ကူးစက်မြန် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ COVID – 19 ကာကွယ်ထိန်ုးချုပ်နိုင်ရန်အတွက် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ အရေအတွက် ၁၀၀ ခန့်ရှိသော အဝေးပြေး ခရီးသည်တင်ယာဉ်လိုင်းများ အားလုံးကို ပိတ်သိမ်းထားသည့်ကာလအား ဧပြီလကုန်အထိ သက်တမ်းတိုးမြှင့်လိုက်ကြောင်း သတင်း ရရှိသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေး က “ခရီးသည်တင်ယာဉ်လိုင်းအားလုံးကို ဧပြီလ ၁၀ ရက်နေ့ကနေ ၁၉ ရက်နေ့ အထိ ပိတ်ထားခဲ့ပါတယ်။ အခုက ရောဂါထိန်းချုပ်နိုင်ရေး လိုအပ်ချက်အရ ပိတ်သိမ်းတဲ့ကာလကို ဧပြီလကုန် အထိ ထပ်မံတိုးမြှင့်လိုက်တာ ဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် အဝေးပြေးယာဉ်လိုင်းများအားလုံးကို ဧပြီလကုန်အထိ ယာယီ ပိတ်သိမ်းခဲ့သော်လည်း ကုန်တင်ယာဉ်များနှင့် ကိုယ်ပိုင်ပုဂ္ဂလိက မော်တော်ယာဉ်များကို ပိတ်ပင်ခြင်း မရှိဘဲ သွားလာခွင့်ပြုထားကြောင်း သိရသည်။ သို့သော် ပုဂ္ဂလိကမော်တော်ယာဉ်များအနေဖြင့် ဒရိုင်ဘာအပါအဝင် လူ ၇ ဦးထက် ပိုမိုစီးနင်းခွင့်မရှိကြောင်း သိရသည်။
ဧရာဝတီတိုင်းအတွင်းရှိ အဝေးပြေး ကားလိုင်းများအားလုံး ရပ်နားမည်ဖြစ်သော်လည်း ကုန်စည်စီးဆင်းမှုများ မပြတ်တောက်စေရန်အတွက် တိုင်းအတွင်းဆောင်ရွက်နေသော လပွတ္တာ ကျွန်းကုန်းတံတားစီမံကိန်းနှင့် ဝါးခယ်မမြို့နယ်ရှိ ရွှေလောင်းတံတား စီမံကိန်းတို့တွင် ပြေးဆွဲနေသည့် မြစ်ကူးဇက်ရေယာဉ်များမှာ ယခင် အတိုင်း ဆက်လက်ပြေးဆွဲနေမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းအစိုးရက ပြောသည်။
ဧရာဝတီတိုင်းအစိုးရက COVID – 19 ထိန်းချုပ်ရေးအတွက် အဝေးပြေး ကားလိုင်းပိတ်သိမ်းမှုကာလသက်တမ်း တိုးမြှင့်ခဲ့သလို တိုင်းအတွင်းပြေးဆွဲနေသည့် ရေယာဉ်များနှင့် ပုဂ္ဂလိက သင်္ဘောလိုင်းများအားလုံးကိုလည်း ညပိုင်းပြေးဆွဲခွင့်မပြုတော့ဘဲ မနက် ၅ နာရီမှ ည ၈ နာရီအတွင်း အချိန်ပြောင်းလဲပြေးဆွဲရန် ညွှန်ကြား ထားကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုဂ္ဂလိက ရေယာဉ်များ စနစ်တကျပြေးဆွဲရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးတိုင်းအောင် က “ကျန်းမာရေးဝန်ထမ်းတွေက သင်္ဘောတွေ စက်လှေတွေနဲ့ ပါလာသူတွေကို ကျန်းမာရေး စစ်ဆေးမှုတွေ တညလုံးလုပ်ဖို့က