ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ဒေသအနှံ့အပြားမှ လူပေါင်း ၈ ထောင်ကျော် အလုပ်လုပ်လျှက်ရှိသည့် ပုသိမ် စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံများ အားလုံးကို ယနေ့မှစတင်၍ ဧပြီလ ၂၅ ရက်နေ့အထိ ယာယီ ပိတ်သိမ်းထားကြောင်း သိရသည်။
ကူးစက်မြန် အဆုတ်ရောင်ရောဂါ COVID – 19 ကာကွယ်ရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ ပုသိမ်မြို့ စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံများ အားလုံးကို ၅ ရက်ကြာ ပိတ်သိမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်ငြိမ်းက“ကိုရိုနာ
ရောဂါ ကာကွယ်ရေးအတွက် စက်ရုံများကို ယာယီပိတ်သိမ်းခဲ့တာပါ။ ဒီကနေ့က စတင်ပြီး စက်ရုံအားလုံး ပိတ်တာ ဖြစ်ပါတယ်။ ဒီစက်ရုံတွေကို ဝန်ကြီးဌာနရဲ့အမိန့်ကြေညာစာအတိုင်း လိုက်နာဆောင်ရွက်ဖို့နဲ့ စစ်ဆေး မှု ခံယူပြီးမှ ဝန်ကြီးဌာနရဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီမှ စက်ရုံတွေကို ပြန်လည် ဖွင့်လှစ် ခွင့်ပြုသွားမှာ ဖြစ်ပါတယ်”ဟု ဧရာဝတီကို ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် တရုတ်၊ တောင်ကိုရီးယား၊ သီရိလင်္ကာစသည့်နိုင်ငံများမှ လာရောက် ရင်းနှီးမြှုပ် နှံလည်ပတ်နေသည့် အထည်ချုပ်စက်ရုံ ၈ ရုံရှိပြီး လက်ရှိတွင် အလုပ်သမားပေါင်း ၈ ထောင်ကျော်
အလုပ်လုပ်ကိုင်လျှက် ရှိကြောင်း သိရသည်။
အဆိုပါ အထည်ချုပ်စက်ရုံများအားလုံးကို သင်္ကြန်ပိတ်ရက်အဖြစ် ဧပြီလ ၁၀ ရက်နေ့မှ ၁၉ ရက်နေ့အထိ အချိန် ၁၀ ရက် ပိတ်သိမ်းထားခဲ့ပြီး ဧပြီ ၂၀ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ရန် ဧရာဝတီတိုင်းအစိုးရအဖွဲ့၊ အလုပ်သမားဌာန၊ စက်ရုံပိုင်ရှင်များနှင့် အလုပ်သမားများ ညှိနှိုင်းသဘောတူထားကြောင်း သိရသည်။
သို့သော် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဧပြီလ ၁၉ ရက်နေ့ ညပိုင်းတွင် စက်ရုံများ အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ COVID – 19 ကာကွယ်ထိန်းချုပ်ရေး အကြံပြုချက်များကို လိုက်နာဆောင်ရွက်မှု ရှိ၊ မရှိ စစ်ဆေးပြီးမှသာ စက်ရုံ၊ အလုပ်ရုံများကို ဖွင့်လှစ်ခွင့်ပေးရန် ညွန်ကြားခဲ့သည်။
ဝန်ကြီးဌာန၏ ညွှန်ကြားချက်မှာ နောက်ကျနေသည့်အတွက် ဧပြီလ ၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး အနှံ့အပြားမှ အလုပ်သမားများမှာ ပုသိမ်မြို့ရှိ အထည်ချုပ်စက်ရုံများသို့ လာရောက်အလုပ်ဆင်းကြရာ ဧပြီလ
၂၀ ရက်နေ့တွင် ပုသိမ်မြို့ရှိ၊ အထည်ချုပ်စက်ရုံများ ဖွင့်လှစ်လည်ပတ်ခဲ့ပြီးနောက် ယနေ့တွင် စက်ရုံများ ယာယီ ပိတ်သိမ်းခဲ့ခြင်း ဖြစ်သည်။
ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်ငြိမ်းက“စက်ရုံ၊ အလုပ်ရုံတွေကို စစ်ဆးဖို့ကိစ္စကို လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါက်တာစိုးဝင်းက တဆင့် ဝန်ကြီးချုပ်ထံ တင်ပြထားပါပြီ။ ဒီတပတ်အတွင်း စစ်ဆေးမှုတွေ ဆောင်ရွက်သွားမှာပါ”ဟု ပြောသည်။
