မြန်မာနိုင်ငံတွင် လတ်တလော ဓာတ်ခွဲစစ်ဆေးတွေ့ရှိထားသော COVID-19 ပိုးတွေ့လူနာ ၁၀၇ ဦးထဲတွင် ဘာသာရေးပွဲနှင့် ဆက်စပ်သူ ၅၂ ဦးအထိ ပါဝင်လျက်ရှိကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
ယနေ့ နံနက်က ထုတ်ပြန်ချက်အရ ဧပြီလ ၁၉ ရက်နေ့တွင် ပိုးတွေ့လူနာ အသစ် ၁၃ ဦး တွေ့ရှိထားခဲ့ပြီး ယင်း ၁၃ ဦးထဲတွင် ဘာသာရေးပွဲတခုကို တက်ရောက်ခဲ့သူများနှင့် ၎င်းတို့နှင့် ဆက်စပ်သူအရေအတွက်မှာ အနည်းဆုံး ၇ ဦးအထိ ပါဝင်ကြောင်း သိရသည်။
ထိုပိုးတွေ့ လူနာ ၇ ဦးသည် မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သူ ၂ ဦး၊ မရမ်းကုန်မြို့နယ်မှ ၂ ဦး၊ တောင်ဥက္ကလာ မှ ၁ဦး၊ ဒေါပုံမြို့နယ်မှ ၁ ဦး၊ မင်္ဂလာဒုံ မြို့နယ်မှ ၁ ဦး တို့သည် သာသာရေးပွဲသို့ တက်ရောက်ခဲ့သူများနှင့် ၎င်းတို့၏ ဆက်စပ်သူများဖြစ်ကြောင်း သက်ဆိုင်ရာတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ဧရာဝတီသို့ အတည်ပြုပြောသည်။
ဒေါပုံမြို့နယ်မှ ပိုးတွေ့လူနာသည် ဘာသာရေးပွဲသို့ တက်ရောက်ခဲ့သူတဦး ဖြစ်ပြီး ရဝေနွယ်(အင်းမ) ကျောင်းတိုက်ရှိ Quarantine စင်တာသို့ ပို့ဆောင်ကာ ကန့်သတ်စောင့်ကြည့်ထားခြင်း ဖြစ်ကြောင်း ဒေါပုံမြို့နယ်လွှတ်တော်က်ိုယ်စားလှယ် ဦးသန့်ဇင်က ပြောသည်။
၎င်းက “ သူတက်ခဲ့ဘာသာရေးပွဲက လူတွေမှာ ပိုးတွေ့ပြီးဆိုကတည်းက သူ့အိမ်ကို Lockdown လုပ်ထားပြီး သားပါ။ သူက အိမ်မှာ တယောက်တည်းနေတာ။ ဒါပေမယ့် သူ Quarantine စင်တာမသွားခင်က ရပ်ကွက်ထဲက အခြေခံလူတန်းစားတွေကို အလှူလုပ်ဖို့ဆိုပြီး သူနဲ့တူတူ ပစ္စည်းတွေ ထုပ်ပိုးခဲ့တဲ့ အမျိုးသမီးသုံးဦးကိုလည်း အခု Home Quarantine လုပ်ထားတယ်” ဟု ဆိုသည်။
တောင်ဥက္ကလာမြို့နယ်နေ ပိုးတွေ့လူနာသည် ဘာသာရေးပွဲသို့ သွားရောက်ခဲ့သော ပိုးတွေ့လူနာများ၏ နေအိမ်တွင် အလုပ်လုပ်သူဖြစ်ပြီး မြောက်ဒဂုံမြို့နယ်နေ လူနာ ၂ ဦးသည် ထိုဘာသာရေးပွဲတွင် အစားအသောက်များ စီစဉ်ဆောင်ရွက်ပေးခဲ့ရသူများ ဖြစ်ကြောင်း သက်ဆိုင်ရာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များက ဧရာဝတီ သို့ ပြောသည်။
မင်္ဂလာဒုံမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာမိုးက “ ကျမတို့ဆီက လူနာက ဘာသာရေးပွဲကို သွားတက်ခဲ့တဲ့ လှိုင်သာယာက လူနာလင်မယားဆီမှာ စာရင်းကိုင်အလုပ်လုပ်နေတဲ့သူပါ။ သူ့ကိုလည်း အသွားအလာကန့်သတ်ထားပြီး အခုဓာတ်ခွဲအဖြေထွက်တော့ ပိုးတွေ့ခဲ့တာပါ” ဟု ဆိုသည်။
