COVID-19 ကြောင့် ဧပြီ ၂ဝ မှ ၃ဝ ရက်နေ့အထိ ယာယီ ရပ်ဆိုင်းထားရမည့် စက်ရုံ အလုပ်ရုံများရှိ အလုပ်သမားများ နစ်နာမှု မရှိစေရေး ထိုကာလအတွက် ထိုက်သင့်သည့် လူမှုရေး ထောက်ပံ့ကြေးများ ပေးအပ်သွားမည်ဟု အလုပ် သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက အတည်ပြုသည်။
လတ်တလော၌ ပေးမည့် ပုံစံကို အစိုးရပိုင်းက တွက်ချက်နေဆဲဖြစ်ကြောင်း၊ လုပ်ငန်းရပ်ဆိုင်းလိုက်မှုကြောင့် အလုပ် ရပ်နားခံထားရသည့် အလုပ်သမားတိုင်းကို ပေးအပ်မည်မဟုတ်ဘဲ လူမှုဖူလုံရေး ဥပဒေအရ အကျုံးဝင်သည့် အလုပ် သမားများကိုသာ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဦးညွန့်ဝင်းက “အလုပ်သမားတွေဘက်ကတော့ နစ်နာစရာ မရှိပါဘူး။ သူပိတ်ထားတဲ့ ကာလ ရသင့်ရထိုက်တာတွေ ကို ရမှာပဲဟာ။ တခုပဲ အလုပ်ရှင်နဲ့ အလုပ်သမား ပဋိပက္ခမျိုး ဖြစ်လာတဲ့ဟာမှာတော့ ကျနော်တို့ အလုပ်သမား ဦးစီး ဌာနက ကြေညာချက် ထုတ်ပြန်ပြီးသားပါ။ အတတ်နိုင်ဆုံးတော့ သက်ဆိုင်ရာ ဌာနတွေက ညှိနှိုင်းကြပါ။ လက်ရှိ ဥပဒေအရ ပဋိပက္ခ မကြီးထွားစေအောင် ငြိမ်းချမ်းတဲ့ နည်းနဲ့ လုပ်ပါလို့ ပြောထားပါတယ်” ဟု ရှင်းပြသည်။
ယခုအစီအစဉ်သည် ပြည်ထောင်စုအဆင့် အစီအစဉ်ဖြစ်ကြောင်း၊ လူမှုရေးထောက်ပံ့ကြေးတခုကို ညှိနှိုင်းပေးသွားမည် ဟုသာ သိထားပြီး မည်သည့်ပမာဏ၊ မည်သို့ ပေးအပ်မည်ကို အသေးစိတ် မသိသေးကြောင်း ရန်ကုန်တိုင်းအစိုးရ အဖွဲ့ လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ဧရာဝတီသို့ ပြောသည်။
တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကိစ္စရပ်များ အားလုံးအတွက် ပေါင်းစပ် ဆောင်ရွက်လျှက်ရှိကြောင်း၊ ဧပြီ ၂ဝ မှ ၃ဝ အထိ အစိုးရအဖွဲ့အနေဖြင့် စက်ရုံများအတွင်း ကျန်းမာရေး ညီညွတ်မှု ရှိ၊ မရှိ စစ်ဆေးသွားမည်ဖြစ်ပြီး ထောက်ပံ့ ကြေးကိစ္စနှင့် ပက်သက်ပြီး အလုပ်သမားများ၏ တဦးတယောက်ချင်း၊ စက်ရုံတရုံချင်းနှင့် ပတ်သက်ပြီး တူညီမှု ရှိ၊ မရှိအပေါ် မှတ်ချက်မပြုလိုကြောင်း လည်းဆိုသည်။
ဒေါ်မိုးမိုးစုကြည်က “လစာမဲ့ ခွင့်လိုချင်တဲ့သူတွေလည်း ရှိသလို စားဝတ်နေရေး အခက်အခဲကြောင့် အခြေခံ လစာ လေးနဲ့ ခွင့်ပေးပါ ဆိုတဲ့သူတွေလည်း ရှိနေတာပဲ။ အဲဒီအပေါ်မှာ ဘယ်လိုအကောင်းဆုံး လုပ်မလဲဆိုတာ ပြည်ထောင် စုအဆင့်က ဆွေးနွေးဆုံးဖြတ်နေတုန်းပါ။ ကျမတို့ကို ပေါင်းစပ်ညှိနှိုင်းဖို့ လက်ရှိ ညွှန်ကြားထားတာက စက်ရုံ အလုပ်ရုံ တွေမှာ စစ်ဆေးတဲ့အခါ တိုင်းအစိုးရ သက်ဆိုင်ရာ ဌာနအားလုံး အမြန်ဆုံးဆောင်ရွက်ဖို့ပဲ ညွှန်ကြားထားတယ်” ဟုဆို သည်။
၎င်းက ဆက်ပြီး “ကျမတို့က မြို့နယ်တိုင်းမှာရှိနေတဲ့ ဌာနအားလုံးက ပေါင်းစပ်ဖို့ဆောင်ရွက်နေတယ်။ ဒီနေ့(ဧပြီ ၂ဝ) ဆိုရင် လှိုင်သာယာထဲမှာ ရှိနေတဲ့ စက်ရုံတွေ စစ်ဖို့ အဖွဲ့ ၁၁ ဖွဲ့စစ်ဖို့ စေလွှတ်ပြီး စစ်နေပြီ။ အဲဒီက ထွက်လာတဲ့ ကျန်းမာရေးအရ ညီညွတ်တဲ့ စက်ရုံတွေဆို ဆက်ဖွင့်သွားမယ်။ တချို့လိုအပ်ချက်ရှိရင် အစိုးရဘက်ကဖြစ်စေ၊ ဌာန အနေနဲ့ဖြစ်စေ၊ အလုပ်ရှင်ဘက်ကဖြစ်စေ ဘယ်လို အမြန်ဆုံး ဖွင့်နိုင်မယ်ဆိုတာကို ဆောင်ရွက်သွားမယ်” ဟု ရှင်းပြသည်။
