သမ္မတ တိုက်ရိုက် အုပ်ချုပ်သည့် နေပြည်တော် ပြည်ထောင်စု နယ်မြေသို့ ပြန်လည် ဝင်ရောက်လာသည့် အစိုးရ ဝန် ထမ်းတိုင်းကို Community Base Facilities Quarantine မဖြစ်မနေ ဝင်ရောက်ရမည့် ညွှန်ကြားချက် ရှိရာ ယနေ့ ညနေ ၄ နာရီအထိ ဝင်ရောက်သူ ၂၄ ဦး ရှိနေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
နေပြည်တော်အဝင် ဒက္ခိဏသီရိမြို့နယ် C လမ်းဆုံ အဝင်ဂိတ်တွင် ယမန်နေ့ ညနေ ၆ နာရီမှ စတင်ပြီး နေပြည်တော် ပြင်ပမြို့နယ်များမှ ဝင်ရောက်လာသည့် ပြည်သူများကို အုပ်ချုပ်ရေး၊ ရဲ၊ ကျန်းမာရေးဌာန အပါအဝင် အခြား လိုအပ် သည့် ဌာနဆိုင်ရာများ ပူးပေါင်း၍ စိစစ်မှုများ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ဒက္ခိဏသီရိမြို့ နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဟန်က သတင်းထောက်များကို ပြောသည်။
“ဒီကနေ စိစစ်ပြီးတော့ သက်ဆိုင်ရာ မြို့ နယ်တွေမှာ ပြုလုပ်ထားတဲ့ COVID-19 Quarantine စင်တာတွေကို ပို့ လွှတ်နေပါတယ်။ ဝင်ရောက်လာတဲ့အထဲမှာ ဝန်ထမ်းတွေ ပါနေရင်တော့ သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ ဦးစီးဌာနတွေနဲ့ ချိတ်ဆက်ပြီးတော့ သူတို့ကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ်မှာရှိတဲ့ စည်ပင်ရိပ်သာမှာ Quarantine ဝင်ရောက်နိုင်ဖို့ အတွက် ပို့ဆောင်ပေးပါတယ်”ဟု ဦးသန်းဇော်ဟန်က ပြောသည်။
သို့သော် ယခုလို စစ်ဆေးရေး ဂိတ်များမှ မဟုတ်ဘဲ သတင်းပို့ခြင်း၊ ဖြတ်သန်းခြင်း မရှိဘဲနဲ့ ကျေးရွာများသို့ ရောက် ရှိသွားသူများကိုမူ သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကတဆင့် သတင်းပေးပို့စေပြီး သက်ဆိုင်ရာ Quarantine ဝင်ရောက်သည့် နေရာများသို့ ပေးပို့ ဆောင်ရွက်နေကြောင်းလည်း သိရသည်။
ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်အရ ရန်ကုန်တိုင်းအတွင်းရှိ မည်သည့် မြို့နယ်များမှ လာသည် ဖြစ်စေ နေပြည်တော်တွင် Facilities Quarantine ဝင်ရောက်ရမည် ဖြစ်သလို မြန်မာနိုင်ငံအတွင်း COVID-19 positive ဒေသမှ ပြည်သူများသည်လည်း Quarantine ဝင်ရောက်ရမည်ဟု အထက်ပါ မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။
သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း အစိုးရဝန်ထမ်းများ အနေဖြင့် အရေးကြီးကိစ္စရပ်များ (နာရေး)မှလွဲ၍ ခရီးသွားလာခြင်း မပြုရန် နိုင်ငံတော် သမ္မတရုံးက ဧပြီလ ၄ ရက်နေ့က အမိန့် ညွှန်ကြားချက် တရပ် ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
