စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ အရှေ့ဘက် ဥရုချောင်း အထက်ဘက်၌ ရှမ်းနီအမျိုးသားများ တပ်မတော် (SNA/SNF) နှင့် တပ်မတော်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဒေသတွင် တပ်မတော်က နယ်မြေစိုးမိုးရေး ဆောင်ရွက်နေစဉ် ဧပြီလ ၁၇ ရက်နေ့က SNA အဖွဲ့ တည်ဆောက်ထားသည့် ယာယီတဲများ၊ သင်တန်းကျောင်းနှင့် စခန်းပုန်းအချို့ကို တွေ့ရှိခဲ့ပြီး ယင်းစခန်းများကို ဝင်ရောက် ရှင်းလင်းစဉ် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “ဟုမ္မလင်းရဲ့ အရှေ့ဘက် မိုင် ၄၀ လောက်ဝေးပါတယ်။ အဲဒီမှာရှိတဲ့နေရာမှာ ကျနော်တို့ တပ်က လုံခြုံရေး ပုံမှန်ဆောင်ရွက် နေတာရှိတယ်။ အဲဒီမှာ SNA ဘက်က သုံးယောက်နဲ့ကျနော်တို့ ထိတွေ့မှုဖြစ်တာရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
တိုက်ပွဲအတွင်း တပ်မတော်ဘက်မှ စစ်သည်အချို့ ထိခိုက်ဒဏ်ရာရမှုရှိခဲ့ပြီး SNA ၏ စခန်းများကို သိမ်းဆည်း နိုင်ခဲ့ကြောင်း လက်ရှိအချိန်တွင် နယ်မြေ အခြေအနေ တည်ငြိမ်သွားပြီ ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောသည်။
SNA ဘက်က နယ်မြေများ တိုးချဲ့လာသဖြင့် တိုက်ပွဲဖြစ်ရခြင်းဖြစ်ကြောင်း တပ်မတော်ဘက်က ပြောဆို သော်လည်း SNA/SNF ဘက်ကမူ ၎င်းတို့ အခြေစိုက်ရာနယ်မြေသို့ တပ်မတော်စစ်ကြောင်းများ ဝင်ရောက်လာသဖြင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
SNA ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီး ဆေစိုင်ထွန်း က “ကျနော်တို့ SNA နယ်မြေထဲကို တပ်ဘက်က ဝင်လာတာ။ သူတို့က လွန်ခဲ့တဲ့ တပတ်ကျော်လောက်က စစ်ရေး အင်အားတွေ တိုးချဲ့လာတာပေါ့။ နယ်မြေတိုးချဲ့ပြီး ဝင်ရောက်နေရာယူလို့ တိုက်ပွဲဖြစ်ပွားတာပါ” ဟု ပြောကြားသည်။
ခန္တီးမြို့နှင့် ဖောင်းပြင်မြို့ အခြေစိုက် တပ်မတော် တပ်ရင်းများမှ တပ်ဖွဲ့ဝင်အင်အား ၄၀၀ ကျော်ဖြင့် SNA နယ်မြေထဲ ဝင်ရောက်လာခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း SNA ဘက်မှ စစ်သည်တဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိအချိန်အထိ စစ်ရေးတင်းမာနေဆဲ ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဟုမ္မလင်းမြို့နယ်မှ တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဋ္ဌေးလွင်ကမူ ဧပြီလ ၁၇ ရက်နေ့တွင် ဥရုချောင်း အထက်ဘက်ရှိ ချောင်းကြီးဒေသတွင် SNA နှင့် တပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွားနေသည်ဟု ကြားသိရ သော်လည်း ဟုမ္မလင်းမြို့သို့ စစ်ဘေးဒုက္ခသည်များ ရောက်လာခြင်းမရှိကြောင်း ဧရာဝတီသို့ ပြောသည်။
ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ဆိုင်ရာ မြန်မာ အင်စတီကျု (MIPS) ၏ အမှုဆောင် ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦး ကလည်း SNA နှင့် တပ်မတော်တို့ ယခုကဲ့သို့တိုက်ပွဲဖြစ်ပွားသည်မှာ ပထမဆုံးအကြိမ် မဟုတ်ဘဲ ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်များတွင်လည်း တိုက်ပွဲ ဖြစ်ပွားခဲ့သည်ရှိကြောင်း ဆိုသည်။
SNA သည် အစိုးရကို တိုက်ခိုက်ရန် ဖွဲ့စည်းထားသည်ဟု တရားဝင် ကြေညာထားခြင်းမရှိကြောင်း၊ ထို့ကြောင့် တတ်နိုင်သမျှ တပ်မတော် တပ်ဖွဲ့ဝင်များကို ရှောင်လေ့ရှိကြကြောင်းလည်း ၎င်းက ဆိုသည်။
ဒေါက်တာ မင်းဇော်ဦး က “သူတို့စုဖွဲ့တာက သူတို့ အမျိုးသားရေးပါတယ်။ အဓိကကတော့ KIA နဲ့ သူတို့ အဆင်မပြေ ဖြစ်ကြတာရှိတယ်။ အဲဒီအခြေခံနဲ့ သူတို့ဖွဲ့တယ်ပေါ့။ ဒါပေမယ့် အစိုးရကို တိုက်ဖို့ ဆိုတာက အနာဂတ်တော့ မပြောတတ်ဘူးပေါ့။ လောလောဆယ်တော့ ရှိပုံမရဘူး။ ဒါပေမယ့် တပ်မတော် ဘက်က တပ်မှူးတွေက SNA လှုပ်ရှားတဲ့ဒေသကို စစ်ကြောင်းတွေဝင်ရင် ထိတွေ့မှုဖြစ်တာတွေရှိတယ်” ဟု ပြောသည်။
ထို့အပြင် တိုက်ပွဲဖြစ်ပွားသည့် အခြားသော ဖြစ်နိုင်ချေတခုလည်း ရှိသည်ဟု ဆိုသည်။
ဟုမ္မလင်း အထက်ဘက်ဒေသများတွင် ရွှေတူးဖော်သည့် လုပ်ကွက်များရှိရာ ယင်းနေရာများကို SNA နှင့် တပ်မတော်တို့က ထိန်းချုပ်ရန် ကြိုးစားသည်များရှိပြီး တဖက်နှင့် တဖက် အကျိုးစီးပွား ပဋိပက္ခများကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားသည်လည်း ဖြစ်နိုင်ကြောင်း ၎င်းက ထောက်ပြသည်။
ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) ကို ၁၉၈၉ ခုနှစ်တွင် ရှမ်းနီတိုင်းရင်းသားများ၏ နိုင်ငံရေး တန်းတူ ညီမျှခွင့်၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်တို့ ရရှိရန်နှင့် ရှမ်းနီပြည်နယ် ထူထောင်နိုင်ရန် ရည်ရွယ်ကာ ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း SNA ထံမှသိရသည်။
ရှမ်းနီတိုင်းရင်းသားများ အများစုနေထိုင်သည့် ကချင်ပြည်နယ် ဖားကန့်၊ အင်းတော်ကြီး ဒေသနှင့် စစ်ကိုင်းတိုင်း အတွင်းရှိ ဟုမ္မလင်း၊ ပင်လယ်ဘူး၊ ဗန်းမောက်၊ ခန္တီး၊ ဖောင်းပြင်နှင့် တမူးဒေသ တဝိုက်တွင်လည်း လှုပ်ရှားသည်။
ဆက်စပ်လင့်
ရှမ်းနီတွေက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဆိုတဲ့အဆင့်ထက်ကို ကျော်တယ်
ရှမ်းနီ အမျိုးသားရေး နှင့် ရှမ်းနီ တပ်မတော်
ရှမ်းနီ အမျိုးသားများ ခရီးကြမ်း ဘယ်လို ဖြတ်သန်းမလဲ