အစိုးရ၏ အကြောင်းကြားမှု နောက်ကျသည့်အတွက် အထည်ချုပ်စက်ရုံ အလုပ်သမားများမှာ ဧပြီလ ၂၀ ရက်နေ့ တရက်သာ အလုပ်ဆင်းပြီး နယ်ပြန်ကြသူများရှိသလို ဝေးလံသည့်ဒေသမှ အလုပ်သမားများမှာ ပုသိမ်မြို့၊ စက်မှုဇုန်ရှိ ၎င်းတို့နေထိုင်ရာ အဆောင်များတွင် နေထိုင်ကာ စောင့်ဆိုင်းနေကြကြောင်း သိရသည်။
ပုသိမ်မြို့၊ Amava Apparel စက်ရုံ အထည်ချုပ်လုပ်သားများ သမဂ္ဂ ဥက္ကဋ္ဌ မအိမွန်စိုးက“ကျမတို့ စက်ရုံကတော့ ဧပြီ ၁၉ ကတည်းက စက်ရုံကို ၂၈ ရက်နေ့အထိ ပိတ်တဲ့အကြောင်း ကြိုအကြောင်းကြားလို့ အဆင်ပြေခဲ့တယ်။ ကျန်တဲ့ စက်ရုံတွေ ကတော့ ကြိုတင်အကြောင်းမကြားနိုင်တော့ ဧပြီ ၂၀ ရက်နေ့ အလုပ်ဆင်းကြတာပေါ့။ အခုတော့ နီးတဲ့လူလည်း ပြန်သလို၊ ဝေးတဲ့လူကျတော့လည်း အဆောင်တွေမှာ နေရင်းစောင့်နေကြတယ်”ဟု ပြောသည်။
မိမိတို့ စက်ရုံများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အကြံပြုချက်အတိုင်း ကိုရိုနာဗိုင်းရပ်စ် COVID – 19 ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပုသိမ်စက်မှုဇုန်ရှိ Myanmar Knitting အထည်ချုပ်စက်ရုံ မန်နေဂျာ ဦးသက်နိုင်က ပြောသည်။
“ကျနော်တို့စက်ရုံမှာ အလုပ်ဝင်ပြီဆိုတာနဲ့ တဦးနဲ့တဦး ၆ ပေခွာ ဝင်ခိုင်းတယ်။ နောက်ပြီး ကိုယ်အပူချိန် တိုင်းတယ်။ ပြီးတာနဲ့ လက်ဆေးခိုင်းပြီး Mask (နှာခေါင်းစည်း) ဝေပေးပါတယ်။ ဒါက ကိုဗစ်ရောဂါ စဖြစ် ကတည်းက လုပ်ခိုင်းခဲ့တာပါ။ အခုလည်း စက်ရုံမှာ လက်ဆေးကန်တွေ လုံလောက်အောင်၊ ထမင်းစားရာမှာ
အလုပ်လုပ်ရာမှာ ၆ ပေခွာ အလုပ်လုပ်နိုင်အောင် စီစဉ်နေပါတယ်”ဟု မန်နေဂျာ ဦးသက်နိုင်က ပြောသည်။
လတ်တလောတွင် ပုသိမ်စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံ ၇ ရုံမှာ ဧပြီလ ၂၆ ရက်နေ့ ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေပြီး သီရိလင်္ကာနိုင်ငံမှ ရင်းနှီးမြှုပ်နှံထားသည့် Amava Apparel စက်ရုံမှာ ဧပြီလ ၂၈ ရက်နေ့ ပြန်လည်ဖွင့်လှစ်ရန် စီစဉ်နေကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အထည်ချုပ်စက်ရုံများမှ တရုတ်စကားပြန် ၁ ဦးနှင့် အခြားအဆင့်
ဝန်ထမ်း ၂ ဦးတို့မှာ ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်းများ ခံစားခဲ့ရသည့်အတွက် ဧပြီလ ၁၅ ရက်နေ့တွင် ပုသိမ်မြို့၊ ပြည်သူ့ဆေးရုံကြီး၌ သံသယလူနာများ အဖြစ် စောင့်ကြည့်ကာ ကုသမှုများ ခံယူခဲ့ရပြီး
ဓာတ်ခွဲစစ်ဆေးမှုအရ အဆိုပါ သံယလူနာ ၃ ဦးတွင် COVID – 19 ရောဂါပိုး မတွေ့ရကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်နေ့မှ ဧပြီလ ၂၀ ရက်နေ့အထိ ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် COVID – 19 ရောဂါပိုးရှိသူ ၁၁၉ ဦး တွေ့ရှိထားပြီး အဆိုပါလူနာများအနက် လူနာ ၅ ဦး သေဆုံးခဲ့သည်။
ဆက်စပ်ဖတ်ရှုရန်
ပုသိမ် Amava အထည်ချုပ်စက်ရုံမှ လုပ်သား ၄၅၀ ကျော် အလုပ်ရပ်နားခံရ