သို့သော် ယင်းထုတ်ပြန်ချက် မတိုင်မီ အိမ်ပြန်ကြသည့် ခရီးထွက်ကြသည့် ဝန်ထမ်းများ ရှိသလို ထုတ်ပြန်ချက် ထုတ် ပြီးမှ ခိုးပြန်ကြသည့် ဝန်ထမ်းများလည်း ရှိရာ မည်သည့်ဝန်ထမ်းဖြစ်စေ နေပြည်တော်သို့ ပြန်လည် ဝင်ရောက် ပါက မဖြစ်မနေ Quarantine ဝင်ရမည် ဖြစ်ကြောင်း နေပြည်တော်မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင် ဆွေက ပြောသည်။
“တချို့ကလည်း တရားဝင်သွားတဲ့အတွက် မဝင်ရဘူး။ တရားမဝင် သွားမှဝင်ရမယ်တို့ ဘာတို့ ရှိတယ်။ အဲလို နားလည် မှုတွေ လွဲနေတာ ရှိတယ်။ အပြင်လူဆိုရင်တော့ ရောဂါဖြစ်ပွားရာ ဒေသက ဝင်လာရင် မဖြစ်မနေ Quarantine ဝင်ရ တယ်။ ဝန်ထမ်းဆိုရင်တော့ တရားဝင်သွားတာရော၊ တရားမဝင် သွားတာရော စည်ပင်ဧည့်ရိပ်သာမှာ Quarantine ခံယူရဖို့ ရှိပါတယ်။ ဝန်ထမ်းအားလုံးသည် Quarantine ဝင်ရမယ်”ဟု ၎င်းက ပြောသည်။
ဦးမောင်မောင်ဆွေ နာယကအဖြစ် ပါဝင်သည့် နေပြည်တော် COVID – 19 စေတနာ ဝန်ထမ်းအဖွဲ့က ယမန်နေ့ ၁၉ ရက်နေ့ မတိုင်မီ နေပြည်တော် စည်ပင်ဧည့်ရိပ်သာသို့ ရောက်ရှိနေသည့် ဝန်ထမ်းများ၏ စားသောက် စရိတ်များကို အပြည့်အဝ တာဝန်ယူပေးမည် ဖြစ်သော်လည်း ယင်းနောက်ရက်များတွင် ရောက်ရှိလာသည့် ဝန်ထမ်းများကိုမူ နေပြည်တော် ကောင်စီနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနတို့က တာဝန်ယူပေးရန် ရှိကြောင်း သိရသည်။
နေပြည်တော် COVID – 19 စေတနာ ဝန်ထမ်းအဖွဲ့ သည် COVID – 19 ဗိုင်းရပ်စ် မြန်မာနိုင်ငံတွင် စတင် တွေ့ ရှိခဲ့ သည့် မတ်လ ၂၃ ရက်နေ့ နောက်ပိုင်းမှ စတင်ကာ နေပြည်တော်တွင် COVID – 19 နှင့် ပတ်သက်၍ ပညာပေးခြင်း များ၊ ဆေးရုံများသို့ အထောက်အပံ့များ၊ Quarantine ဝင်ရသူများကိုလည်း အစားအသောက်များ ထောက်ပံ့ပေး နေသည့် အဖွဲ့ တခု ဖြစ်သည်။
မန္တလေးမြို့ မှ နေပြည်တော်သို့ ယနေ့ ပြန်ရောက်လာသည့် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဝန်ထမ်းတဦးကမူ Quarantine ဝင်ရမည်ကို သိသော်လည်း မည်သည့်နေရာတွင် နေထိုင်ရမည်ကို မသိကြောင်း၊ ၎င်းသည် ရန်ကုန်မြို့ တွင် သင်တန်းသွားတက်ခဲ့ပြီး ယခုလ ၈ ရက်နေ့က ၎င်း၏ဇာတိ မန္တလေးမြို့သို့ ပြန်ခဲ့ပြီး ရုံးဖွင့်သည့်အခါ နေပြည်တော်သို့ ပြန်လာခြင်း ဖြစ်ကြောင်း ပြောသည်.
