စမ်းချောင်းမြို့နယ် ဗားကရာလမ်းပေါ်ရှိ လျှပ်စစ်မီတာခ ပေးသွင်းရမည့် ငွေကောက်ကောင်တာ၌ တန်းစီနေစဉ် အသက် ၇၄ နှစ် အရွယ် အမျိုးသားတဦး မူးလဲမှု ယနေ့(ဧပြီ ၂၀ ရက်) နံနက် ၁၁ နာရီခန့်၌ ဖြစ်ပွားခဲ့သည်။
ထိုသူအား မြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများနှင့် အားမာန် လူငယ်ပရဟိတ အဖွဲ့ တို့မှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး နှလုံး ကြပ်မတ်ကုသဆောင်၌ ကုသမှုခံယူနေစဉ် အမောဖောက်လာ ကာ နေ့လယ် ၁ နာရီ ၁၀ မိနစ်တွင် ကွယ်လွန်သွားကြောင်း စမ်းချောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘိုဘိုဦးက အတည်ပြုသည်။
အဆိုပါ ကွယ်လွန်သွားသူသည် စမ်းချောင်းမြို့နယ် ကျွန်းတော တောင်ရပ်ကွက် ချမ်းသာလမ်းတွင် နေထိုင်သူဖြစ်ပြီး သွေးတိုး၊ ဆီးချိုနှင့် ကျောက်ကပ်ရောဂါအခံ ရှိကြောင်း သိရသည်။
ယခုလို ဖြစ်သွားရခြင်းသည် သက်ဆိုင်ရာဌာန၏ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် ဖြစ်ကြောင်း ဦးဘိုဘိုဦးက ပြောသည်။
၎င်းက “ဒီကိစ္စက စီမံခန့်ခွဲမှု အပေါ် မူတည်တယ်။ ဝန်ထမ်းတွေ အများကြီး ရှိတာပဲ။ ခက်ခဲတဲ့ ကိစ္စ မဟုတ်ပါဘူး။ လူထုကို စောစောစီးစီး အသိပေးရမယ်” ဟု ဆိုသည်။
ထိုသို့ လူစုလူဝေး မဖြစ်ပေါ်စေရန် မီတာခများကို ၁ လနောက်ကျမှ ပေးသွင်းရန်နှင့် ဒဏ်ကြေး ပေးဆောင်ရန် မ လိုကြောင်း ယမန်နေ့က ပြုလုပ်သည့် COVID-19 ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီ အစည်းအဝေး၌ ကော်မတီ ဥက္ကဋ္ဌ မြို့ နယ်အုပ်ချုပ်ရေးမှူးက ပြောကြားသလို ဆိုင်ရာဌာနကိုလည်း ပြောဆိုခဲ့ပြီး ဖြစ်ကြောင်း ဦးဘိုဘိုဦးက ရှင်းပြသည်။
ဆက်လက်၍ ၎င်းက မြို့နယ်အုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာဌာနကို မေးမြန်းသည့်အခါ၌ ၎င်းတို့ထံ ညွှန်ကြားချက် မရှိဟု ပြန်လည် ပြောဆိုခဲ့သလို ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (YESC-call center) ၏ လူမှု ကွန်ရက်စာမျက်နှာ၌ သတင်းထုတ်ပြန်မှုကလည်း နောက်ကျသည်ဟု ပြောသည်။
ဦးဘိုဘိုဦး က “လာသွင်းတဲ့အခါ လူအများကြီး မစုမိဖို့ အတွက် တိုင်းအစိုးရက အစောကတည်းက မစုမိအောင် စီမံခန့်ခွဲပါလို့ မှာလိုက်တာ။ မှာလိုက်တဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးကလည်း ဆိုင်ရာဌာနကို သေချာပြောတယ်။ မနက် ကျတော့ ဆိုင်ရာဌာနက ဒါကို စီမံခန့်ခွဲရာမှာ ပုံစံမကျ ဖြစ်တယ်။ အင်မတန် ပေါ့တယ်” ဟု ဆိုသည်။
