တရုတ်နယ်စပ် စစ်ဆေးရေးဂိတ် လွယ်ဂျယ် မှတဆင့် စစ်ကိုင်းတိုင်း ဒေသကြီးသို့ တရုတ်ဘက်မှ ဝင်ရောက်လာမည့် မြန်မာ ရွှေ့ပြောင်းလုပ်သား ၂၀၃ ဦးသည် ဧပြီ ၂၀ ရက်တွင် ကသာ သင်္ဘော ဆိပ်သို့ ရောက်ရှိမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
တရုတ်နိုင်ငံမှ ပြန်လာမည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၈၀၀၀ ခန့်ကို ကချင်ပြည်နယ် ဗန်းမော် ခရိုင် လွယ်ဂျယ် နယ်စပ် ဂိတ်မှ တဆင့် ဧပြီလ ၁၆ ရက်နေ့တွင် စတင်လက်ခံခဲ့ပြီးနောက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် များသို့ ပြန်လည် ပို့ဆောင်ပေးခြင်း ဖြစ်သည်ဟု ဆိုသည်။
ဗန်းမော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်း ဦးဆောင်၍ လွယ်ဂျယ် စစ်ဆေးရေးဂိတ်မှ ဝင်ရောက် လာသော စစ်ကိုင်းတိုင်းအတွင်းရှိ နေရပ်ပြန်မည့် မြန်မာနိုင်ငံ သား များကို ဧပြီ ၂၀ ရက်နေ့တွင် ဗန်းမော် ဆိပ်ကမ်း ပြဒါးရှင် သင်္ဘောပေါ်အထိ လိုက်ပါ ပို့ဆောင်ပေး ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်း အမြစ် ဝန်ကြီး ဦးမိုးကျော်သူ က“အစိုးရအနေနဲ့ သက်ဆိုင်ရာမြို့နယ်တွေကမှ သွားကြိုခိုင်းပြီး သက်ဆိုင်ရာမြို့နယ်တွေကနေ လိုက်ပို့ပေးမယ်။ ဗန်းမော် က ပို့တာက ကသာနဲ့ နီးလို့ပို့တာ။ ကသာကနေမှ ကားနဲ့သက်ဆိုင်ရာ မြို့နယ်တွေကို ပို့မှာပါ”ဟု ဧရာဝတီသို့ ပြောသည်။
တရုတ်ပြည်မှ ပြန်လည် ရောက်ရှိလာကြသည့် စစ်ကိုင်းတိုင်းရှိ မြန်မာနိုင်ငံသား ၂၀၃ ဦးသည် ကသာမြို့နယ်မှ ၃၄ ဦး၊ ဗန်းမောက်မြို့နယ်မှ ၂ ဦး၊ ထီးချိုင့်မြို့နယ်က ၉ ဦး၊ ကောလင်းမြို့နယ်မှ ၁၈ ဦး၊ ဘုတလင်မြို့နယ်မှ ၂ ဦး၊ အင်းတော်မြို့နယ် မှ ၈၄ ဦး၊ ရွှေဘိုမြို့နယ်မှ ၁ ဦး၊ ကျွန်းလှမြို့နယ်မှ ၂ ဦး၊ ပုလဲမြို့နယ်မှ ၁ ဦး၊ ကန့်ဘလူ မြို့နယ်မှ ၁၀ ဦး၊ တန့်ဆည်မြို့နယ်မှ ၁၃ ဦး၊ ကလေးမြို့နယ်မှ ၅ ဦးတို့ဖြစ်ကြောင်း သိရသည်။
ကသာခရိုင် အုပ်ချုပ်ရေးမှူး ဦးတင့်ဝေသုံက“ဗန်းမော်ကနေ သင်္ဘောနဲ့ပို့လိုက်တာ စစ်ကိုင်းကို ရောက်မှာက ၂၀၃ ယောက် ရှိတယ်။ ဒီနေ့တော့ ရောက်မယ်ထင်တယ်။ မနက်က ၇ နာရီမှာ ဗန်းမော်က ထွက်လာတာ။ ကျနော်တို့ ခရိုင်က ၁၄၆ ယောက် ပါတယ်။ ကျန်တဲ့ ၅ ခရိုင်က ၅၇ ယောက်ပါသေးတယ်”ဟု ပြောသည်။
လွယ်ဂျယ်မြို့ COVID-19 တားဆီးကာကွယ်ရေး ကော်မတီ၏ ဧပြီ ၁၅ ရက် ထုတ်ပြန်ချက်အရ တရုတ် နိုင်ငံမှ ပြန်လာသူ များမှာ လွယ်ဂျယ်မြို့ရှိ Quarantine Center တွင် ၂၁ ရက် နေထိုင်ရမည်ဖြစ်ပြီး မိမိစရိတ်၊ မိမိ အိပ်ယာလိပ် အပြည့်အစုံဖြင့် လာရောက် နေထိုင်ရမည် ဖြစ်ကြောင်း သိရသည်။
ကသာမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးညီညီထွန်းက တရုတ်နိုင်ငံဘက်မှ ပြန်လာသူများကို သက်ဆိုင်ရာ နေရပ် အသီးသီး သို့ ကားများဖြင့် ပို့ဆောင်ပေးမည် ဖြစ်သော်လည်း ရွာသို့ရောက် ပါက ချက်ချင်း အဝင်မခံဘဲ ရွာထိပ်ရှိ စာသင်ကျောင်း များတွင် Quarantine ၂၁ ရက်ထား စောင့်ကြည့်မည်ဟု ဆိုသည်။
၎င်းက“တကယ်လို့ သူတို့ဟိုဘက်ကနေ ကျန်းမာရေး ကင်းရှင်းကြောင်းတွေ၊ ကိုဗစ် စစ်ဆေးပြီး ဖြစ်ကြောင်း ထောက်ခံချက် တွေ ပါရင်တော့ တမျိုးပေါ့။ မပါလာရင်တော့ ကျနော်တို့က အကုန် အစအဆုံး ပြန်စစ်ပေးရမှာ ပေါ့”ဟု ပြောသည်။
စစ်ကိုင်းတိုင်း အစိုးရအဖွဲ့က တရုတ်နိုင်ငံမှ ပြန်လာသူများအနက် သက်ဆိုင်ရာ ကျေးရွာသို့သွား ရန် အခက်အခဲ ရှိပါက ကသာ မြို့ပေါ်ရှိ ပညာရေးကောလိပ်၊ အိမ်တွင်းမှု သင်တန်းကျောင်း၊ ဆေးရုံတို့တွင် Quarantine ထားရှိရန် စီစဉ်ထားသည် ဟု သိရသည်။
တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ခဲ့သည့် COVID-19 ရောဂါပိုးသည် တကမ္ဘာလုံးသို့ ပျံ့နှံ့ ကူးစက် ခဲ့ပြီး မြန်မာနိုင်ငံ တွင်လည်း မတ်လ ၂၃ ရက်က စတင် ကူးစက်ခံခဲ့ရသည်။
မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုး ကူးစက် ခံထားရသူ ဧပြီလ ၂၀ ရက်နေ့ထိ ၁၁၁ ဦးရှိပြီ ၎င်းတို့အနက် သေဆုံးသူ ၅ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
လက်ရှိ စစ်ကိုင်းတိုင်း ဒေသကြီးတွင်လည်း စောင့်ကြည့်လူနာ ၄၁ ဦးရှိကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန် –
တရုတ်ပြန် မြန်မာ၂၈၀၀ ကျော် မိုင်းလားတွင် Quarantine လုပ်မည်