မရမ်းကုန်းမြို့နယ်မှ ပိုးတွေ့လူနာ ၂ ဦးသည်လည်း လူစုလူဝေးဖြင့် ပြုလုပ်ခဲ့သော ဘာသာရေးပွဲသို့ တက်ရောက်ခဲ့သူ တဦး နှင့် ဘာသာရေးပွဲသို့ တက်ရောက်ခဲ့သူတဦး၏ မိသားစုဝင် တဦး ဖြစ်ကြောင်း ယင်း မြို့နယ်၏ လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ပြောသည်။
၎င်းက “သူကတော့ အဲ့ဒီ လူစုလူဝေးကို သွားတက်ခဲ့သူပါ။ နောက်တဦးကတော့ သေဆုံးသွားပြီဖြစ်တဲ့ ပိုးတွေ့လူနာ Case 086 ရဲ့ ဇနီးပါ ” ဟု ရှင်းပြသည်။
ယနေ့ နံနက်ပိုင်းက ထုတ်ပြန်သော COVID 19 ရောက်ပိုးတွေ့ရှိသူ ၁၃ ဦးသည် ရောဂါပိုးရှိသူများနှင့် ထိတွေ့ထားသောကြောင့် အသွားအလာကန့်သတ်ဖြင့် စောင့်ကြည့်လူနာများထဲမှ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနထံမှ သိရသည်။
ဧပြီလ ၁၂ ရက်နေ့တွင် ရောဂါပိုးတွေ့ရှိသူများထဲမှ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ကြို့ကုန်း အရှေ့ ရပ်ကွက်အတူနေ ၄ ဦး (Case 034၊ 035၊ 036၊ 037) တို့တွင် ရောဂါပိုးတွေ့ရှိခဲ့ပြီးနောက် ၎င်းတို့သွားရောက်ခဲ့သည့် အဆိုပါ ဘာသာရေးအခမ်းအနားကို တက်ရောက်ခဲ့သူများကို လိုက်လံ ရှာဖွေ စစ်ဆေးရာမှ ယခုလို ရောဂါပိုးရှိသူများနှင့် ကူးစက်ခံလိုက်ရသူများ ထပ်မံတွေ့ရှိလာခြင်းဖြစ်သည်။
ထို လူနာ ၅၂ ဦးသည် ရန်ကုန်မြို့ရှိ မြို့နယ် ၁၁ ခုတွင် နေထိုင်သူ ၅၁ ဦးနှင့် ရန်ကုန်မှ ရှမ်းပြည်နယ် မိုင်းဖြတ်မြို့သို့ ပြန်သွားသူ ၁ ဦးတို့ဖြစ်သည်။ ရန်ကုန်ရှိ လူ ၅၁ ဦး နေထိုင်သော မြို့နယ်များမှာ အင်းစိန်တွင် ၁၅ ဦး၊ တောင်ဥက္ကလာတွင် ၁၀ ဦး၊ မရမ်းကုန်းတွင် ၉ ဦး၊ လှိုင်သာယာတွင် ၅ ဦး၊ ရွှေပြည်သာ၊ ဗဟန်းနှင့် မြောက်ဒဂုံတို့တွင် ၂ ဦးစီ ဖြစ်ပြီး စမ်းချောင်း၊ အလုံ၊ မြောက်ဥက္ကလာ၊ မင်္ဂလာဒုံ တို့မှ ၁ ဦးစီတို့ ဖြစ်သည်။
ဧပြီလ ၁၇ ရက်နေ့အထိ အဆိုပါဘာသာရေးပွဲ နှင့် ဆက်စပ်ပြီး ပိုးတွေ့လူနာများနှင့် ထိတွေ့သူပေါင်း ၂၇၄ ဦး အထိ ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ COVID 19 ပိုးတွေ့လူနာပေါင်း ၁၀၇ ဦးအထိ ရှိလာပြီဖြစ်ပြီး ၅ ဦးသေဆုံးကာ ၅ ဦးမှာ ပြန်လည် သက်သာလာပြီဖြစ်သည်။
ဆက်စပ်လင့်
ရန်ကုန် ၇ မြို့နယ် Stay at Home ကာလ ထပ်မံတိုးမြှင့်
မန္တလေးတိုင်း ဒေသန္တရအမိန့် ကာလထပ်တိုး
COVID – 19 ကာလ အမိန့် မနာခံသည့် ဝန်ထမ်းများကို အရေးယူဖို့ အစိုးရ ပြင်ဆင်