မုံရွာမြို့တွင် Covid-19 ရောဂါကာကွယ်တားဆီးရေး ပညာပေးဆောင်ရွက်နေသော ယာဉ်ထိန်းရဲအား ဓားဖြင့် ခုတ်ပြီးထွက်ပြေးသည့်အမျိုးသားမှာ ယနေ့ညနေပိုင်းက ဆေးရုံတွင် သေဆုံးသွားကြောင်း မုံရွာနယ်မြေ စခန်းမှုး ရဲအုပ်ဆန်းလင်း က ဧရာဝတီကိုပြောသည်။
မုံရွာနယ်မြေ စခန်းမှုး ရဲအုပ်ဆန်းလင်း က “ဟုတ်ပါတယ်။ ဖြစ်စဉ်က မှန်ပါတယ်။ ဆရာဝန်ပြောတာ ကတော့ အမောဖောက်ပြီးဆုံးတယ်လို့ သိရပါတယ်” ဟု ပြောသည်။
မုံရွာမြို့ သာစည်လမ်းနှင့် မြို့ပတ်လမ်းဆုံတွင် ယနေ့နံနက်ပိုင်းက Covid-19 ရောဂါနှင့်ပတ်သတ်၍ ပညာပေး လုပ်ငန်းဆောင်ရွက်နေသော ယာဉ်ထိန်းရဲအား အမျိုးသားတဦးက ဓားဖြင့် ခုတ်ပြီး ထွက်ပြေးခဲ့ကြောင်း သိရသည်။
၎င်းအမျိုးသားအား သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံဖမ်းဆီးခဲ့ရာ အမောဖောက်သည့်လက္ခဏာ တွေ့ရှိရသဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု သိရသည်။ အဆိုပါအမျိုးသားသည် အသက် ၄၀ ခန့်ရှိပြီး ညနေ ၄ နာရီအချိန်ခန့်က ဆေးရုံတွင် သေဆုံးသွားကြောင်း သိရသည်။
မုံရွာမြို့နယ် အမှတ်(၁၁၂)ယ ာဉ်ထိန်းတပ်ဖွဲ့စုမှုး ရဲမှုးဇော်ဝင်းနိုင် က “သူ့ Mask တပ်မထားဘဲ အပြင်ထွက်တဲ့ အတွက် mask တပ်ဖို့ ကျနော်တု့ိတပ်ကြပ်ကြီးက ပြောတာ။ အဲဒါကို သူက အိမ်ပြန် ဓားသွားယူပြီး နောက်တခေါက်ပြန်လာပြီး ဓားနဲ့လာခုတ်တာ။ ဓားက ၃ ပေလောက် ရှိတယ်။ ဒါပေမဲ့ ရှောင်လိုက်တော့ ကြီးကြီးမားမားဒဏ်ရာမရဘဲ နောက်ကျောမှာပဲ ပွန်းခြစ်ရာဖြစ် သွားတယ်” ဟု ဧရာဝတီကို ရှင်းပြသည်။
မုံရွာမြို့တွင် နေ့စဉ် ကိုဗစ်ရောဂါကာကွယ်တားဆီးရေးပညာပေးလုပ်ငန်းများ သက်ဆိုင်ရာရပ်ရွာ အုပ်ချုပ် ရေးအဖွဲ့များ၊ ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်၊ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့် ဆောင်ရွက်လျက်ရှိ သည်ဟု သိရသည်။