမှ စတင်၍ COVID-19 ကူးစက်မှု အများအပြား မဖြစ်ပေါ်စေရန်အတွက် ဧပြီလ ၃၀ ရက်နေ့အထိ စက်ရုံ၊ အလုပ်ရုံများ ယာယီပိတ်ထားရန် MICS က ထုတ်ပြန်ခဲ့သည်။

MICS မှ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်က “နယ်မှာရောက်နေတဲ့ အလုပ်သမားတွေက ရန်ကုန်ကို စုပြုံရောက်လာတဲ့ အချိန်ကျမှ Stay Home လုပ်ပါဆိုရင် ရန်ကုန်က အဆောင်တွေမှာက စားစရာမှ မရှိတာ နယ်မှက သူတို့အိမ်မှာကမှ စားစရာ ရှိသေးတယ်လေ။ ဒါကို ဘယ်သူက ကျွေးမှာလဲဆိုတဲ့ ပြဿနာတွေ တက်လာမယ် ဖြစ်လာနိုင် တဲ့ အကျိုးဆက်တွေက အများကြီးဖြစ်တယ်။ ဒါကြောင့် ဧပြီ ၃၀ ရက်ထိတော့ အခြေအနေ စောင့်ကြည့်တဲ့ အနေနဲ့ ပိတ် ထားဖို့သင့်တယ်” ဟု ပြောသည်။

ပဲခူးတိုင်းဒေသကြီးကမူ ၎င်းတို့ တိုင်းဒေသကြီးအတွင်းရှိ စက်ရုံ၊ အလုပ်ရုံများက ဧပြီလ ၃၀ ရက်နေ့အထိ ယာယီပိတ်သိမ်း ထားရန်နှင့် အလုပ်သမားများ၏ မူလအခြေခံလစာကို သက်ဆိုင်ရာစက်ရုံ၏ အစီအစဉ်အတိုင်း ဆောင်ရွက်ရန် ထုတ်ပြန်ခဲ့ သည်။

COVID-19 ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် နိုင်ငံတော်၏ လိုအပ်ချက်အရ လုပ်ငန်းလည်ပတ် ဆောင်ရွက်နေ သော စက်ရုံများမှအပ ကျန်စက်ရုံများအားလုံး ယာယီပိတ်သိမ်းထားရန် ပဲခူးစက်မှုဇုန်နယ်မြေ စီမံခန့်ခွဲရေးကော်မတီက ဧပြီလ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်နေ့မှ ဧပြီလ ၁၉ ရက်နေ့ အထိ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၁၀၇ ဦးရှိပြီး သေဆုံးသူ ၅ ဦး၊ ပိုးတွေ့ပြန်လည်သက်သာလူနာ ၅ ဦးရှိပြီ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ပိုးတွေ့ပြန်လည်သက်သာလူနာ ၅ ဦးအနက် ၂ ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ပြီးဖြစ်ကာ ကျန် ၃ ဦးကိုလည်း ဆေးရုံဆင်း နိုင်ရန် ဆက်လက်ဆောင်ရွက်နေကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီး ဌာနမှ သိရသည်။

ဆက်စပ်ဖတ်ရှုရန်

မန္တလေးရှိ စက်ရုံ၊ အလုပ်ရုံများ နားမည့်ကာလ၌ လစာ အပြည့်ပေးရန် တောင်းဆို

Did you find apk for android? You can find new Free Android Games and apps.
Loading