ပြီးခဲ့သည့် သင်္ကြန်ကာလအတွင်း ပြည်နယ်ကျော် ထွက်ခွာခဲ့ကြသည့် နေရပ်ပြန် ဌာနဆိုင်ရာ ဝန်ထမ်းများ အပါအဝင်၊ ကုမ္ပဏီ ဝန်ထမ်း/အလုပ်သမား အားလုံး လုပ်ငန်းခွင် ဝင်ရောက်ခြင်း မပြုမီ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေ ရေး သတ်မှတ်နေရာများ၌ Community Based Facility Quarantine ၂၁ ရက် ဝင်ရမည် ဖြစ်ကြောင်း သိရသည်။
ကယားပြည်နယ် အစိုးရအဖွဲ့ရုံး၏ လူမှုကွန်ရက် စာမျက်နှာတွင် ဧပြီ ၁၉ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး သက်ဆိုင်ရာ ဌာန၊ ကုမ္ပဏီများ အနေဖြင့်လည်း သက်ဆိုင်ရာ မြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ ပြန်ရေး ကော်မတီရုံး (မြို့နယ် အုပ်ချုပ်ရေးမှူးရုံး)သို့ မပျက်မကွက် သတင်းပို့ရန် ဟုလည်း အသိပေး ဖော်ပြထား သည်။
လွိုင်ကော်ခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းဝင်း က “သင်္ကြန်တွင်းမှာ ဝန်ထမ်းတွေ ပြန်သွားတာ ရှိတယ်။ ကယားပြည်နယ် မှာ လက်ရှိ ပိုးမတွေ့သေးပေမယ့် တခြားဒေသက ပြန်လာတဲ့အခါ ပါလာနိုင်တာကြောင့် သူတို့ ပြန်ဝင်လာရင် သတ် မှတ်ထားတဲ့ နေရာတွေမှာ Quarantine ၂၁ ရက် ထားဖို့ စီစဉ်ထားတယ်။ မနေ့ကစပြီး ထားပြီ” ဟု ဧရာဝတီကို ပြော သည်။
ဆက်လက်၍ ၎င်းက လတ်တလောတွင် ဌာနဆိုင်ရာ ဝန်ထမ်းအချို့ ပြန်ဝင်လာပြီ ဖြစ်သော်လည်း ကုမ္ပဏီ ဝန်ထမ်း/ အလုပ်သမားများ ပြန်လည် ဝင်ရောက်လာခြင်း မရှိသေးကြောင်း၊ ပြန်လာရန် ယာဉ်လိုင်း အခက်အခဲများကြောင့် ဖြစ် နိုင်ကြောင်း၊ အဝင်အထွက် ဂိတ်များ၌ပင် လိုအပ်သည်များ စစ်ဆေး မေးမြန်းပြီး Quarantine နေရာများသို့ ပို့ပေးရန် ကားများ စီစဉ်ထားပြီးသား ဖြစ်ကြောင်း ရှင်းပြသည်။
ကယားပြည်နယ် အတွင်း လမ်း၊ တံတား၊ ကျောင်း စသည့် အစိုးရ တင်ဒါအောင် ဆောက်လုပ်ရေးလုပ်ငန်းခွင်နှင့် သတ္တုတွင်းများသို့ ပြည်နယ် ပြင်ပမှ လာရောက် လုပ်ကိုင်သည့် ဝန်ထမ်း၊ အလုပ်သမား စုစုပေါင်း အရေအတွက်ကို အတိအကျ မသိသော်လည်း သောင်းဂဏန်းနီးပါး ရှိနိုင်ကြောင်း လွိုင်ကော် အခြေစိုက် Lain နည်းပညာ အထောက် အကူပြု အဖွဲ့မှ ကိုကျော်ထင်အောင်က ပြောသည်။
အဆိုပါ အချက်အလက်ကို အတည်ပြုရန် ဧရာဝတီက ပြည်နယ်အစိုးရ အဖွဲ့ တာဝန်ရှိသူများထံ ဆက်သွယ်သော် လည်း မရခဲ့ပါ။
ပြီးခဲ့သည့် သင်္ကြန်ကာလအတွင်း အများစုမှာ မပြန်ကြသဖြင့် ရာဂဏန်းခန့်သာ ပြန်ဝင်လာမည့် အနေအထား ရှိ ကြောင်း ကိုကျော်ထင်အောင်က ပြောဆိုသည်။
