ကူးစက်မြန် ကိုရိုနာဗိုင်းရပ် COVID–19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်း ခရီးသွား လာမည် ဆိုပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးများတွင် ထောက်ခံစာ ယူရမည်ဟု တိုင်းအစိုးရအဖွဲ့က ညွန်ကြားထား ကြောင်း သတင်း ရရှိသည်။
ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးဝင်းဌေးက “ကိုယ့်မြို့နယ်အတွင်း ခရီးသွားမယ်ဆိုရင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက်နဲ့ သွားရမှာ ဖြစ်ပါတယ်။ အကယ်၍ မြို့နယ် ကျော်မယ်၊ တိုင်းကျော်မယ် ဆိုရင်တော့ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ထောက်ခံချက်နဲ့ သွားရမှာ ဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ခရီးသွား ထောက်ခံစာယူရမည့် အဆိုပါ ညွှန်ကြားချက်မှာ ဧရာဝတီတိုင်းအတွင်း ခရီးသွားလာသူများသာမက အခြားသော ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ဧရာဝတီတိုင်းဒေသကြီးသို့ လာရောက်ကြမည့် ခရီးသွားများပါ အကျုံးဝင်ကြောင်း တိုင်း အစိုးရအဖွဲ့က ပြောဆိုသည်။
လက်ရှိတွင် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် အများစု၏ မြို့ဝင်ဂိတ်များ၊ ပုသိမ်- မုံရွာလမ်းနှင့် ရန်ကုန်- ပုသိမ် အဝေးပြေးလမ်းတို့တွင် ခရီးသွားလာသူများကို ခရီးသွား ထောက်ခံစာ ပါ၊ မပါ စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရ သည်။
ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့မှ အငှားယာဉ်မောင်း ကိုဇော်သစ်ဦးက“ပုသိမ်မြို့အဝင်မှာ ဆိုရင် ကားပေါ်မှာ လူ ၇ ဦး ထက် ပိုပါသလား စစ်တယ်၊ ခရီးသွား ထောက်ခံစာ ပါ၊ မပါ စစ်တယ်။ ပြီးတော့ ကိုယ်အပူချိန် တိုင်းတယ်၊ ကားနံပါတ်နဲ့ ယာဉ်မောင်း ဖုန်းနံပါတ် မှတ်ထားပြီး ဘယ်ကို သွားမှာလဲ၊ ဘာကိစ္စလဲ၊ ဘယ်တော့ပြန်မှာလဲ စသဖြင့် စစ်ဆေးတာတွေ ရှိပါ တယ်။ ဒီလို လုပ်တာက ရောဂါထိန်းချုပ်ရေး အတွက် ဆောင်ရွက်တာဖြစ်လို့ ကောင်းတယ်လို့ မြင်ပါတယ်” ဟု ပြော သည်။
ဧရာဝတီတိုင်း အစိုးရမှ ထုတ်ပြန်သည့် ခရီးသွား ထောက်ခံစာ ကိစ္စမှာ ကျေးလက် တောရွာများမှ နေ့စဉ် မြို့ပေါ်တက်၍ ဈေးရောင်းဈေးဝယ် ပြုလုပ်သူများအတွက် အခက်အခဲများ ရှိနေကြောင်း သိရသည်။
ပန်းတနော်မြို့နယ် ကျုံတိုင်းကြီးကျေးရွာမှ ဒေသခံ ကိုအောင်သန်းဌေးက“ကျနော်တို့မြို့နယ်မှာ ကျေးရွာ အုပ်စုတခုကို ရွာက ၄ ရွာ၊ ၅ ရွာ ရှိတယ်။ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက သူ့ရွာမှာ နေတာ။ အဲဒီတော့ တခြားရွာကလူတွေက မြို့ ပေါ်ကို ဈေးရောင်းဈေးဝယ် တခါသွားဖို့ကို ကျေးရွာအုပ်ချုပ်ရေးမှူးဆီ နေ့တိုင်း သွားပြီး ထောက်ခံစာ နေ့တိုင်းယူဖို့ ဆို တာက အခက်အခဲတွေ အများကြီး ရှိတယ်။ ဒီလို အခြေအနေကို ပြည်သူတွေ အဆင်ပြေအောင် စီစဉ်ညွှန်ကြားပေးစေ ချင်ပါတယ်”ဟု ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးအတွက် အဝေးပြေး ယာဉ်လိုင်းများ၊ အပန်းဖြေ ကမ်းခြေများ၊ တန်ခိုးကြီး ဘုရားစေတီများကိုလည်း ဧပြီလကုန်အထိ ယာယီ ပိတ်သိမ်းထားသည်။ ထို့ပြင် ဧပြီလ ၁၈ ရက်မှ စတင်၍ ည ၁၀ နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ရအမိန့် ထုတ်ပြန်ထားကြောင်း သိရသည်။
အဆိုပါ ညမထွက်ရ အမိန့်အရ ဌာနဆိုင်ရာတာဝန်ဖြင့် သွားလာသူများ၊ ကျန်းမာရေးကိစ္စ ဆောင်ရွက်သူများနှင့် နာရေး ကိစ္စ ဆောင်ရွက်သူများမှအပ အခြားမည်သူမဆို ည ၁၀ နာရီမှ နောက်တနေ့ နံနက် ၄ နာရီအတွင်း အပြင် မထွက်ရန်နှင့် အမိန့်ကို လိုက်နာခြင်း မရှိပါက တည်ဆဲဥပဒေဖြင့် အရေးယူခံရမည် ဖြစ်ကြောင်း ကြေညာထားသည်။
ဧရာဝတီတိုင်း ဒေသကြီးရှိ ပုသိမ် ဆေးရုံ၊ ဟင်္သာတ ဆေးရုံ၊ လပွတ္တာဆေးရုံနှင့် မြောင်းမြဆေးရုံတို့တွင် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာများ တက်ရောက် ကုသမှုများ ရှိခဲ့သော်လည်း ဓာတ်ခွဲစစ်ဆေးရာတွင် ရောဂါပိုး မတွေ့ရှိသဖြင့် လက်ရှိ အချိန်အထိ ဧရာဝတီတိုင်း၌ ဗိုင်းရပ်စ်ပိုး တွေ့သူ မရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနက သိရသည်။
ဧရာဝတီတိုင်း ဒေသကြီးတွင် ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြ၊ မအူပင်၊ ဖျာပုံနှင့် လပွတ္တာဟူ၍ ခရိုင် ၆ ခုနှင့် မြို့နယ်၂၆ မြို့နယ်ရှိပြီး လူဦးရေ ၆ ဒသမ ၂ သန်းကျော် မှီတင်း နေထိုင်ကာ အများစုမှာ လယ်ယာစိုက်ပျိုးရေးနှင့် ရေလုပ်ငန်းကို အဓိက လုပ်ကိုင်ကြသည်။
You may also like these stories:
မီတာခ ပေးဆောင်ရန် တန်းစီစဉ် မူးလဲသွားသူ ကွယ်လွန်
COVID-19 အတွက် အစိုးရဘတ်ဂျတ် ခွဲဝေပေးတာ မရှိပါဘူး
တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသား ၂၀၀ ကျော် ပြန်ဝင်လာ