ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် COVID-19 ရောဂါပိုး မပြန့်ပွားစေရေးအတွက်ဟု ဆိုကာ ယနေ့မှ စ၍ မေလ ၁၉ ရက်အထိ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီဟု သတင်းရရှိသည်။
ကွတ်ခိုင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘဝင်းက “ဟုတ်ပါတယ်။ အထက်က ညွှန်ကြားချက်အရ ထုတ်တာ ဖြစ်ပါတယ်”ဟု ပြောသည်။
ကွတ်ခိုင်မြို့နယ်တွင် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ အရ အမိန့်ထုတ်ပြန်ခြင်း ဟူသည့် ထုတ်ပြန်ချက်ကို ဧပြီ ၂၀ ရက် နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
ထုတ်ပြန်ချက်ထဲတွင် COVID-19 ရောဂါ ကာကွယ်ကုသရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် တာဝန် ရှိသူများ၊ လူနာများနှင့် ကုန်စည်စီးဆင်းမှု မပြတ်လပ်စေရေး၊ ကုန်တင်ယာဉ်များမှ အပ မည်သူမျှ ခွင့်ပြုချက်နှင့် လုံလောက်သည့် အကြောင်း တစုံတရာ မရှိဘဲ နေအိမ်ဥပစာ၏ ပြင်ပသို့ နေ့စဉ် ည ၁၀ နာရီမှ နံနက် ၄ နာရီအတွင်း မထွက်ကြရန် ရေးသား ထားသည်။
နေ့စဉ် ည ၁၀ နာရီမှ နံနက် ၄ နာရီအတွင်း တဦးဖြစ်စေ၊ အစုအဖွဲ့ဖြင့် ဖြစ်စေ မည်သူမျှ သွားလာခြင်း၊ စုဝေးခြင်း၊ တစုံတရာ ပြုလုပ်ခြင်းကို မလုပ်ရန်နှင့် လုပ်ဆောင်ပါက တည်ဆဲဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ဦးဘဝင်းက“အထက်က ညွှန်ကြားချက်အရတော့ ကျနော်တို့က လုပ်တာပါ။ ကျနော်တို့ဒေသက အခုလည်း အေးအေး ဆေးဆေးပါ။ ဆယ့်နှစ်ရာသီ အေးနေတဲ့ ဒေသဆိုတော့ နဂိုကတည်းက ၈ နာရီလောက်ဆိုလည်း မထွက်ကြဘူး လေ” ဟု ပြောသည်။
တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ခဲ့သည့် COVID-19 ရောဂါပိုးသည် တကမ္ဘာလုံးသို့ ပျံ့နှံ့ကူးစက်နေပြီး မြန်မာနိုင်ငံတွင် လည်း မတ် ၂၃ ရက်ကစ၍ ရောဂါပိုး ကူးစက်ခံရသူများ စတင် တွေ့ရှိခဲ့သည်။
ယခုအခါ ရောဂါကူးစက်ခံထားရသူ ၁၁၁ ဦး ရှိပြီဖြစ်ပြီး ၅ ဦး သေဆုံးသွားပြီ ဖြစ်သည်။
ရောဂါ ကူးစက် ခံထားရသူများတွင် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်းမှ ၄ ဦးပါဝင်ပြီး လက်ရှိအချိန်ထိ ရှမ်းပြည် နယ် တပြည်နယ်လုံးတွင် Community Quarantine အဖြစ် စောင့်ကြည့်ခံနေရသူ ၄၀၀၈ ဦးရှိပြီး Home Quarantine အဖြစ် စောင့်ကြည့်ထားသူ ၅၁၃၈ ဦး ရှိကြောင်း သိရသည်။
ဧပြီ ၁၈ ရက်ကလည်း တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ကြောင်း ကြေညာခဲ့ပြီး ကြေညာသည့်ရက်မှ ၂ လအတွင်း ထုတ်ပြန်ချက်သည် အတည်ဖြစ်သည်ဟု ရေးသားထားသည်။
You may also like these stories:
ထိုင်းမှာ ညမထွက်ရအမိန့် ချိုးဖောက်တာကြောင့် လူထောင်ကျော် အရေးယူခံရ