“အခုချိန်ထိ Quarantine ဝင်ရင် စားသောက်တာကို ကိုယ့်အစီအစဉ်နဲ့ကိုယ်ပဲ လုပ်နေရတယ်လို့ သိထားတယ်။ နောက်ရက်တွေတော့ စီစဉ်ပေးမလား မသိဘူး။ မစီစဉ်ပေးဘူး ဆိုရင်တော့ အဆင်မပြေဘူး။ ဘာကြောင့်လဲ ဆိုတော့ ထမင်းတွေ ဝယ်ဖို့ ဝင်ထွက်ဆိုရင် Quarantine ထားတာ ဘာမှ မထူးတော့ဘူး။ သတ်မှတ်စရိတ်ကို ပေးဆိုရင် ကျနော်တို့ ပေးဆောင်ပါမယ်”ဟု ယင်းဝန်ထမ်းက ပြောသည်။
နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ကျန်းမာရေးမှူး ဦးမျိုးသွင်ကလည်း “မိမိတို့ဆန္ဒအရ မဝင်ချင်ဘူးဆိုပြီး ပြန်လှည့် သွားတဲ့သူတချို့ တွေ့ရပါတယ်။ ကျနော်သိတဲ့အသိကတော့ ဒီမှာနေတဲ့ပြည်သူများ ကတော့ ပြန်လှည့်တာထက် မိမိသက်ဆိုင်ရာဌာန အလုပ်လည်းမပျက်အောင် သတ်မှတ်ထားတဲ့ Quarantine ကိုဝင်လိုက်မယ်။ ကိုယ့်မိသားစု ကိုယ့်ဒေသမှာပဲ အေးဆေးနေလိုက်ရင် ရမယ်လို့ ယူဆပါတယ်”ဟု ပြောသည်။
ထို့ပြင် သတ်မှတ်ချက်များအရ နေပြည်တော်တွင် Quarantine ဝင်ရန် မလိုအပ်သူများကိုမူ ၎င်းတို့ နေထိုင်မည့် လိပ်စာ၊ လူဦးရေးနှင့် ခနလာရောက်ပါကလည်း တည်းခိုမည့် လိပ်စာများကို အပြည့်အစုံ ရယူထားပြီး လိုအပ်ပါ က ပြန်လည် ဆက်သွယ်နိုင်ရန်အတွက် စီစဉ်ရခြင်း ဖြစ်ကြောင်း နေပြည်တော်အဝင် C လမ်းဆုံ ဂိတ်မှ တာဝန်ရှိသူများက ပြောသည်။
“မိမိရဲ့ ခရီးသွား ရာဇဝင်ကို လိမ်မယ်။ မိမိလာရောက်တဲ့ နေရာကို လိမ်လည် ဖြည့်သွင်းမယ်။ အခြားသော ကျန်း မာရေး ဝန်ထမ်းများက စိစစ်ဖို့ လိုအပ်ချက်အရ စိစစ်တဲ့ မေးမြန်းတဲ့အချက်တွေကို မရိုးဖြောင်တဲ့ သဘောနဲ့ လိမ် လည် ဖြေဆို တယ်လို့ ပေါ်လွင်ရင်တော့ ကျနော်တို့ သဘာဝဘေး တားဆီးကာကွယ်ရေး ဥပဒေဆိုင်ရာ ပုဒ်မတွေ အတိုင်းပဲ ဆက်လက် အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဟန်က ပြောသည်။
မြန်မာနိုင်ငံတွင် COVID-19 အတည်ပြု လူနာ ၁၁၁ ဦး၊ သေဆုံးသူ ၅ ဦး၊ စောင့်ကြည့်လူနာ ၂၀၀၀ နီးပါး ရှိလာပြီ ဖြစ်ကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသည်။
You may also like these stories:
ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ၆ နှစ်ပြည့် အပြာရောင် လှုပ်ရှားမှု လုပ်မည်
စစ်ရှောင်များ အတွက် ဆန်အိတ် ၈၀၀ ကျော် ပလက်ဝ ရောက်ပြီ
မင်းရာဇာအိမ်က အိမ်အကူအမှု တရားမျှတမှုရပါ့မလား