အဆင်မပြေဘူး။ ဒါကြောင့် မနက်ပိုင်းကို အချိန်ပြောင်း လဲခဲ့တာပါ။ သင်္ဘောလိုင်းတွေ မပိတ်ပေမယ့် ခရီးသည်လည်း အခုကာလမှာ အရမ်းနည်းပါတယ်။ အဓိကက ကျေးလက် တောရွာတွေမှာ စားသောက်ကုန်တွေ မပြတ်လပ်ဖို့ စက်လှေတွေက ကုန်တွေတင်ပြီး သွားလာ နေကြတာပါ” ဟု ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ် ၂၆ မြို့နယ်တွင် ရေယာဉ်ကြီးများ၊ မြင်းကောင်ရေ ၂၀ အထက် သင်္ဘောနှင့် စက်လှေများ၊ မြင်းကောင်ရေ ၂၀ အောက် စက်လှေလိုင်းများအပါအဝင် သင်္ဘောနှင့် စက်လှေစုစုပေါင်း ၁ သောင်းခန့် ယခင်က ပြေးဆွဲခဲ့ပြီး လက်ရှိကာလတွင် စီးပွားရေးအရ အရှုံးပေါ်ကသည့်အတွက် သင်္ဘောနှင့် စက်လှေလိုင်းအားလုံး၏ ၁၀ ရာခိုင်နှုန်းခန့်သာ ပြေးဆွဲလျှက်ရှိကြောင်း သိရသည်။
အဝေးပြေးမော်တော်ကားလိုင်းများ အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးတွင် တိုင်းမြို့တော်ပုသိမ်မြို့မှ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပခုက္ကူ၊ ပြည်၊ မော်လမြိုင်နှင့် မြဝတီမြို့များသို့ ပြေးဆွဲနေသည့်အဝေးပြေးယာဉ်လိုင်း ၄၆ လိုင်းရှိကြောင်း သိရသည်။
ထို့ပြင် ပုသိမ်မြို့မှ ဧရာဝတီတိုင်း အတွင်းရှိမြို့များဖြစ်သော ဟင်္သာတ၊ မြန်အောင်၊ လေးမျက်နှာ၊ ငပုတော၊ ကျုံပျော်၊ ရေကြည်၊ ငါးသိုင်းချောင်း၊ ဟိုင်းကြီးကျွန်း၊ ငရုတ်ကောင်း၊ ရွှေသောင်ယံ၊ ငွေဆောင်၊ ချောင်းသာ၊ သာပေါင်း၊ မော်လမြိုင်ကျွန်း၊ ဘိုကလေး၊ ဖျာပုံ၊ မအူပင်၊ ဝါးခယ်မ၊ မြောင်းမြ၊ လပွတ္တာ၊ ပန်းတနော်၊ အိမ်မဲနှင့် ကျောင်းကုန်းမြို့များသို့ ပြေးဆွဲနေသော မော်တော်ယာဉ်လိုင်းပေါင်း ၆၁ လိုင်းရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ မတ်လ ၂၃ ရက်နေ့မှ ဧပြီလ ၁၉ ရက်နေ့အထိ ၂၈ ရက်တာ ကာလအတွင်း ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် COVID – 19 ဖြစ်ပွားသူ ၁၀၇ ဦးတွေ့ရှိထားပြီး အဆိုပါလူနာများအနက် လူ ၅ ဦး အသက် ဆုံးရှုံးခဲ့ကြောင်း သိရသည်။
You may also like these stories:
ကိုဗစ်-၁၉ ကြောင့် မြန်မာ့စီးပွားရေး နှေးသွားပြီး ဆင်းရဲသားများ အထိနာမည်ဟု ကမ္ဘာ့ဘဏ် ဆို
ကိုဗစ်ကြောင့် ထိုင်းမှာ အလုပ်လက်မဲ့ ၁၀ သန်းကျော် ဖြစ်လာနိုင်တယ်လို့ ခန့်မှန်း
တရုတ်နိုင်ငံမှ ဂျပန်လုပ်ငန်းများ ရွှေ့ပြောင်းရေး ဂျပန်အစိုးရငွေကြေးထောက်ပံ့မည်