တပ်မတော်က ဖမ်းဆီးသွားသည့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှ ကျောက်ဆိပ်ရွာသား ၄၀ ခန့် အနက်မှ ၃၃ ဦး ပြန်လွတ်လာပြီဖြစ်ကြောင်း မိသားစုဝင်များထံမှ စုံစမ်းသိရှိရသည်။
ကျောက်ဆိပ်ကျေးရွာသို့ ဧပြီ ၁၉ ရက်နေ့ မနက်ပိုင်းက တပ်မတော်သားများ ဝင်ရောက်လာကာ ကျေးရွာသားများကို အုပ်ချုပ်ရေးမှူး နေအိမ်၌ စုဆောင်းပြီး အပြန်တွင် ဖမ်ဆီး ခေါ်ဆောင်သွားခြင်း ဖြစ်ပြီး ထိုအထဲမှ တချို့ကို ပြန်လွှတ် ပေးလိုက်ခြင်း ဖြစ်ကြောင်းသိရသည်။
ကျောက်ဆိပ်ရွာသား ဦးဘရွှေ က “ကျနော့်သား ၂ ယောက် ဒီနေ့ ညနေပိုင်းမှာ ပြန်လွတ်လာပါပြီ၊ ပြန်လွတ်လာတာ အားလုံး ၃၃ ပါ၊ ၅ ယောက်က ပြန်မလွတ်လာသေးဘူး” ဟု ဧရာဝတီသို့ပြောသည်။
အဆိုပါ ပြန်လွတ်လာသူများထဲတွင် ရိုက်နှက်ခံရမှုရှိသည့်အတွက် တချို့ ဒဏ်ရာရရှိမှုရှိကြောင်းလည်း မိသားစုဝင်များက ပြောကြသည်။
ဦးဘရွှေက “မနေ့က မနက် ၇ နာရီလောက်မှာ တပ်က ရွာထဲကို ဝင်ပြီးတော့ ခင်ဗျားတို့ကို ပြောစရာတွေ ရှိတယ်ဆိုပြီး အုပ်ချုပ်ရေးမှူး အိမ်မှာ စုပါတယ်။ အသက် ၄၀ လူတွေကို တဖက် စုတယ်။ အသက်၂၀ ကျော် ၄၀ ကြား လူတွေကို တဖက် စုပါတယ်။ သူတို့ နေ့လယ် ၁ နာရီလောက် ပြန်ထွက်သွားတဲ့အခါ ရွာက လူငယ် ၃၉ ဦးကို ကြိုးတုတ်ပြီး ခေါ်သွားပါတယ်။ အဲဒီအထဲမှာ ကျနော့်သား၂ ယောက်လည်း ပါသွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ကျောက်ဆိပ်ကျေးရွာသားများကို ဖမ်းဆီးထားသည် မှာ မှန်ကန်ပြီး၊ ရက္ခိုင်စစ်တပ် (AA) အဖွဲ့နှင့် ပတ်သက် ဆက်နွယ်သည့် မသင်္ကာဖွယ်ရာများ တွေ့ရှိရသည့်အတွက် ဆက် စပ်ဖော်ထုတ်နေခြင်းသာ ဖြစ်ပြီး ဥပဒေအတိုင်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၃၃ ဦးကို ပြန်မလွှတ်ပေးမီက ဧရာဝတီသို့ ပြောဆိုသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “အဓိကတော့ AA ပတ်သက်ပြီး မသင်္ကာဖွယ်ရာ တွေ့ရှိရတဲ့အတွက် ဖော်ထုတ်နေခြင်းသာ ဖြစ်တယ်။ စစ်ဆေး မေးမြန်းတာတွေကိုလည်း ဥပဒေ အတိုင်းပဲ ဆက်လက် ဆောင်ရွက်သွားမယ်။ စိစစ်တွေ့ရှိရင်လည်း ဥပဒေ အတိုင်းပဲ ဆောင်ရွက်သွားမယ်” ဟု ပြောသည်။
ဧပြီလ ၁၃ ရက် သင်္ကြန်ကာလ မနက်ပိုင်းကလည်း အဆိုပါ ကျောက်ဆိပ်ကျေးရွာအတွင်းသို့ လက်နက်ကြီး ကျည်ဆန် ၃ လုံး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၈ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးကျော် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည့်အတွက် လက်ရှိအချိန်အထိ ဆေးကုသမှုကို ခံယူနေရသည်။
ဒေသခံ ကျေးရွာသားများနှင့် ထိခိုက်၊ သေဆုံးသွားသူ မိသားစုဝင်များကတော့ အဆိုပါ ကျေးရွာအတွင်းသို့ ကျရောက် သည့် လက်နက်ကြီးမှာ ရွာနှင့်၂ မိုင်ခွဲ ကျော်အကွာတွင် တည်ရှိသည့် ပုဏ္ဏားကျွန်း အခြေစိုက် အမှတ် ၅၅၀ ခြေမြန် တပ် ရင်းမှ ပစ်ခတ်ခြင်း ဖြစ်သည်ဟု ဆိုကြသည်။
သို့သော်လည်း တပ်မတော် သတင်းပြန်ကြားရေး ဌာနကတော့ အဆိုပါ ကျောက်ဆိပ်ကျေးရွာ အနီးဝန်းကျင်တွင် ယင်းနေ့ က မည်သည့် ထိတွေ့ တိုက်ပွဲမှ ဖြစ်ပွားခြင်း မရှိသလို လက်နက်ကြီး ပစ်ခတ်မှုလည်း မရှိကြောင်း၊ တပ်မတော်နှင့် ပြည်သူ လူထုကြား အထင်အမြင် လွဲမှားစေရန် ရေးသား ပြောဆိုနေခြင်းသာ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာအတွင်း လက်နက်ကြီး ကျည်ဆန် ကျရောက်ပေါက်ကွဲသည့် ဖြစ်စဉ်နှင့် ပတ် သက်ပြီး ရခိုင်အမျိုးသားပါတီ (ANP) က ဧပြီလ ၁၇ ရက် ရက်စွဲဖြင့် သဘောထား ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ သည်။
အဆိုပါ ကြေညာချက်တွင် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာအား တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ မြန်မာ့တပ်မတော်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ ပြည်သူများ သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာ ရရှိခြင်း၊ နေရပ်စွန့်ခွာ ထွက် ပြေးသွားရခြင်းများအား စိစစ်အရေးယူပေးရန် မြန်မာနိုင်ငံ လူ့အခွင့်ရေး ကော်မရှင် အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးအား အလေးအနက် တောင်းဆိုကြောင်း ရေးသား ပါရှိသည်။
ဆက်စပ်ဖတ်ရှုရန်
ပုဏ္ဏားကျွန်းတွင် လက်နက်ကြီးကျ ၇ ဦးသေ၊ ၈ ဦး ပြင်းထန်ဒဏ်ရာရ
အစိုးရထောက်ပံ့ဆန် ထုတ်လာသော စစ်ဘေးရှောင်များကို တပ်က ဖမ်းဆီးစစ်ဆေး