ပြည်နယ် အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ ရှမ်း-ကယား နယ်စပ် ဖြစ်သည့် မိုးဗြဲ၊ ဖယ်ခုံဘက်မှ အလုပ် တက်/ဆင်း ပြု လုပ်နေသည့် ရုံးဝန်ထမ်း၊ NGO, CSO များတွင် အလုပ်လုပ်နေသူများ အနေဖြင့် Quarantine ဝင်ရ/မဝင်ရမည်ကို ရှင်း ရှင်းလင်းလင်း မသိရသေးဘဲ မေးမြန်းထားမှုကိုလည်း လက်ရှိအချိန်ထိ ပြန်လည် ဖြေကြားမှု မရှိသေးကြောင်း ၎င်းက ရှင်းပြသည်။
“အကုန်လုံးက Quarantine ဝင်ရမယ့် ပုံစံမျိုး ဖြစ်နေတော့ ဒီနေ့မှာ အချို့သော သူတွေက ရုံးမတက်ကြဘူး” ဟု ကိုကျော်ထင်အောင်က ဆိုသည်။
၎င်းက ဆက်၍ “စီမံခန့်ခွဲမှုက ပြည်နယ် ငယ်ငယ်လေးကို နိုင်နိုင်နင်းနင်း ရှိရမယ် ဆိုသော်ငြားလည်း ဒီအပေါ်မှာ မလုပ်တတ် မကိုင်တတ်တဲ့ အပိုင်းလေးတွေ ရှိသလို ပြည်ထောင်စုရဲ့ အမိန့်ကို စောင့်နေတဲ့အတွက် တချို့သော ကြို တင်ကာကွယ်ရေးနဲ့ ပြင်ဆင်ရေး အပိုင်းတွေမှာ အားနည်းတယ်” ဟုလည်း မှတ်ချက်ပြုသည်။
လတ်တလော အနေအထားအရ COVID-19 ပိုးတွေ့ရှိသည့် ဒေသများမှ လာရောက်သူများကို အဓိကထား Quarantine ဝင်ခိုင်းမည် ဖြစ်ပြီး၊ ရှမ်း-ကယား နယ်စပ် အနီးနားမြို့မှ ပြန်လာသူများ အနေဖြင့် Quarantine မဝင်ရ ကြားသိရကြောင်း ကယားပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးလှထွေးက ပြောသည်။
ကယားပြည်နယ် အတွင်း Quarantine Center များကို မြို့နယ်အလိုက် စာသင်ကျောင်းများတွင် အဓိကထား ပြင်ဆင် ထားပြီး အား/ကာသိပ္ပံ၊ သူနာပြုသင်တန်းကျောင်း၊ သာသနာ့ ဗိမာန်တို့နှင့် မိုးလုံလေလုံ အားကစားရုံတို့တွင် ပြုလုပ် ထားကြောင်း သိရသည်။
ကယားပြည်နယ်တွင် ဧပြီ ၂၀ ရက် နံနက် ၇ နာရီ အချိန်ထိ COVID-19 ရောဂါပိုး အတည်ပြုဓာတ်ခွဲလူနာ မရှိသေး ဘဲ ဆေးရုံတွင် သံသယရှိလူနာ အဖြစ် စောင့်ကြပ်ကြည့်ရှုမှု ၁၄ ဦး ရှိပြီး ပိုးမတွေ့လူနာ ၄ ဦး၊ ဆေးစစ်ချက် စောင့်ဆဲ ၁၀ ဦး ရှိကြောင်း ကယားပြည်နယ် အစိုးရအဖွဲ့္ဂက ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် ဧပြီ ၁၉ ရက် ည ၁၁ း ၁၅ အချိန်ထိ COVID-19 ရောဂါပိုး ဓာတ်ခွဲအတည်ပြု လူနာ စုစုပေါင်း ၁၁၁ ဦး၊ သေဆုံးသူ ၅ ဦးနှင့် ပြန်လည်ကောင်းမွန်လာသူ ၇ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
ဆက်စပ်ဖတ်ရှုရန်
Quarantine နေရမည့်သူများ ကြည်ဖြူစွာနေရန် နိုင်ငံတော်အတိုင်ပင်ခံ တိုက်တွန်း