ယနေ့အချိန်တွင် COVID-19 ကြောင့် လူ ၅ ဦးထက် ပိုမိုစုဝေးလျှင် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရ ငြိစွန်းနိုင်သည့်အတွက် အလုပ်သမားနှင့် အလုပ်ရှင်တို့အကြား အလုပ်ပိတ်သိမ်းမှုနှင့် ပတ်သက်၍ အငြင်းပွား ပဋိပက္ခဖြစ်ပြီး ဆန္ဒပြ သပိတ်မှောက်မှုများ ဖြစ်လာလျှင် အလုပ်သမားများမှာ ဥပဒေအရ အရေးယူခံရနိုင် ဖွယ်ရှိသည်။
ဒဂုံအရှေ့ပိုင်းနှင့် တောင်ဒဂုံမြို့နယ်ရှိ ရွာသာကြီးစက်မှုဇုန်တွင် ကြေညာချက်ကို မသိ၍ ယနေ့ တချို့စက်ရုံ များမှ အလုပ်သမားများ အလုပ်ဆင်းရန် လာကြောင်း၊ မနက်ပိုင်းအတွင်း နေအိမ်များသို့ ပြန်လည်ပို့ဆောင် ပေးကြောင်း၊ စက်ရုံ အများစုရှိ အလုပ်သမားများက အဆိုပါ ပိတ်ရက်များကို လစာမဲ့ ပိတ်ရက်အဖြစ် သဘောတူကြသော်လည်း တချို့ စက်ရုံရှိ အလုပ်သမားများက လစာရရှိရေးကို လိုလားနေသည်ကို တွေ့ရကြောင်း ကျောက်စိမ်းဖိနပ်စက်ရုံမှ လူ့စွမ်းအားအရင်းအမြစ်ဌာန မန်နေဂျာဖြစ်သူ ဦးဇော်ဇော်အောင်က ပြောသည်။
“တချို့စက်ရုံက အလုပ်သမားတွေက နေ့လည်အထိ မပြန်သေးဘူး။ သူတို့က ပိတ်ရက်ကို လခလိုချင်တယ်။ သူတို့ မှာလည်း အခက်အခဲ ရှိတယ်ပေါ့။ အလုပ်ရှင်ဘက်ကလည်း လူရာနဲ့ချီတဲ့ အလုပ်သမားတိုင်းကို ပေးရမှာ။ အလုပ်က မလုပ်ရဘဲ ပေးရမှာဆိုတော့ ခက်တယ်။ ကျနော်တို့ စက်ရုံကတော့ မနက်က အလုပ်သမားတွေကို ပြောလိုက်တယ်။ အစိုးရဘက်က ဒီပိတ်ရက်မှာ ထောက်ပံ့ကြေး တစုံတရာ မရရင်တော့ စက်ရုံဘက်က အတိုင်းအတာတခု အထိ အလုပ်သမားတွေ အခက်မတွေ့အောင် ထောက်ပံ့ပေးဖို့ ပြောထားတယ်။ သူတို့လည်း လက်ခံကြပါတယ်” ဟု ဆို သည်။
ယမန်နေ့(ဧပြီ ၁၉) က အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဧပြီ ၂ဝ ရက်မှ ၃ဝ ရက်အထိ အဆိုပါ စက်ရုံများကို စစ်ဆေးသွားမည်ဖြစ်ပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီမှသာ ပြန်လည် ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
အဆိုပါ စိစစ်မှုများ ဆောင်ရွက်ရာတွင် အဓိကအားဖြင့် ဆေးဝါး ထုတ်လုပ်ရေး စက်ရုံများ၊ စားသောက်ကုန် ထုတ်လုပ်ရေး စက်ရုံများ၊ ကျန်းမာရေး လိုအပ်ချက်နှင့် ကိုက်ညီပြီး ဖွင့်လှစ်ရန် အသင့်ဖြစ်နေသည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ၊ လုပ်သားဦးရေ ၁ ထောင်အထက်ရှိသည့် စက်ရုံ၊ အလုပ်ရုံများ၊ အခြားစက်ရုံနှင့် အလုပ်ရုံ၊ အလုပ်ဌာနများတို့ ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အထည်ချုပ်စက်ရုံ၊ အလုပ်ရုံစုစုပေါင်း ၅ဝဝဝ ခန့်ရှိနေပြီး အဆိုပါ လုပ်ငန်းခွင်များတွင် ဝင်ရောက်လုပ်ကိုင်နေကြသူ ၆ သိန်းခန့်အထိ ရှိနေကြောင်း စစ်တမ်းများတွင် ဖော်ပြထားသည်။
You may also like these stories:
COVID-19 အတွက် အစိုးရဘတ်ဂျတ် ခွဲဝေပေးတာ မရှိပါဘူး
ကယားပြည်နယ်ပြင်ပမှ ပြန်လာမည့်သူများ Facility Quarantine ၂၁ ရက် ဝင်ရမည်
တရုတ်နယ်စပ် တင်းကျပ်မှုကြောင့် မြန်မာကုန်ကား ၂၀၀၀ ခန့် ပိတ်မိနေ