အဆိုပါ ရုံးရှေ့တွင် လူအရမ်း များနေကြောင်း စိုးရိမ်ပြီး ၎င်းထံ ယနေ့ နံနက် အစောပိုင်းကတည်းက ဖုန်းဆက်ကြ သဖြင့် သွားကြည့်ရာ လူ ၁၅၀ ကျော် ၂၀၀ နီးပါး ရှိနေသည်ကို တွေ့မြင်ရကြောင်း၊ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှု ထိန်းချုပ် ရေး ရှုထောင့်မှ ကြည့်လျှင် ယခုလို လူအများကြီး စုမိခြင်းကြောင့် သက်ရောက်မှုများစွာ ဖြစ်လာမည်ကို စိုးရိမ်မိ ကြောင်း ၎င်းက ပြောသည်။
သင်္ကြန်ပိတ်ရက် ကာလအပြီး အစိုးရရုံးများ ပြန်လည်ဖွင့်သည့် ယနေ့ နံနက်ပိုင်းက တခြားသော မြို့နယ်အချို့၌ လည်း မီတာခ ပေးဆောင်ရန် လူများစွာ နေပူထဲ၌ စီတန်းနေကြသည့် ဓာတ်ပုံများ လူမှုကွန်ရက်စာမျက်နှာပေါ် ပျံ့နှံ့ခဲ့ရာ ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။
COVID-19 ကပ်ရောဂါကြောင့် မီတာခ ပေးဆောင်သူများ အခက်အခဲ မဖြစ်ပေါ်စေရန် ၂၀၂၀ မတ်လအတွက် မီတာ ခ ပေးဆောင်ခြင်းအား ဧပြီ ၂၀၊ ၂၂၊ ၂၄၊ ၂၆၊ ၂၈ ရက် နောက်ဆုံးရက် (Last Date) သတ်မှတ်ထားခြင်းအစား မေလ ၂၀ ရက် နောက်ဆုံးထား၍ ပေးဆောင်ရန် ပြင်ဆင် သတ်မှတ်လိုက်ကြောင်းကို ယနေ့ နံနက် ၁၀ နာရီ ၄၇ မိနစ်တွင် YESC-CallCenter ၏ လူမှုကွန်ရက်စာမျက်နှာ၌ ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။
မီးသုံးသူ ပြည်သူများအနေဖြင့် မေလ ၂၀ ရက် မတိုင်မီ ကြားကာလများတွင် သက်ဆိုင်ရာမြို့နယ်များ၏ ငွေကောက် ခံကောင်တာများ၌ လာရောက် ပေးဆောင်နိုင်ပြီး ရက်လွန်ကြေး ကင်းလွတ်ခွင့် ပြုမည်ဖြစ်ကြောင်းနှင့် မီးဖြတ်မှု မပြု ကြောင်း၊ နေ့စဉ် ငွေကောက် ကောင်တာများအား ဖွင့်လှစ်ထားရှိမည် ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား သုံးစွဲသူများ လျှပ်စစ်ဓာတ်အားခ ကျသင့်ငွေ ပေးဆောင်ရာတွင် လွယ်ကူ အဆင်ပြေစေရန်အတွက် ဘဏ်များ၊ အွန်လိုင်း ဝန်ဆောင်မှု လုပ်ငန်းများနှင့် ချိတ်ဆက်၍ Mobile banking, Online payment များဖြင့် ပေးဆောင်နိုင်ကြောင်း မတ်လ ၃၁ ရက်က ကြေညာထားသည်။
သို့သော် အိမ်တိုင်း ထိုဝန်ဆောင်မှုများကို အသုံးပြုနိုင်မည် မဟုတ်သောကြောင့် ကပ်ရောဂါ ကာလအတွင်း ယခင်က ပြုလုပ်ခဲ့ဖူးသည့် စနစ်တခု ဖြစ်သော မော်တော်ယာဉ်ဖြင့် လှည့်လည် ကောက်ခံပေးသည့် စနစ်ကို ဆောင်ရွက်ပေးရန် တောင်းဆိုသူများလည်း ရှိသည်။
ဆက်စပ်ဖတ်ရှုရန်
လူစုလူဝေး မဖြစ်စေရေး မီတာခ ပေးဆောင်မှု ၁ လ နောက်ဆုတ်