ရခိုင်ပြည်နယ်အတွင်း ရောဂါခြေချုပ် ထားသူများ၌ COVID-19 ရောဂါပိုး ရှိမရှိ စစ်ဆေးရန် နမူနာ သယ်လာ သည့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO) ကားတစီး မင်းပြားမြို့နယ် ရာမောင်တံတားအနီး ပစ်ခတ်ခံရပြီး ယာဉ်မောင်း ကျည်ထိ ဒဏ်ရာဖြင့် ယနေ့နံနက်တွင် ဆုံးပါးသွားပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
ဆုံးပါးသွားသူမှာ WHO ကား ယာဉ်မောင်း ဦးပြည့်စုံဝင်းမောင် (အသက် ၂၈ နှစ်) ဖြစ်ပြီး ၎င်းသည် ဘယ်ဘက် တင်ပါး တွင် ကျည်ဖောက်ဝင် ဒဏ်ရာဖြင့် ဆုံးပါးသွားခြင်း ဖြစ်သည်ဟု သိရသည်။
ဦးပြည့်စုံဝင်းမောင်၏ ဖခင် ဦးဌေးဝင်းမောင်က“သားမောင်းလာတဲ့ ကားနား လက်နက်ကြီးကျတယ်တဲ့။ လက်နက်ကြီး တချက်မှန်ပြီး ကားပေါ်က ဆင်းတော့ လက်နက်ငယ်တွေ ထပ်မှန်တယ်တဲ့။ သူကတော့ ညကတည်းက မင်းပြား ဆေးရုံ မှာ သတိမရတော့တာ။ အခုမနက်မှာ ဆုံးသွားပြီ လို့ ကျနော်တို့ကို သတင်းပေးပါတယ်”ဟု ပြောပြသည်။
ဦးပြည့်စုံဝင်းမောင်သည် WHO ဝန်ထမ်းအဖြစ် ရခိုင်ပြည်နယ်တွင် တာဝန်ထမ်းဆောင် နေသည်မှာ ၂ နှစ် ရှိပြီဟု ဆို သည်။
မိသားစုဝင်များ အနေဖြင့် COVID-19 အတွက် စစ်ဆေးမည့် ပစ္စည်းများ ရန်ကုန်သို့ အရေးပေါ်ပို့ရန် ခရီးထွက်လာ သည် ဟု သိထားပြီး ပစ်ခတ်မခံရခင် မင်းပြားမြို့တွင် နေ့လယ်စာ ထမင်းစား ကားရပ်ချိန်ကလည်း ဖုန်း အဆက် အသွယ် ရှိခဲ့သည်ဟု ပြောသည်။
ဦးဌေးဝင်းမောင်က“အခု သားဒီလိုဖြစ်သွားတာနဲ့ ပတ်သက်ပြီး ကျနော်တို့ ဘယ်လိုပြောရမှာလဲ။ ဘာပြောရမှာလဲ။ ကျနော်တို့ ဘာမှ မပြောတတ်တော့ဘူး။ ဝန်ကြီးဌာနကတော့ တိုင်ပင်ပြီး သဘက်ခါကို ကျနော်တို့ နေတဲ့ ပြည်မြို့ကို အလောင်းကို ပို့ပေးဖို့ သဂြိုဟ်လို့ ရအောင် စီစဉ်ပေးမယ်တဲ့”ဟု ပြောဆိုသည်။
ဦးပြည့်စုံဝင်းမောင် မောင်းလာသည့် WHO ယာဉ်သည် ဧပြီ ၂၀ ရက်က မင်းပြားမြို့နယ် ရာမောင်တံတား အကျော်တွင် ပစ်ခတ်ခံရခြင်းဖြစ်ပြီး လမ်းဘေးသို့ တိမ်းမှောက်သွားခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ပစ်ခတ်ခံရမှုကြောင့် ဦးပြည့်စုံဝင်းမောင်အပြင် ကားပေါ်တွင် ပါလာသည့် ကျန်းမာရေး ကြီးကြပ် (၂) ဦးအောင်မျိုးဦး လည်း ကျည်ထိကာ လက်မ ပြတ်လုနီးပါးအထိ ဒဏ်ရာ ရရှိသွားသည်ဟု ဆိုသည်။
၎င်းတို့သည် ရခိုင်ပြည်နယ် စစ်တွေမြို့မှ ရန်ကုန်မြို့သို့ ပြေးဆွဲနေသည့် လေကြောင်းလိုင်းများ ရပ်တန့်ထားသဖြင့် COVID-19 ရောဂါပိုး စစ်ဆေးမည့် နမူနာများကို စစ်တွေမှ တဆင့် ကားဖြင့် ရန်ကုန်မြို့ရှိ ဓာတ်ခွဲခန်းသို့ ပို့ဆောင်ရန် သယ်ဆောင်လာကြခြင်း ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် COVID-19 ရောဂါပိုးနှင့် ပတ်သက်၍ သံသယလူနာ ၃၇ ဦး ရှိနေသည်ဟု ဆိုသည်။
ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက်တွင် WHO ကားကို ပစ်ခတ်သူများမှာ တပ်မတော်နှင့် တိုက်ပွဲ ဖြစ်ပွား နေသည့် ရက္ခိုင်စစ်တပ် (AA) တပ်ဖွဲ့ဝင်များ ဖြစ်သည်ဟု ရေးသားဖော်ပြထားသည်။
WHO ကား ပစ်ခတ်ခံရသည်မှာ ဧပြီ ၂၀ ရက် ညနေ ၅ နာရီဝန်းကျင်က ဖြစ်ပြီး လမ်းဘေးသို့ တိမ်းမှောက်သွားသဖြင့် ဧပြီ ၂၁ ရက်မှ ယာဉ်ကို ပြန်လည် သယ်ဆောင်ရမည်ဟုလည်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက“ဖြစ်စဉ်ကတော့ ညနေ ၅ နာရီလောက်မှာ ဖြစ်တာပဲ။ ရာမောင်တံတားကို စစ်တွေဘက်ကနေ လာရင် ကျော်သွားပြီး ဘယ်ဘက်ခြမ်းက တောင်ကုန်းပေါ်က ပစ်တယ် လို့ ပြောတယ်။ ရာမောင်တံတားမှာလည်း တပ်မတော် စစ်ကြောင်းတွေရော ယာဉ်တွေရော အပစ်ခံရတာ အကြိမ်ကြိမ်ရှိပြီ”ဟု ပြောသည်။
WHO ကားကို လှမ်းပစ်သည့် တောင်ကုန်းဘက်သို့ ဧပြီ ၂၀ ရက်ညပိုင်းက တပ်မတော်စစ်ကြောင်းများက သွားရောက် ရှင်းလင်းမှု ပြုလုပ်ခဲ့သဖြင့် တိုက်ပွဲများ ဖြစ်ပွားကာ တပ်မတော်သားတချို့လည်း ဒဏ်ရာ ရရှိထားသည်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောဆိုသည်။
ဒဏ်ရာရရှိထားသူ ဦးအောင်မျိုးဦးကိုလည်း မင်းပြားဆေးရုံမှ စစ်တွေဆေးရုံသို့ ပြောင်းရွှေ့ကာ ဆေးကုသပေးရန် အစိုးရ အာဏာပိုင်များက စီစဉ်နေသည်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုသည်။
AA ၏ သတင်းနှင့် ပြန်ကြားရေးဌာနက မင်းပြားမြို့နယ်တွင်း WHO ကား ပစ်ခတ်ခံရခြင်းနှင့် ပတ်သက်၍ သတင်း ထုတ်ပြန်ချက် တစောင် ထုတ်ပြန်ထားပြီး ထိုထုတ်ပြန်ချက်တွင် WHO ကားကို ပစ်ခတ်သည်မှာ ၎င်းတို့ တပ်ဖွဲ့ဝင်များ မဟုတ်ဘဲ တပ်မတော်မှ ပစ်ခတ်ခြင်း ဖြစ်သည်ဟု ရေးသားထားသည်။
AA ထုတ်ပြန်ချက်တွင် WHO ကားသည် တပ်မတော်ဂိတ်စခန်းတွင် ခွင့်ပြုချက်ဝင်တောင်းကာ ရာမောင်တံတားအား ဖြတ်သန်းလာနေစဉ် တပ်စခန်းတွင်းမှ လှမ်းပစ်ခြင်း ဖြစ်ပြီး ကားမှာ လမ်းဘေးသို့ ထိုးကျသွားခဲ့သည်ဟု ဖော်ပြသည်။
ပစ်ခတ်ခံရပြီး တနာရီခန့်အကြာတွင် ဒဏ်ရာရထားသည့် WHO ဝန်ထမ်း ၂ ဦးကို AA တပ်ဖွဲ့ဝင်များက ဆေးကုပေး ပြီး လုံခြုံသည့်နေရာသို့ ပို့ဆောင်ခဲ့ကြောင်းလည်း AA သတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
တပ်မတော်နှင့် AA သည် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ မှစ၍ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး ယနေ့အထိ ရခိုင် ပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ်တို့တွင် တိုက်ခိုက်နေဆဲ ဖြစ်သည်။
AA က ၂၀၁၉ ခုနှစ်အတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ နယ်ခြားစောင့် ရဲစခန်းများကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ ပြီး တပ်မတော် စစ်ကြောင်းများကို မိုင်းခွဲတိုက်ခိုက်ခြင်း၊ ရဟတ်ယာဉ်များကို ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်သည်။
တပ်မတော်ကလည်း တိုက်ပွဲကာလအတွင်း မြေပြင်ကြည်းတပ်အင်အားအပြင် ရေတပ်အင်အား၊ လေတပ်အင်အား များဖြင့် AA ကို တိုက်ခိုက်နေသည်။
မတ်လ ၂၃ ရက်တွင် သမ္မတ ဦးဝင်းမြင့်၏ အမိန့်ဖြင့် AA ကို မတရားအသင်း ကြေညာခဲ့ပြီး ပြည်ထဲရေး ဝန်ကြီးဌာန ကလည်း အကြမ်းဖက် အဖွဲ့အဖြစ် ကြေညာထားသည်။
ထို့ပြင် AA နှင့် ပတ်သက်သူများ၊ ဆက်သွယ်သူများ အားလုံးကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆို မည်ဟု အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုက ပြောဆိုထားပြီး ဧပြီလအတွင်း AA ကို ဆက်သွယ် သတင်းရေးသား ဖော်ပြသည့် သတင်း အယ်ဒီတာ ၃ ဦးကိုလည်း အကြမ်းဖက်မှု ပုဒ်မများဖြင့် အမှုဖွင့်ခဲ့သည်။
၂၀၁၅ ခု ဖေဖော်ဝါရီ ၁၈ ရက်က တပ်မတော်နှင့် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော်- ကိုးကန့်တပ်ဖွဲ့(MNDAA)တို့၏ ဖြစ်ပွားသည့် တိုက်ပွဲများကြား အရပ်သားများကို ကယ်ဆယ်ရေး လုပ်ဆောင်နေသည့် ကြက်ခြေနီယာဉ်တန်း လောက်ကိုင်နှင့် ကွမ်းလုံမြိုနယ် ကြားတွင် ပစ်ခတ်ရသဖြင့် ကြက်ခြေနီတဦး မျက်လုံးထိခိုက်သွားပြီး ၎င်းယာဉ်တန်းနှင့် လိုက်ပါလာသည့် သတင်းထောက်တဦးလည်း လက်တွင် ဒဏ်ရာရခဲ့သည်။
ထိုဖြစ်စဉ်တွင် ကြက်ခြေနီယာဉ်တန်းမှာ လုံခြုံရေးတပ်များကို တင်ဆောင်လာခြင်းမရှိဘဲ ကြက်ခြေနီ အမှတ်တံဆိပ်၊အလံ၊ ကြက်ခြေနီယူနီဖောင်းများဖြင့် သွားလာစဉ် အပစ်ခံရခြင်းဖြစ်ပြီး၊ တပ်မတော်နှင့် အစိုးရက MNDAA မှ ပစ်ခတ်ခြင်းဟု ပြောဆိုသော်လည်း MNDAA ကမူ ငြင်ဆိုခဲ့ပြီး တပ်မတော်အား ပြန်လည်စွပ်စွဲခဲ့သည်။
You may also like these stories:
ဖမ်းဆီးထားသည့် ရွာသား ၄၀ ခန့်မှ ၃၃ ဦး တပ်မတော် ပြန်လွှတ်ပေး
Mask တပ်ရန်ပြောသော ယာဉ်ထိန်းအား ဓားဖြင့်ပြန်ခုတ်သည့် အမျိုးသား သေဆုံး